Wednesday, January 15, 2014

NLD ပြောခွင့်ရအဖွဲ့ အကွဲအပြဲ ဖြစ် `ဟု ဆို


NLD ပါတီ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်း အပေါ် NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်များ ဟု သတ်မှတ်ထားကြသူများ အချင်ချင်း သဘောထား တင်းမာကာ အကွဲအပြဲများ စတင်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ပထမဦးစွာ ၅၉(စ) ပြင်ဆင်ပေး၇န် အလားအလာမကောင်းတော့သည့် အချိန်တွင် NLD ပါတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဦးဥာဏ်ဝင်းက ၅၉(စ)ပြင်ပြင်၊ မပြင်ပြင် ၀င်ကိုဝင်ရမည် ဟု ဖြေကြားခဲ့သည်။ အဆိုပါ ပွဲတွင် အခြား ပြောရေးဆိုခွင့် ရှိသူ ဖြစ်သော ဦးဝင်းမြင့်လည်း အတူတူ ရှိနေခဲ့သည်။ ဦးဥာဏ်ဝင်း၏ ပြောကြားချက် သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည့်အချိန်တွင် အပြောင်းအလဲများ ဖြစ်လာပြန်သည်။

NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးဝင်းမြင့်က မီဒီယာများအား ထပ်မံပြောကြားရာတွင် ဦးဥာဏ်ဝင်း၏ ပြောကြားချက်သည် တစ်ဦးတည်း သဘောထား ဖြစ်ကြောင်း၊ ပါတီ၏သဘောထား မဟုတ်ကြောင်း၊ ၅၉(စ) ပြင်ပြင် မပြင်ပြင် ၀င်ကိုဝင်မည် ဟူသည်မှာ NLD သဘောထား မဟုတ်ကြောင်း ပြင်ဆင်ပြောကြားခဲ့သည်။

ဦးဝင်းမြင့်၏ ပြောကြားချက် ထွက်ပေါ်လာသည့်အခါ မူလက ပြောကြားထားသည့် ဦးဥာဏ်ဝင်းအနေဖြင့် များစွာ အရှက်ကွဲခဲ့ရကြောင်း သိရသည်။

"အမှန်တော့ ဦးဥာဏ်ဝင်း ဆိုတာ အရင်ကတည်းက ဒေါ်စု အကျယ်ချုပ် ကျခံနေတဲ့ တောက်လျှောက်မှာ NLD အတွက် အပင်ပမ်းခံပြီး လုပ်ခဲ့တဲ့ သူတစ်ယောက်ပါ။ ဦးဝင်းမြင့် ဆိုတာကတော့ လွှတ်တော်ထဲ ဒေါ်စုရောက်ပြီးမှ ဒေါ်စုနဲ့ ရင်းနှီးတယ် ဆိုပြီး ပါတီမှာ စွာကျယ် စွာကျယ် လုပ်လာတဲ့သူပါ။ ဦးဥာဏ်ဝင်းနဲ့ ဘယ်ယှဉ်နိုင်မလဲဗျ။ ဦးဥာဏ်ဝင်း ပြောတာကို သူက မဟုတ်ပါဘူး ထွက်ပြောတော့ ဦးဥာဏ်ဝင်း တော်တော်လေး ဒေါသထွက်နေတယ်။ ဒါ သူ့ကို သက်သက်မဲ့ အရှက်ခွဲတာပဲ ဆိုပြီး ပြောနေတယ်။ ခင်ဗျားတို့ အသိပဲလေ။ အရင်တုန်းက ဒေါ်စုစကား၊ ဒေါ်စု သဘောထားဆိုတာ ဦးဥာဏ်ဝင်းပါးစပ်က ထွက်လာတာချည်းပဲ။ ၂၀၁၀ မှာ ၀င်မလား၊ မ၀င်ဘူးလား ဆိုတဲ့ ဆုံးဖြတ်ချက်ကို သယ်ဆောင်လာခဲ့တာ ဘယ်သူလဲ ဦးဥာဏ်ဝင်းပဲလေ။ မဟုတ်ဘူးလား။" ဟု NLD လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"တစ်ကယ်တမ်းတော့ အသစ်နဲ့ အဟောင်း ပြဿနာပါ။ နောက်ပေါက်တွေက ဒေါ်စု မျက်နှာသာပေးတာကို အကြောင်းပြုပြီး လူဟောင်းတွေကို နင်းနေတာ။ အဲဒီ လွှတ်တော်ထဲ ရော်ကနေတယ် ဆိုတဲ့ လူသစ်တွေ ၊ သူတို့နေရာမှာ ဘယ်လိုလူပဲ ၀င်ပြိုင်ပြိုင် အနိုင်ရမှာပဲ။ လူတွေက သူတို့ကို ကြည့်ပြီး မဲပေးတာမှ မဟုတ်တာ။ ဒေါ်စုပါတီကလူ ဆိုတာကိုပဲ ပေးတာ။ ခင်ဗျား ၀င်ပြိုင်လည်း နိုင်မှာပဲ၊ ကျွန်တော် ၀င်ပြိုင်လည်း နိုင်မှာပဲ။ ဒီနောက်မှာ နဲနဲလေး ထောင်ထောင် ထောင်ထောင် ဖြစ်လာတာပါ။ နှစ်ပေါင်းများစွာ ထောင်ကျ တန်းကျ ဒုက္ခခံခဲ့ရတဲ့ ရဲရဲတောက် NLD တွေ ချောင်ထိုးခံထားရတယ်။ အခုကိစ္စလဲ ဒေါ်စု ဘယ်ဘက်ကို လိုက်ပြီး ရပ်တည်မလဲ ဆိုတာ အရေးကြီးတယ်။ ဦးဝင်းမြင့်ဘက်ကို လိုက်ပြီး ဦးဥာဏ်ဝင်းကို ပြောပြီ ဆိုရင်တော့ NLD ထဲမှာ ပြဿနာ အကြီးကြီး တက်လာတော့မယ်။ သေချာတယ်" ဟု ရှေ့မီနောက်မီ NLD ပါတီဝင်တစ်ဦးက ပြောသည်။

ယ.နေ့ ဦးဥာဏ်ဝင်းသည် ရွေးကောက်ပွဲ ၀င်ကို ၀င်ရမည် ဟု ထပ်မံ ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ် ပြောကြားချက်များနှင့် ကွဲလွဲနေပြန်သည်။

NLD ပါတီ၏ သြဇာရှိ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝင်းတင်ကမူ CEC အစည်းအဝေး ဆုံးဖြတ်ချက်များကို သက်သေထား၍ ဦးဥာဏ်ဝင်းဘက်မှ ၀င်ရောက် ရှင်းလင်းပြောကြားခဲ့သော်လည်း ဒေါ်အောင် ဆန်းစုကြည်ဘက်ကမူ မည်သို့ ဆုံးဖြတ်မည် မသိရသေးပေ။

လက်ရှအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်နှင့် လူသစ် ဦးဝင်းမြင်တို့က ရွေးကောက်ပွဲ ၀င်မည် ဟု မပြောသေးဘဲ ဦးဝင်းတင်နှင့် လူဟောင်း ဦးဥာဏ်ဝင်းတို့က ပြင်ပြင် မပြင်ပြင်ဝင်မည့်ဘက်တွင် ရပ်တည်လျက် ရှိကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment