Monday, January 13, 2014

သရုပ်ဆောင် ပြေတီဦးနှင့် တွေ့ဆုံခြင်း

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် လက်ပံ ရုပ်ရှင် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော သရုပ်ဆောင် ပြေတီဦးနှင့် တွေ့ဆုံပြီး အကယ်ဒမီဆု ရရှိသည့်အတွက် ခံစားမှု၊ အဆင့်မီ မြန်မာရုပ်ရှင် ဇာတ်ကားများ ထွက်ပေါ်လာရေးအပေါ် သူ၏ အမြင်နှင့် ဇာတ်ကောင် စရိုက်များအပေါ် သူ၏ အာရုံဝင်စား သရုပ်ဆောင်မှုတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice : ပြန်ကြားရေးဝန်ကြီးဌာနက နောက်ဆုံး တာဝန်ယူ ချီးမြှင့်ပေးခဲ့တဲ့ အကယ်ဒမီပေး ပွဲက နောက်ဆက်တွဲ ဂယက်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဂယက်တွေထဲက တစ်ခုဖြစ်တဲ့ အမျိုးသား ဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆုနဲ့ ဇာတ်ကားဆုတွေ မချီးမြှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ကိုပြေတီဦးရဲ့ အမြင်လေးကို ပြောပြပေးပါဦး။
PTO : အစ်ကို့ အမြင်ကတော့ ဆုတွေအားလုံး အပြည့်အစုံပေးမယ် ဆိုရင်တော့ ပွဲကပိုကောင်းပြီး ပိုလှတာပေါ့နော်။ ပရိသတ်လည်းပိုပြီး ကျေ နပ်တာပေါ့။ ဒါပေမဲ့ သူတို့မှာလည်း ဘယ်လိုစည်းမျဉ်း၊ စည်းကမ်းတွေ ဘယ်လို ဆုံးဖြတ်ချက်တွေရှိ လဲ အစ်ကိုတို့ မမြင်ရဘူးလေ။ တကယ်ဆုံးဖြတ်ခဲ့တဲ့ သူတွေပဲ သေချာ ပြောပြနိုင်ပါလိမ့်မယ်။ အစ်ကိုတို့ကျတော့ ဘာကိုမှ သေချာမသိထားတဲ့အတွက် အစ်ကို့အမြင်ကို ပြောပြဖို့ ခက်ပါတယ်။

Voice : အကယ်ဒမီ ပွဲမှာတုန်းက ဒီဆုက မမျှော်လင့်ဘဲ ရတဲ့ဆုပါလို့ အစ်ကိုပြောခဲ့ဖူးတယ်။ အစ်ကို့ တစ်ယောက်တည်း အမြင်က အမျိုးသား ဇာတ်ဆောင်ဆုကို ဘယ်သူတွေရမယ်လို့ ထင်ထားခဲ့ တာ လဲ။

PTO : အကယ်ဒမီပေးပွဲ မတိုင်ခင် ဆုရမယ်လို့ သတင်းထွက်တာက ကိုလူမင်းပေါ့နော်။ ဦးကျော်ဟိန်းလည်း ရနိုင်တယ်လို့ ကြားတယ်။ ဟိုအရင်ကလည်း ဦးညွန့်ဝင်းလည်း ရနိုင်တယ်လို့ သတင်းထွက်ခဲ့သေးတယ်လေ။ အဲဒီလို ရနိုင်တဲ့သူတွေ အများကြီးရှိတဲ့အတွက် အစ်ကို့ရဲ့စိတ် ကို လျှော့ထားခဲ့ပါတယ်။

Voice : အစ်ကို ကိုယ်တိုင်ကရော၊ အာဒံရယ် ဧဝရယ် ဒဿရယ် ဇာတ်ကားက မင်းထင်စည် ဇာတ်ကောင်စရိုက်နဲ့ လက်ပံဇာတ်ကားက ဆရာဝန်ကြီး ရာဇာကျော် ဇာတ်ကောင်စရိုက် နှစ်ခုမှာ ဘယ်ဇာတ်ကောင်စရိုက်ကို လုပ်ခဲ့ရတာ ပိုပြီးအားရလဲ။

PTO : အစ်ကို့အတွက်ကတော့ နှစ်ကားစလုံးမှာ သရုပ်ဆောင်ခဲ့ရတာကို အားရပါတယ်။ နှစ်ကား စလုံးကလည်း ကိုယ့်အတွက် အမှတ်တရ ဖြစ်စေပါတယ်။ ကိုယ့်အတွက် သရုပ်ဆောင်ရတာ ပိုပြီး ခက်ခဲတာကတော့ လက်ပံဇာတ်ကားက ဒေါက်တာရာဇာကျော် ဇာတ်ရုပ်က ကိုယ့်အတွက် ပိုပြီး ခက်ခဲတယ်။ သူက ခံစားချက်ကို ဖောက်ထုတ်လို့ မရဘူး။ ခံစားချက်ကို ဖော်ပြလို့ မရဘူး။ မျိုသိပ်ပြီး သရုပ်ဆောင်ရတာ ဆိုတော့လေ။ ဒီဇာတ်ရုပ်က သရုပ်ဆောင်ရတာ ပိုပြီးလည်း ခက်ခဲတယ်။ အန္တရာယ်များတယ်။ သူကအငြိမ်ဇာတ်ရုပ် ဖြစ်တဲ့အတွက် မလုပ်တတ်ဘူးဆိုရင် ကိုယ့်ရဲ့အိုက်တင် မပေါ်နိုင်တဲ့ အနေအထားမျိုးလေးတွေ ရှိတယ်။ အလှုပ်ဇာတ်ရုပ်ကတော့ သိပ်ပြီး စိတ်ပူစရာ မရှိဘူးလေ။ အခုလို အငြိမ်ဇာတ်ရုပ်နဲ့ အကယ်ဒမီ ထပ်ရတဲ့အတွက် အရမ်းကို ဝမ်းသာတယ်။ ဘဝမှာလည်း အကြီးမားဆုံး အမှတ်တရတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Voice : အစ်ကိုရိုက်တဲ့ ဇာတ်ကားအများစုက ခံစားချက်ကို ဖွင့်ထုတ်ပြီး အလှုပ်သရုပ်ဆောင်ရတာ များတယ်။ အငြိမ်ဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်ရတာ နည်းတယ်။ ဒါက အစ်ကိုကိုယ်တိုင်က အလှုပ် ဇာတ်ရုပ်ကို ပိုကြိုက်လို့လား။

PTO : အဲဒါကတော့ ကိုယ့်ကို လာပြတဲ့ ဇာတ်လမ်းတွေအပေါ် မူတည်ပါတယ်။ အစ်ကို့ကို လာပြတဲ့ ဇာတ်လမ်းတွေထဲမှာ ကိုယ်က ပေါက်ကွဲပြီး သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်မျိုးတွေ များနေတယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ ကျွန်တော်က ပေါက်ကွဲပြီး သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်မျိုးတွေကို ပိုကြိုက်ပါတယ်။ အငြိမ်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်မျိုးတွေလည်း ကြိုက်ပါတယ်။ လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ပရိသတ်တွေအတွက် ဇာတ်ရုပ်မျိုးစုံကို မျှပြီးရိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ပေါက်ကွဲပြီး သရုပ်ဆောင်ရတာကို ပိုကြိုက်တဲ့အတွက် အလှုပ်ဇာတ်ကားတွေ များသွားတာလည်း ဖြစ်နိုင်ပါတယ်။

Voice : တလောက ထွက်ထားတဲ့ အစ်ကိုနဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်တဲ့ ဆန်းပြားတဲ့အချစ် ဇာတ်ကားဆို ဇာတ်လမ်းလေး ဆန်းတယ်လေ။ ပရိသတ်တွေကို ခံစားမှုအသစ် ပေးနိုင်ဖို့အတွက် ဇာတ်လမ်းတွေကို အစ်ကို ဘယ်လိုရွေးရိုက်ဖြစ်လဲ။

PTO : ကိုယ့်ကိုလာပြတဲ့ ဇာတ်လမ်းတွေထဲမှာ ပရိသတ်တွေအတွက် ကြည့်ရတာ ထူးခြားမယ်ထင်တဲ့ ဇာတ်လမ်းတွေ၊ ဇာတ်လမ်းကောင်းလေးတွေ ပါလာရင်တော့ အစ်ကိုတို့က ဝမ်းသာတာပေါ့နော်။ ဇာတ်လမ်း ကောင်းလေးတွေ ရိုက်ရအောင်တော့ အစ်ကိုတို့လည်း ကြိုးစားရှာတာပဲ။ ဒါပေမဲ့ ဇာတ်လမ်းတွေရိုက်တာ များလာတဲ့အခါ ဇာတ်လမ်းရှားပါးမှု ပြဿနာက အစ်ကိုတို့ဆီမှာ တော်တော်ကြီးမားပါတယ်။ အဲဒီအထဲမှာ အဆင်ပြေဆုံးဖြစ်မယ့် ဇာတ်မျိုးတွေ ရွေးရိုက်ရတာပေါ့။

Voice : ဦးအောင်ကိုလတ်ရိုက်တဲ့ ကယန်းအလှ ဇာတ်ကားဆို ဒီနိုင်ငံမှာ ရိုက်နေကျ ပုံစံတွေကနေ ခွဲထွက်ပြီး အရပ်သူသရုပ်ဆောင်တွေနဲ့ပဲ၊ လူမျိုးစုတစ်စုရဲ့ အကြောင်းကို ရိုက်ပြသွားခဲ့ပြီး နိုင်ငံတကာမှာလည်း အောင်မြင်မှုရခဲ့တယ်။ ဒီလို ဇာတ်ကားမျိုးတွေများများ ပေါ်လာဖို့၊ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေ အဆင့်အတန်းမီတဲ့ ဇာတ်ကားတွေဖြစ်ဖို့ ဘယ်အချက်တွေကို ပြုပြင် ပြောင်းလဲရမယ်လို့ ထင်လဲ။

PTO : မြန်မာရုပ်ရှင်ဇာတ်ကားတွေ အဆင့်မီဖို့က ဒါရိုက်တာပညာတွေ၊ မီးအလင်းအမှောင်ပေးမှုနဲ့ ဆိုင်တာတွေ၊ နောက်ခံတေးဂီတနဲ့ ရိုက်ကွင်း အပြင်အဆင် ဖန်တီးမှုတွေကို နိုင်ငံတကာမှာသွားပြီး စနစ်တကျ သင်ယူတတ်မြောက်ထားတဲ့ ပညာရှင်တွေ လိုတယ်။ ဒါတွေကို စနစ်တကျ သင်ယူတတ်မြောက် ထားတဲ့သူ အင်မတန်နည်းတယ်။ အစ်ကိုတို့က ပေးလာတဲ့ အခြေအနေ တစ်ခုပေါ်မှာပဲ မဖြစ်ဖြစ်အောင် ရိုက်ကူးနေရတဲ့ အခြေအနေမျိုးလေ။ ကျွန်တော်တို့လူမျိုးက အရမ်းကို တော်တယ်လို့ ပြောလို့ရတယ်။

ကျွန်တော်တို့ အနေအထားမျိုးနဲ့ ပြည်ပနိုင်ငံကသူတွေ သွားရိုက်ခိုင်းကြည့် အားလုံးရူးသွားလိမ့်မယ်။ သူတို့ ဇာတ်ကားတွေ ကောင်းတယ်ဆိုတာ Facility ပံ့ပိုးမှုပိုင်း ၁၀၀ ရာခိုင်နှုန်းနဲ့ ကောင်းကြတာ။ အစ်ကိုတို့ဆီမှာက Facility ပံ့ပိုးမှုပိုင်း သုည အနေအထားနဲ့ ကောင်းအောင် ရိုက်ကြရတာဆိုတော့ ကွာခြားမှုကတော့ ရှိမှာပဲ။ သူတို့နိုင်ငံတွေမှာ ရိုက်နေတဲ့ စံနှုန်းအတိုင်း ရိုက်နိုင်ဖို့ဆိုရင် ကျန်တဲ့အပိုင်းတွေအားလုံး Upgrade လုပ်ဖို့လိုတယ်။ အဲဒါတွေ အားလုံး ဖြည့်တင်းပြီးမှပဲ ဖြစ်နိုင်လိမ့်မယ်။ နိုင်ငံတကာ အဆင့်မီ ကားတစ်ကားကို ရိုက်ပြပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံက ပရိသတ်ကတော့ ကြိုက်ချင် ကြိုက်လိမ့်မယ်။ သူတို့နိုင်ငံက ပရိသတ်တွေ ကြိုက်ဖို့ကတော့ မသေချာဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ သွားနေတဲ့ Trend ရှိတာကိုး။ ယဉ်ကျေးမှုမတူရင် အက်တင်လည်း မတူဘူးလေ။ သူတို့ဆီမှာက ဘေးကပံ့ပိုးမှုတွေ အရမ်းများတယ်။ ပရိသတ် ရင်ထဲရောက်ဖို့ ဇာတ်ကားတစ်ကားကို ၆၀ ရာခိုင်နှုန်း အားထုတ်ရမယ်ဆိုရင် သရုပ်ဆောင်တွေက ၃၀ ရာခိုင်နှုန်းလောက်ပဲ လုပ်ရတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို သူတို့က Dubbing တွေ၊ Camera Work တွေ၊ Lighting တွေနဲ့ ပို့တယ်။

ကျွန်တော်တို့ ဆီမှာကျတော့ ၆၀ ရာခိုင်နှုန်းလောက် သွားချင်ရင် သရုပ်ဆောင်တွေက ၅၅ ရာခိုင်နှုန်းလောက် လုပ်ရတယ်။ စက်မှုပိုင်း၊ ကင်မရာပိုင်း စသည်ဖြင့် ကိုယ့်ရဲ့ သရုပ်ဆောင်မှုပိုင်းကို ပို့ပေးနိုင်တာက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့သရုပ်ဆောင်မှုတွေက သူတို့အမြင်နဲ့ ကြည့်ရင် အိုဗာနည်းနည်း ဖြစ်တယ်လို့ မြင်ကြမှာပေါ့။ နိုင်ငံတကာ အဆင့်မီ ကားတစ်ကား ရိုက်မယ်ဆိုရင် ကျွန်တော်တို့ကတော့ အကောင်းဆုံး ကြိုးစားမှာပဲ။ ဒါပေမဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်လို့ မှားသလား၊ မှန်သလားဆိုတာ ကျွန်တော်တို့က မသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က စနစ်တကျ သင်ကြားခဲ့ရတာ မဟုတ်ဘူး။ မှန်တယ်ထင်တာကို ကျွန်တော်တို့က လုပ်နေကြရတာကိုး။ မြန်မာဇာတ်ကားတွေ အဆင့်မီဖို့က ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲမှုတွေ လုပ်မှရမှာပါ။

Voice : ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ပြပုံ ဆန်းသစ်တဲ့ ဇာတ်ကားတွေ ထွက်မလာနိုင်တာက ဆင်ဆာ ကန့်သတ်မှုတွေကြောင့်လို့ အနုပညာရှင် တော်တော်များများက ပြောကြတယ်။ မြန်မာဇာတ်ကားတွေ မဲပြာပုဆိုး ဇာတ်လမ်းတွေထဲက ဖောက်မထွက်နိုင်တာ ဆင်ဆာ တစ်ခုထဲကြောင့်လို့ အစ်ကိုထင်လား။ ပြည်ပနိုင်ငံက ရိုက်တဲ့ ဇာတ်ကားအချို့ဆို ဇာတ်လမ်း ဇာတ်အိမ်က မထူးခြားပေမယ့် ရှုထောင့် အသစ်တစ်ခုက ရိုက်ကူးပြတဲ့အတွက် အောင်မြင်မှု ရသွားတာမျိုးတွေ ရှိနေတော့လေ။

