Thursday, August 29, 2013

အခြေခံဥပဒေ ပြင်ဆင်စရာ မလိုဘဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်နိုင်ပြီ

သြဂုတ်လ (၂၈) ရက်နေ့ထုတ် The Messenger သတင်းစာ မှဖော်ပြသည်။လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်  များနှင့်  နိုင်ငံရေးပါတီများသာ မက နိုင်ငံ့အရေး ကို စိတ်ဝင်စား သူများ အားလုံး၏ ဆုံချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့ ရောက် ရှိနေလေပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အလေးထား ပြောကြားနေကြသည့် အထဲတွင် ဒေါ်အောင် ဆန်းစုကြည် နိုင်ငံတော် သမ္မတဖြစ်နိုင်စေရန် ပုဒ်မ ၅၉(စ)ကို ပြင် ဆင်နိုင်ရေးလည်း အဓိက ပါဝင်နေပါသည်။ ပြည်ထောင်စု လွှတ်တော်
နာယကကြီး သူရဦးရွှေမန်းကလည်း အလေးထား ဆောင် ရွက်ပေးမည်၊ အစိုးရ၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်သည်ဟု မကြာသေးခင်ကပင် သတင်းထောက်များနှင့်  တွေ့ ဆုံရာ၌ ထုတ်ဖော်ပြောကြား ထားပြီး ဖြစ်ပါသည်။ ပုဒ်မ ၅၉ (စ)၏ သက်ရောက်မှု လက်ရှိ မဏ္ဍိုင်ကြီးများ၏ လိုက်နာကျင့်သုံးမှုနှင့် နှိုင်းယှဉ် ဆန်းစစ်ကြည့်လျှင် အခြေခံဥပဒေ ပြင်ဆင်ရန်ပင် မလိုအပ်တော့သည့် အနေအထားများ တွေ့ရှိရပါသည်။ လွှတ်တော် ကိုယ်စားလှယ် အများစု သဘောတူ လျှင် ယင်းပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် မလိုအပ်သည့် အကြောင်းကို တွေ့မြင်သည့် အတိုင်း ရှင်းလင်း လိုပါသည်။ 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တင်သွင်းခဲ့သော `လွှတ်တော် ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေ´ ကြမ်းကို ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး - ရက်မြောက်နေ့ဖြစ်သော ၂၀၁၃ ရက် သြဂုတ်လ ၂၄ ရက်တွင် ပြည် သူ့လွှတ်တော်တွင် ဆွေးနွေး ပြီး ထိုဥပဒေကြမ်းအား ဆိုင်းငံ့ထား ရန် ပြည်သူ့ လွှတ်တော်က အတည်ပြုဆုံးဖြတ် ခဲ့ပါသည်။ 
ဇာတ်လမ်း၏ အစမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှ စပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ (ခ) တွင် ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားချက်များနှင့်အညီတာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဖော်ပြထား သည်။ ပုဒ်မ ၃၉၆ တွင် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို အောက်ပါအကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိကြောင်း ဖော်ပြထားသည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ 
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ခြင်း၊ 
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊ 
(၄) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းခြင်း၊ 
(၅) ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊ အခြေခံ ဥပဒေ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ် သော ဥပဒေများကို ပြဌာန်းရမည်ဟု ဖော်ပြထားပါသည်။ 
သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့်ဥပဒေကို အတည်ပြု ပြဌာန်း နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေမူကြမ်းရေး ဆွဲပြီး ထိုဥပဒေ ကြမ်းကို ပြည်သူများ လေ့လာသိရှိရန်နှင့် အကြံပြုနိုင်ရန်အတွက် (၃၀-၈-၂၀၁၂) ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့ ကြောင်း တွေ့ရှိရပါသည်။ (၆-၁၁-၂၀၁၂) ရက်တွင် ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး န၀မမြောက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် တွင် တင်သွင်းခဲ့သည်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိ ချက်များကို ကော်မတီက ပြည်သူ့လွှတ်တော်ကို အစီရင်ခံတင်ပြ ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အင်တာနက် ၀ဘ်ဆိုက်တွင် တွေ့ရှိရပါသည်။ 
သို့ရာတွင် ထိုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် ဆက်လက် ဆွေးနွေးခဲ့ခြင်း မရှိပဲ ဆိုင်းငံ့ ထားခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ၏ သတင်းစာ ရှင်းလင်းပွဲများတွင် သတင်းထောက်များ က ထိုဥပဒေကို ဆက် လက်ဆွေးနွေးခြင်း မရှိသည့်ကိစ္စကို မေးမြန်းသည့်အခါ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ထိုဥပဒေ သည် ခေတ်ကာလ အခြေအနေနှင့် မကိုက်ညီ၍ ဆိုင်းငံ့ ထားခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည် ကို တွေ့ရပါ သည်။ ထိုသို့ သတင်းထောက်များက လွှတ်တော်ဥက္ကဌကို ထိုဥပဒေကြမ်းကိစ္စ မေးမြန်းခဲ့ပြီး မကြာမီအတွင်း ပြည်သူ့ လွှတ်တော်က ထိုဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ 
၂၃-၈-၂၀၁၃ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ထိုဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာတွင် အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (ခ)ပါ " သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုံးတို့က တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ထံ တင်ပြရမည်" ဆိုသော အချက်အရ လက်မှတ်ထိုး တိုင်တန်း ရမည့်အရေ အတွက်သည် နည်းပါးလွန်းကြာင်း၊ တစ်ပါတီစနစ် ကျင့်သုံးခဲ့သည့် မဆလခေတ် အခြေခံ ဥပဒေပါ ပြဌာန်းချက် များကို ဆက်လက်သုံးစွဲ ထားခြင်းဖြစ်ပြီး တစ်ပါတီ စနစ်တွင် မဲဆန္ဒရှင် တစ်ရာ ခိုင်နှုန်း၏ ထောက်ခံမဲရရန် ခက်ကောင်း ခက်နိုင်သော်လည်း ယခု ပါတီစုံစနစ် ကျင့်သုံးသည့် ခေတ်တွင် တစ်ရာခိုင်နှုန်း၏ လက်မှတ် စုဆောင်းရန် မခက်ခဲကြောင်း၊ ထို့ကြောင့် အလွယ်တကူ လက်မှတ် စုပြီး တိုင်ကြားခြင်းများ များလာနိုင်ကြောင်း ၊ တခြားဒီမိုကရေစီ နိုင်ငံ အချို့တွင်လည်း ထိုသို့ ကိုယ်စားလှယ် အားတာဝန်က ပြန်လည် ရုတ်သိမ်းသည့် ဥပဒေများ ပြဌာန်းထားခြင်း ရှိသော်လည်း တိုင်တန်းသူ အရေ အတွက် သတ်မှတ်ချက် ထိုမျှမနည်းကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများ လုပ်နေပြီဖြစ် ကြောင်း၊ ထိုကာလအတွင်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆိုင်းငံ့ထား သင့်ကြောင်း ဆွေးနွေးသွားပါသည်။ 
ဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် ကိစ္စကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ကန့်ကွက် ဆွေးနွေး သွားခဲ့ပါသည်။ တပ်မတော်သား ကိုယ်စားလှယ်များက ယနေ့ လွှတ်တော်များသည် ပြည်သူလူထု ၏ ယုံကြည်ကိုးစားမှုကို တနေ့တခြားပိုမို ရရှိလာနေကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ အတွက် ဆက်လက်ဆွေးနွေး ဆောင်ရွက် သင့်ကြောင်း၊  တပ်မတော်သားများအား ဥပဒေ၊ စည်းကမ်းများနှင့် ကန့်သတ် ထိန်းချုပ်ထားသလို လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ထိန်းချုပ်သည့် ဥပဒေ ရှိသင့် ကြောင်း၊ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတများနှင့် အခြားသော ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များကို စွပ်စွဲပြစ် တင် လုပ်နိုင်ကြောင်း အခြေခံ ဥပဒေမှာ ပြဌာန်းသတ် မှတ်ထားကြောင်း ၊ လွှတ်တော် ကိုယ်စားလှယ် များကို မဲဆန္ဒ ရှင်ပြည်သူလူထုက တာဝန်မှ ပြန်လည် ရုတ်သိမ်းခွင့်သည် အခြေခံဥပဒေပုဒ်မ ၄ တွင် ပြဌာန်းထားသည့် " နိုင်ငံ တော် အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက် ပြီး နိုင်ငံတော် တဝှမ်းလုံး၌ တည်သည်" ဆိုသည်ကို ပြသည့်အချက် ဖြစ်ကြောင်း၊ အခြေခံဥပဒေ က ပေးထားသည့် ပြည်သူ များ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း မပြုသင့်ကြောင်း၊ အခြေခံဥပဒေ က ပေးထားသည့်အခွင့်အရေးကိုပိတ်ပင်ခြင်းသည်အခြေခံဥပဒေကို ကျော်လွန်ရာ  ရောက်ကြောင်း။ အာဏာသုံးရပ် အကြားတွင်လည်း အပြန်အလှန် Check and Balance လုပ်နိုင် ရေးအတွက် ထိုဥပဒေ ပြဌာန်းရေးဆက်လက် ဆောင်ရွက်သွားရန်လွှတ်တော်အားတိုက်တွန်းကြောင်း  ဆွေးနွေး သွားကြပါသည်။ 
မင်းလှ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက လွှတ်တော် ကိုယ်စားလှယ်များသည် စည်း ကမ်းမရှိရုံနှင့် လွှတ်တော် ကိုယ်စားလှယ် မဖြစ်ထိုက်ဟု မဆိုနိုင်ကြောင်း၊ လွှတ်တော်များ အနေဖြင့် တင်လာသည့် ဥပဒေတိုင်းကို ဆွေးနွေး အတည်ပြုပေးမည် မဟုတ်ကြောင်း၊ လွှတ်တော် ဥက္ကဌသည် အလွန်ပါဝါ ရှိကြောင်း၊ လွှတ်တော် ဥက္ကဌ တစ်ယောက်က ထိုဥပဒေကို ဆွေးနွေးရန် မသင့်ဟု ဆိုလျှင် မဲခွဲရန်ပင် မလိုကြောင်း၊ တစ်ရာခိုင်နှုန်းက တိုင်ကြားခွင့် ရှိသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေး သွားပါ သည်။ 
ကျောက်ဖြူ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဘရှိန်က လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းရန် ဆောင်ရွက်လျှင် ငွေကုန်ကြေးကျ များသည်ကို စဉ်းစားစရာ ရှိကြောင်း၊ စွပ်စွဲခံ ရသည့် ကိုယ်စားလှယ်ကိုလည်း ကာကွယ်ပေးရန် လိုကြောင်း ဆွေးနွေး သွားပါသည်။ 
တပ်မတော်သား ကိုယ်စားလှယ် လေးဦးနှင့် အရပ်သား ကိုယ်စားလှယ် နှစ်ဦး၏ ဆွေးနွေးမှု ပြီးနောက် ပြည်သူ့ လွှတ်တော် ဥက္ကဌက စက်ခလုပ် မသုံးဘဲ `ဥပဒေကြမ်း ကော်မတီရဲ့ သဘော ထားကို သဘောတူ ပါသလား၊ သဘောမတူသူ ရှိပါသလား´ မေးမြန်းခဲ့ရာ ကန့်ကွက်မည့် သူ မရှိသည့်အတွက် ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက် အတိုင်း ဥပဒေကြမ်းအား ဆိုင်းငံ့ ထားရန် လွှတ်တော်က အတည်ပြု ခဲ့ပါသည်။ 
ထူးခြားသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က (၆-၁၁-၂၀၁၂) တွင် ထိုဥပဒေကြမ်း အား ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့ရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးတီခွန်မြတ်က ကော်မတီ၏ စိစစ်တွေ့ရှိချက်ကို တင်ပြရာတွင် ဥပဒေကြမ်းအား မည့် သည့် နေရာများတွင် မည်သို့မည်ပုံ ဖြည့်စွက်ပြင်ဆင် သင့်သည်ဟုသာ တင်ပြခဲ့ပြီး ပါတီစုံဒီမို ကရေစီ စနစ်နှင့် မကိုက်ညီကြောင်း၊ တစ်ရာခိုင် နှုန်းဟု အခြေခံဥပဒေ တွင် သတ်မှတ် ထားခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ပါဝင်ခြင်းမရှိခဲ့ပဲ နောက်ထပ် ၁၀ လခန့် အကြာ (၂၃-၈-၂၀၁၃) ရက်တွင် ဥပဒေကြမ်း ကော်မတီက ထပ်မံရှင်းလင်း တင်ပြ သည့် အခါမှာ ထိုအချက်များ ပါဝင်လာခြင်း ဖြစ်ပါသည်။ ဦးတီခွန်မြတ်၏ ဖြည့်စွက်ချက်တွင် လက်မှတ် ရေးထိုး တိုင်ကြားပြီး Recall လုပ်ပါက စစ်ဆေးသည့် အခါ မမှန်ကန်လျှင် တိုင်ကြားသူများကို အရေးယူနိုင် မည့် အချက်ကို ထည့်သွင်းခဲ့ပါသည်။ ထိုသို့ ပြုလုပ်မှသာ မမှန်မကန် တိုင်ကြားမှု များ လျော့နည်းစေ မည်ဟု ၄င်းက ဆိုပါသည်။ သို့ဖြစ်၍ ဥပဒေကြမ်း ကော်မတီ၏ သုံးသပ်ချက် ၁၀ လအတွင်း ပြောင်းလဲ သွားရသည်မှာ မည်သည့် ပယောဂများ ပါရှိသနည်းဟု စဉ်း စား တွေးတောဖွယ်ရာ ရှိပါသည်။ 
မည့်သို့ပင် ဆိုစေကာမူ လွှတ်တော် ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကို ပြည်သူ့ လွှတ်တော်က ဆိုင်းငံ့ထား လိုက်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်၍ မပြီး မချင်း၊ အနည်းဆုံး ယခုလွှတ်တော် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ နှစ်ကုန် အထိတော့ တာဝန် မကျေ သော လွှတ်တော် ကိုယ်စားလှယ်များ ရှိပါကလည်း ကိုယ်စားလှယ် အဖြစ်မှ ဖြုတ်ချနိုင်တော့မည် မဟုတ်ပါ။ 
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေး အပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများ ရှိလာခဲ့သည့်တိုင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်း ခံရမည် ကို စိုးရိမ်စရာ မလိုဘဲ ဥပဒေပြုရေးနှင့် ထိန်းကျောင်းရေး တာဝန်များကို စိတ်ချ၊ လက်ချ ထမ်းဆောင် နိုင်ကြ တော့မည် ဖြစ်ပါသည်။ 
ယခုကာလတွင် လွှတ်တော်ပေါ်ပေါက်လာပြီ ဖြစ်၍ အပြန်အလှန်ထိန်းကျောင်းရေးစနစ် အသက်ဝင် လာ သည် ဟု ဆိုကြပါသည်။ ပြီးခဲ့သည့် (၂)နှစ်ခွဲကာလအတွင်း ဥပဒေပြု လွှတ်တော် အမတ်များအနေ ဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး(၂)ရပ်ကို ထိန်းကျောင်းသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြ သည်မှာ အားရဖွယ်ရာ ကောင်းလှပါသည်။ သို့သော် ထိန်းကျောင်းရေး တာဝန်ကို အလေးပေး လွန်းလျှင် မူလတာဝန်၊ အခြေခံ ဥပဒေတွင် အသေးစိတ် ဖော်ပြထားသော တာဝန်များ ဖြစ်သည့် ဥပဒေပြုရေး လုပ်ငန်း များ၌ အားနည်း သွားခြင်း ရှိ-မရှိကိုလည်း ပြီးခဲ့သည့် (၂)နှစ်ခွဲအတွင်း လွှတ်တော် ကိုယ်စားလှယ်များ တင် သွင်းသော ဥပဒေကြမ်းများ မည်မျှရှိသည်၊ ယင်းတို့အနက်မှ ဥပဒေ အဖြစ် မည်မျှ ဖြစ်လာသည် ဟူသော ကိန်းဂဏန်းများက ပြဆိုလျက် ရှိနေပါသည်။ 
ဥပဒေပြု အမတ်များ လက်ကိုင်ထားရမည့် ပေးထားချက် မူဘောင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါသည်။ ယခု ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို ပြန်ကြည့်လျှင်- 
