Tuesday, August 27, 2013

ဒါလားဟဲ့ ….. ဖက်ဒရယ်နိုင်ငံ

ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်တာ ၃လ ၀န်းကျင်လောက်ရှိပါပြီ။ မြန်မာပြည် ကိုပြန်ရောက် လို့ ထူးထူးခြားခြားတွေ့လာရတာတွေ ကတော့ မော်တော်ကားလမ်းတွေကြပ်တာ၊ စည်းကမ်း မရှိတာတွေ အပြင် သတင်း စာတွေ၊ ဂျာနယ်တွေမှာ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု စတဲ့ စကားလုံးအသုံး အနှုန်းတွေ အများအပြား တွေ့နေရပေမဲ့လို့ လက်တွေ့ကျင့် သုံးလိုက်နာမှု မရှိတာတွေ၊ နောက်ပြီး လူလေး သုံးယောက်တစ်ပိုင်းနဲ့ အသင်းအပင်း ဖွဲ့စည်းနေ တာတွေ၊ NGO အဖွဲ့အစည်းမျိုးစုံ၊ ကျောင်းသားသမဂ္ဂပေါင်းစုံ၊ MPC ဆို တဲ့ ငြိမ်းချမ်းရေး စင် တာ တွေမှာဆွေးနွေးပွဲခေါင်း စဉ်တွေ အမျိုးမျိုးတပ်ပြီး အုပ်စုဖွဲ့ဆွေးနွေးနေတဲ့ ဆွေးနွေးပွဲတွေ၊ တိုင်းရင်းသားအဖွဲ့အစည်း အမျိုးမျိုးရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဆိုတဲ့အသံတွေ၊ ဆူညံရှုပ်ထွေးစွာ ကြားသိမြင်တွေ့ လာရပါတယ်။ အဲဒီ အထဲက အထူးခြားဆုံးနဲ့ စိတ်ဝင်စားဆုံးကတော့ မြန်မာပြည်ကို ပြည်နယ် (၈) ခုသတ်မှတ်ဖို့၊ တန်းတူ အခွင့် အရေးတွေပေးဖို့၊ ပြည်နယ်တွေအလိုက် ဗဟိုအစိုးရရဲ့ ထိန်းချုပ် မှုတွေ လျော့ပေး ဖို့၊ ပြည်နယ်တွေ ကိုယ်တိုင် သီးခြားလွတ်လပ်စွာ စီမံခန့်ခွဲနိုင်ခွင့်နဲ့ သယံဇာတ ခွဲဝေအသုံးပြုခွင့်တွေ စသဖြင့် တောင်းဆို လာတာတွေကို တွေ့ရတဲ့ အပြင် တစ်ပြိုင်နက်ထဲမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကလဲ တိုင်းရင်းသားလူမျိုးတွေအလိုက် အာဇာ နည်နေ့၊ ဘာနေ့၊ ညာနေ့ဆိုပြီး သူတို့ကိုယ်ပိုင် သတ်မှတ် ထားတဲ့နေ့တွေမှာ ကရင်တပ်မတော်၊ ကချင်တပ်မတော်၊“၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ရှမ်းပြည်တပ်မတော်စသည်ဖြင့်   မြန်မာနိုင်ငံအတွင်း ပြည်နယ်အလိုက် တပ်မတော်ပေါင်းစုံဖြင့် တရားဝင်၊ မ၀င် ဘေး ချိတ်ပြော ဆိုသုံးနှုန်းပြီး အခမ်းအနားတွေ ကျင်းပ လာနေ တာလည်း တွေ့နေရပါတယ်။ အလားတူ ပဲ မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်နဲ့သွားမှ ငြိမ်းချမ်းရေးရနိုင်မယ်။ ကျန်တဲ့နိုင်ငံရေးစနစ်နဲ့ သွားရင် ငြိမ်းချမ်းရေးမရနိုင်ဘူး ဆိုတဲ့ပြောဆိုသံတွေလဲ ကြားနေရပါတယ်။ ကျွန်တော့် အတွေ့ အကြုံ အနေနဲ့ ဒီမိုကရေစီဘိုးအေကြီးလို့ခေါ်လို့ရတဲ့ အမေရိကားမှာ ကြုံတွေ့ခဲ့ ရတာတွေကတော့ အမေရိက လည်း ဖက်ဒရယ်စနစ်ကျင့်သုံးတာပါပဲ။ ပြည်နယ်တွေကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ US Army ကိုတော့ ဗဟိုအစိုးရအဖွဲ့ကပဲ ချုပ်ကိုင် ထားတာ တွေ့ရပါတယ်။ အခု မြန်မာနိုင်ငံ မှာကြားနေရတဲ့ ကရင် တပ်မတော်၊ ကချင် တပ်မတော်တို့နဲ့ အလားသဏ္ဍာန်တူတဲ့ မေရီလန်းတပ်မတော်၊ ၀ါရှင်တန်တပ်မတော်၊ နယူးယောက် တပ်မတော်၊ တက္ကဆက်တပ်မတော် ဆိုပြီး ပြည်နယ်တွေကို အစွဲပြုခေါ်တဲ့ တပ်မတော်တွေကိုတော့ မကြားဖူးတာ အမှန်ပါ။ ကျွန်တော်တို့နိုင်ငံလိုချင်နေတဲ့ ဖက်ဒရယ်နိုင်ငံရေးစနစ်က ပြည်နယ်တွေကိုလည်း လွတ်လပ် စွာစီမံခန့်ခွဲပိုင်ခွင့်လည်း လိုချင်သေး၊ သီးခြား ပြည်နယ်တပ်မတော်ဆိုတာမျိုးလည်း လိုချင်နေသေး တာတွေ တွေ့နေ ရတဲ့အတွက် ဒါလားဟဲ့ … ဖက်ဒရယ်နိုင်ငံ လို့ မေးရ မလိုတောင် ဖြစ်နေကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

ရွှေဥသြ

No comments:

Post a Comment