PTO : အစ်ကိုတို့ကတော့ သရုပ်ဆောင်တွေ ဖြစ်တဲ့အတွက် ကာရိုက်တာတစ်ခု ရလာရင် သေသေကျေကျေ လုပ်မှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အနုပညာလောကမှာက လိုအပ်ချက် မြောက်မြားစွာ ရှိတယ်။ ဥပမာ- မြန်မာဘောလုံးအသင်းက ဘရာဇီးအသင်းကို နိုင်ချင်ပါတယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လောလောဆယ် အနေအထားမှာ သူ့အိုးနဲ့သူ့ဆန်တန် သလောက်ပဲ မျှော်မှန်းလို့ရမှာပဲ။ ဒါ ကျွန်တော်တို့ လူမျိုးက ညံ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာ။ ကျွန်တော်တို့ကို ပံ့ပိုးပေးထားတာလည်း ဒီလောက်ပဲ ပံ့ပိုးပေးထားတာ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့အနေအထားနဲ့ မြန်မာ့ရုပ်ရှင်ချက်ချင်း ကမ္ဘာကျော်ချင် ပါတယ်လို့ သွားမှန်းလို့ မရဘူး။ အခုက ကိုယ့်နိုင်ငံ အခြေအနေ၊ အနေအထားအရ သင့်တော်တဲ့ အဆင့်တစ်ခုမှာ ရှိနေတာပေါ့နော်။ နောက်အဆင့်တွေကတော့ တစ်ဆင့်ချင်း ကြိုးစားပြီး တက်သွားရမယ်။ အခုချက်ချင်း တိုင်းပြည်က ပြောင်းလဲသွားတယ်။ အခုချက်ချင်း ဟောလိဝုဒ် အဆင့်အတန်းမီတဲ့ ကားမျိုးရိုက်ပြဖို့ ဘယ်ဖြစ်နိုင်မလဲ။ ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမယ်။

Voice : အစ်ကိုတို့က တစ်လကို ဇာတ်ကားသုံးကား ဆက်တိုက် ရိုက်နေရတာဆိုတော့ ဇာတ်ကားတစ်ကား ရိုက်ပြီး နောက်တစ်ကားရဲ့ဇာတ်ကောင်စရိုက်အတွက် Mood သွင်းရတဲ့အခါမှာရော လွယ်ကူရဲ့လား။

PTO : ဇာတ်တစ်ဇာတ်ကို ဖတ်လိုက်တဲ့အချိန်မှာ ဇာတ်ကောင်ရဲ့ Mood ကိုရအောင် ဖမ်းနိုင်ရင် အဆင်ပြေပါတယ်။ သရုပ်ဆောင်ရဲ့ရင်ကို အထိခိုက်ဆုံး အချိန်က အဲ့ဒီဝတ္ထုကို စဖတ်တဲ့အချိန်ပဲ။ အဲဒီအချိန်က အရေးကြီးဆုံးပဲ။ အဲဒီမှာ ဒီဇာတ်ကားမှာ ငါဘယ်လို သရုပ်ဆောင်ရမလဲဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ပေါ်တာပဲ။ ဇာတ်ညွှန်းဖတ်တုန်းက ကိုယ်မှတ်သားခဲ့ရတဲ့ အချက်တွေကို ရိုက်တဲ့အချိန်မှာ ပြန်အသုံးချတာပဲ။

Voice : ဈေးကွက် အနေအထားအရ ဇာတ်ကားအတွက် ကုန်ကျစရိတ်ကို ချုံ့ပြီး ရိုက်ကူးရတဲ့ ဇာတ်ကားမျိုးတွေလည်း ရှိတယ်လေ။ အစ်ကို ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာရော စိတ်တိုင်းမကျဘဲ ရိုက်လိုက်ရတဲ့ ဇာတ်ကားက ဘယ်နှရာခိုင်နှုန်းလောက် ပါမလဲ။

PTO : အဲဒီလို ဇာတ်ကားမျိုးက ကျွန်တော့်ဘဝမှာ အရမ်းနည်းပါတယ်။ ကျွန်တော် ရိုက်ခဲ့သမျှကားတွေ အကုန်လုံးက များသောအားဖြင့် ကျွန်တော့်စိတ်တိုင်းကျ ရိုက်ခဲ့ရတာတွေချည်းပဲ။ စိတ်တိုင်းမကျဘဲ ရိုက်ခဲ့ရတဲ့ ဇာတ်ကားမျိုးက ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။

Voice : အစ်ကို့ကို အားပေးနေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။

PTO : ကျွန်တော့်ကို အခုအချိန်အထိ အားပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်တော့် ဘက်ကလည်း ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင် အစွမ်းရှိသလောက် ဆက်လက် ကြိုးစားပါဦးမယ်။


Written by သန့်ဇင်ဦး

No comments:

Post a Comment