Wednesday, August 14, 2013

ဆန္ဒပြမှုကြောင့် ကင်တားနားနှင့် မြို့မိမြို့ဖများ တွေ့ဆုံ မည့် အစီအစဉ်ဖျက်သိမ်း

လူ့အခွင့်အရေး ကိုယ်စားလှယ်
 ကင်တားနားသည် ရခိုင် တိုင်း
ရင်းသားများ ကို အကြမ်းဖက်
သူများ အဖြစ် စွပ်စွဲထားပြီး 
ဘင်္ဂါလီများကို နိုင်ငံသား ဖြစ် ခွင့်ပေးရန် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် ပြောဆိုခြင်း အပါအဝင် ဘင်္ဂါလီများအတွက် ဘက်လိုက် လုပ်ဆောင်နေသည် ဟုဆို ကာ ယင်းသို့ ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း စစ်တွေ့မြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောကြား သည်။စစ်တွေမြို့၌ သြဂုတ်လ ၁၃ရက်နေ့ ကင်တားနားနှင့် မြို့မိမြို့
ဖများ တွေ့ဆုံ မည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းထားကြောင်း ၎င်းက ဆိုသည်။
  ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ်လ ၁၂ရက်နေ့တွင် ရောက်ရှိနေသည့်ကုလသမဂ္ဂအထွေထွေ  အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တား နားကို မြို့ခံ ၅၀ကျော်က ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်ခဲ့ သူ ဒေါ်ညိုအေး က ပြော ကြားသည်။
ကင်တားနားကို စစ်တွေမြို့ လေဆိပ်မှ အထွက်တွင် အမျိုးသမီး အများစု ဖြစ်သော မြို့ခံ ၂၀ ခန့်က ကန့်ကွက်ကြောင်း၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး သင်္ဘောဆိပ်တွင် တစ်ကြိမ် မြို့ခံ ၃၀ကျော် က ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ရခိုင် အမျိုးသမီး ကွန်ရက် ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းက ဆိုသည်။ ဆန္ဒပြသူများသည် ဘင်္ဂါလီများကို သွေးထိုး လှုံ့ဆော်သူ ကင်တားနား ထွက်သွား၊ လူ့အခွင့်အရေး အလွဲသုံးစားလုပ်သူ ကင်တားနား ထွက်သွား၊ ကင်တားနား သင်၏ ဘက်လိုက် အကြံပြုချက်များကို အလိုမရှိ၊ ကင်တားနား ဘင်္ဂါလီအတွက် ပွဲစား မလုပ်နဲ့ ထွက်သွား၊ ဘင်္ဂါလီများကို ကင်တားနားနှင့် အတူ ခေါ်သွားရန် အချက် ငါးချက် ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။
ကင်တားနားက ဆန္ဒပြသူများနှင့် တွေ့ဆုံခဲ့ပြီး ၎င်း အစီရင်ခံစာ တင်ရာတွင် ဘက်ပေါင်းစုံက အသံများကို နားထောင်ပြီး လူ့အခွင့်အရေး အခြေအနေ များကို တင်ပြခဲ့သည်ဟု ပြောဆိုခဲ့ပြီး ယခု ခရီးစဉ်တွင်လည်း ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် ရှိကြောင်း၊ ယခုကဲ့သို့ ဆန္ဒ ထုတ်ဖော်ခြင်းကို လည်း ကြိုဆိုသည်ဟု ပြောဆိုကြောင်း ကင်တားနား ခရီးစဉ်တွင် လိုက်ပါ သွားသူ ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန ဆက်သွယ်ရေး အရာရှိ ဦးအေးဝင်းက ပြန်လည် ပြောဆိုသည်။
ကင်တားနားသည် သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိကာ ယင်းမှ တစ်ဆင့် ဘူးသီးတောင်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ခရီးစဉ်တွင် အကျဉ်းထောင် များ၊ ရခိုင်နှင့် ဘင်္ဂါလီ ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရ အဖွဲ့မှ သိရှိရသည်။ ကင်တားနားသည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၁ရက်နေ့တွင် ရောက်ရှိပြီး ရခိုင်ပြည်နယ်နှင့် မိတ္ထီလာ မြို့နယ်တို့တွင် မတူညီသော လူ့အဖွဲ့အစည်းများ ကြား ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို လေ့လာမည် ဖြစ် ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ကို လေ့လာ စစ်ဆေးမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ထားသည်။ ယခု ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ လေ့လာ တွေ့ရှိချက်များကို လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အစီရင်ခံမည် ဖြစ်ကြောင်း အဆိုပါ ကောင်စီထံမှ သိရှိရသည်။ ကင်တားနားသည်ရခိုင်ပြည်နယ်ရှိလူ့အခွင့်အရေးအခြေအနေများကို လေ့လာရန် လေးကြိမ်မြောက်  သွားရောက်ခြင်း ဖြစ်သည်။
From : ..the voice

No comments:

Post a Comment