(၁) အခြေခံဥပဒေ ပုဒ်မ ၁၂၅၊ ဇယား ၄ တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့် ရှောက်ပြီး” ဟု ပြဌာန်းထားပါသည်။ 
(၂) အခြေခံဥပဒေ ပုဒ်မ ၃၂၄ တွင် “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည် ဖြစ်သည်။” ဟု ပြဌာန်းထားပါသည်။ ယင်းပြဌာန်းချက်ကို လွှတ်တော်က ပယ်ချခဲ့ပြီး ခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ပါသည်။ (ပြဌာန်းချက်ကို မလိုက်နာ လျှင်လည်း ရနိုင်သည့် သဘော တွေ့ရှိရခြင်း)
(၃) အခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် “ပြည်ထောင်စု လွှတ်တော်သည် ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ ကိစ္စ များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်။” ဟု ပြဌာန်း ထားပါသည်။ ယင်းပြဌာန်းချက်မှ ရွေးချယ် တင်မြှေက်ခြင်း အတွက် လိုအပ်သော ဥပဒေကို နယကအစိုးရ လက်ထက်က ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း လွှတ်တော်ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ကျန်ရှိနေသည့် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းကို ပြည်ထောင်စု လွှတ်တော်က ပြဌာန်းရမည် ဖြစ်ပါသည်။ “ပြဌာန်းနိုင်သည်” မဟုတ်ဘဲ “ပြဌာန်း ရမည်” ဟု ဖော်ပြထားခြင်းကို ကြည့်လျှင် လုပ်ကို လုပ်ဆောင်ရမည့် အခြေခံဥပဒေက အပ်နှင်းထားသော တာဝန် ဖြစ်ကြောင်း ထင်ရှားနေပါသည်။ (သို့သော် ဥပဒေကြမ်း ကော်မတီ၏ သုံးသပ်ချက်ဖြင့် အဆိုပါ ပြဌာန်း ချက်ကို လိုက်နာခြင်းမရှိဘဲ ဆိုင်းငံ့ထား နိုင်ကြောင်း တွေ့ရှိရပါသည်။) 
(၄) ပြည်ထောင်စု လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များ၏ အခွင့်အရေးဖြစ်သော စွပ်စွဲ ပြစ်တင် ခြင်းကို ခုံရုံးနှင့် အငြင်းပွားမှုတွင် အသုံးပြုခဲ့ပြီး ဖြစ်ပါသည်။ အခြေခံဥပဒေတွင် အပြန် အလှန်ထိန်း ကျောင်းရေး ယန္တရားပီပြင်စေရန် ပေးအပ်ထားပြီး ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စား လှယ်များအား ဖြုတ်ချရန်အတွက် ပြည်သူများသို့ အပ်နှင်းထားခြင်း ဖြစ်ပါ သည်။ အဆိုပါ အခွင့်အရေးကို ပိတ်ပင်ခြင်း သည် အခြေခံဥပဒေအရ မည်သို့သော သဘော သက်ရောက်စေ သည်ကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနားလည်ကြမည် ဟု ယုံကြည်ပါသည်။ ယင်းအခွင့် အရေးပိတ်ပင်ခြင်းခံထားရသော ပြည်သူ များ အနေဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်ရမည် နည်း။ ဖြစ်နိုင်ဖွယ်ရာရှိသော နည်းလမ်းမှာ လူထု လမ်းပေါ်ထွက်ခြင်း ဖြစ်ပြီး ဤနည်းလမ်းကို မလွှဲမရှောင်သာ ရွေးချယ်စေရန် တွန်းပို့ရာ ရောက်ရှိစေ နိုင်ပါသည်။ (အခြေခံဥပဒေတွင် ပါရှိသော ဖြုတ်ချရန် နည်းလမ်းကို ပိတ်ပင်ထားပါက အခြေခံဥပဒေပါ အတိုင်းမဟုတ်သော ဖြုတ်ချရန်နည်းလမ်းများ ပေါ်ထွက် လာမည်။) 
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာကြရာတွင် လွှတ်တော် ကိုယ်စားလှယ်များ သည် ခြွင်းချက် ဖြစ်နေနိုင်ပါသလော။ ဥပဒေပြုရေး မဏ္ဍိုင်ကလွဲ၍ ကျန်မဏ္ဍိုင်များ၊ ကျန်ပြည်သူများအားလုံး သာလျှင် တိတိကျကျ လိုက်နာစေမည် ဆိုလျှင် အခြေခံဥပဒေမှာ မည် သည့် ကိန်းဆိုက်ရောက်သွားစေ ပါသနည်း။ အခြေခံဥပဒေကို လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် ပျက်ကွက်ရာ ရောက်စေနိုင်သည်များ လုပ် ဆောင်ခြင်း၊ အခြေခံဥပဒေကို ဆန့် ကျင်ဖောက်ဖျက်ခြင်း သို့မဟုတ် ဆန့်ကျင်ဖောက် ဖျက်ရာ ရောက်စေ နိုင်သော လုပ် ကိုင်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းတို့သည် လက်ရှိမြန်မာနိုင်ငံ၏ တရားဥပ ဒေစိုး မိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများအတွက် ကြီးမားလှသော ခြိမ်းခြောက် မှုများ ဖြစ် လာစေနိုင်ပါသည်။ 
ထိုနည်းတူစွာပင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ကို ယခုကဲ့သို့ အခြေအနေ၊ အချိန်အခါ နှင့် မကိုက်ညီသဖြင့် (၅)နှစ်လုံးလုံး ဆိုင်းငံ့ထား၍ ရသည်ဆိုလျှင်လူထုခေါင်းဆောင်ေ ဒ်ါအောင် ဆန်း စုကြည် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်ရေးတွင် ကန့်သတ် ချက်ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်နိုင် ရန် ရေ ရာသေချာခြင်း မရှိဘဲ ပြင်ဆင်ရန် ကြိုးစားမည့်အစား အခြေ အနေ၊ အချိန် အခါနှင့် မကိုက်ညီသည့်အတွက် ပုဒ်မ ၅၉(စ) ကိုလည်း ၂၀၁၆ ရွေးကောက်ပွဲမှစ၍ ၅ နှစ် ခန့် ဆိုင်းငံ့ပေး၍ မရဘူးလား ဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာပါသည်။ အခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် ၃၉၇ တို့ကို လိုက်နာစရာ မလိုလျှင် ပုဒ်မ ၅၉ ကိုလည်း လိုက်နာရန် လိုအပ်ပါသလော။ အခြေခံ ဥပဒေ သည် ဒီပုဒ်မများကို တော့ လိုက်နာပါ၊ ဒီပုဒ်မများကတော့ အခြေအနေအချိန်အခါအရ မလိုက်နာနဲ့ဦး ဟူ၍ ထားရှိနိုင်ပါ၏လော။ လက်ရှိ ဆောင်ရွက်ချက်များအရ ထားရှိနိုင်သည် ဆိုပါ လျှင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတ ဖြစ်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်စရာ မလိုတော့ပါ။ 
အလားတူ အခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာရမည့် နိုင်ငံသူ၊ နိုင်ငံသားများအပါအ၀င် မဏ္ဍိုင်ကြီး (၃) ရပ်စလုံး၊ တပ်မတော်နှင့် အခြားသော ကဏ္ဍပေါင်းစုံ၊ နယ်ပယ် ပေါင်းစုံတို့သည် လိုက်နာ စရာ မလိုတော့သည့် အနေအထားသို့ ချက်ချင်းလက်ငင်း ရောက်ရှိသွား စေနိုင်ပါသည်။ ထိုသို့ ရောက် ရှိသွားခဲ့ပါလျှင် မည်သူမျှ မလိုက်နာတော့သည့် အခြေခံဥပဒေသည် အခြေခံဥပဒေဟုပင် ခေါ်တွင်နိုင် တော့မည် မဟုတ်ပါ။ ဤသည်ကို နိုင်ငံတော် သမ္မတ အပါအ၀င် နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော် အကြီးအကဲများ၊ ဒေါ်အောင်ဆန်းဟုကြည် အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ မီဒီယာများ အပါအ၀င် အရပ်ဘက်လူ့ အဖွဲ့အစည်းများ အထူး အလေးထား စဉ်းစားရန် လိုအပ်ပြီဟု ယူဆမိပါသည်။ နိုင်ငံတကာက သြချယူရသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကသောင်းကနင်း အနေအထားသို့ ဆိုက်ရောက် သွားခြင်း မရှိစေရေးအတွက် ထိန်းနိုင်သူများက ၀ိုင်းဝန်းထိန်း သိမ်းစောင့်ရှောက် ပေးကြပါရန် ဤဆောင်း ပါးမှ တစ်ဆင့် တိုက်တွန်း တောင်းဆို လိုက်ရပါသည်။ 
နေထက်နီ

No comments:

Post a Comment