Monday, August 26, 2013

ရေစိုနေတဲ့ နှလုံးသားတစ်စုံကို ဘယ်သူစာနာနိုင်မလဲ


အခုတလော မြန်မာနိုင်ငံအနှံ့အပြားမှာရေတွေကြီးနေတာ သိရပါတယ်။ ခုရက်ပိုင်းအတွင်းမှာဆို နယ် တွေမပြောနဲ့ ရန်ကုန်မှာတောင်ရေကြီးနေလို့ ပြည်သူတွေသွားရလာရခက်ခဲနေတယ်တဲ့။ ဒီလိုပြည် သူ တွေ ဒုက္ခရောက်နေချိန်မှာ ကျနော်တို့တပ်မတ်ာသားတွေလည်းမနားရပါဘူး။ ခုလိုရေတွေကြီးတော့ ကျနော်တို့တပ်မတော်သားတွေ ရေကြီးတဲ့နေရာဆီ သွားကူညီခဲ့ရပါတယ်။
တချို့လူတွေ ဆီက ကျေးဇူးတင်တဲ့အပြုံးနဲ့ တုန့်ပြန်မှုလေးတွေရပေမယ့် တချို့ဆီကတော့ မယုံရဲတဲ့စိတ်နဲ့ ကျနော်တို့ ကူညီမှုအပေါ် သံသယမျက်လုံးတွေနဲ့ ကြည့်ခြင်းကိုခံရပါတယ်။ ကျနော်တို့က သူတို့ပစ္စည်းတွေကို ကိုယ့်ပစ္စည်းလည်းမဟုတ် မိုးထဲရေထဲ ကူညီထမ်းပိုးပေးဖို့ လက်ကမ်းယူတာကို ပစ္စည်းကိုပဲ အလစ် သုတ်တော့မလိုလို သံသယမျက်လုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါဟာတပ်မတော်နဲ့ပြည်သူ ကို ရန်တိုက်ပေးနေကြတဲ့လူတွေကြောင့် ငါတို့အပေါ်သူတို့ အထင် လွဲနေကြတာပါလို့တွေးပြီး ကိုယ်ကူ ညီရမှာကို စေတနာသန့်သန့်နဲ့ ကူညီခဲ့ပါတယ်။ကျနော်ဒါတွေကို ကိုယ့်ဂုဏ်ကိုယ်ဖော်ချင်လို့ ပြောပြ တာမဟုတ်ဘူး။ ကျနော်တို့စစ်သားတွေအပေါ် အကောင်းမမြင်တဲ့ တပ်နဲ့ပြည်သူကြား သွေးခွဲတဲ့ သူတွေကို ကျနော်တို့ရင် ထဲက ခံစားချက်ကို ပြောပြချင်တာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကစပြီး ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်း တာကြောင့် ရေကြီးရေလျှံ မှုတွေဖြစ်လို့ ပြည် သူတွေရေဘေးဒုက္ခခံစားခဲ့ရပါတယ်။ ပြည်သူတွေ အဲလို ဖြစ်တော့ ကျနော်တို့တပ်မတော်သားတွေလည်း မနေနိုင်ပါဘူး။ ပြည်သူတွေဒုက္ခရောက်ချိန်မှာ ကူညီရ မှာ တပ်မတော်ရဲ့တာဝန်ပါ။ ဖြစ်ချင်တော့ အဲချိန်ကြီးမှာ ကျနော့်ဇနီးက ကိုယ်ဝန်နေ့စေ့လစေ့ မနက် ဖြန်မွေးမလား၊ ဒီနေ့မွေးမလားဖြစ်နေတာပါ။ ကျနော့်မှာ ရေဘေး ခံစားနေရ တဲ့ ပြည်သူတွေ ကိုလည်း ကူညီချင်သေး၊ တဖက်မှာလည်းမိန်းမက နေ့စေ့လစေ့။ တပ်ခွဲမှူး ဗိုလ်ကြီးကလည်း ကျနော့်မိန်းမက ကိုယ်ဝန်နဲ့ဆိုတော့ မလိုက်ခဲ့ဖို့တားပါသေးတယ်။ ဒါပေမယ့် ကျနော်ခွင့်တောင်းပြီး လိုက်ခဲ့ပါတယ်။ ကိုယ့်ရဲဘော်ရဲဘက်တွေက ပြည်သူတွေကိုကူညီနေချိန်မှာ ကျနော်မိန်းမအနားမှာ ကိုယ်ရေးကိုယ် တာကိစ္စနဲ့ ကပ်မနေချင်ပါဘူး။
မိန်းမကတော့ ကျနော်မရှိတော့ မျက်နှာငယ်ငယ်နဲ့ ကျန်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ သူ့အတွက် စစ်သားမယားပီသခြင်းဆိုတာကို သူကောင်းကောင်းသိ ပါတယ်။ စိတ်မ ကောင်းဖြစ်ရပေမယ့်လည်း ကျနော့်ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါဘူး။ ပြည်သူတွေ မှာ ရေကြီး တာကြောင့် နေစရာအိမ်ကမရှိ၊ စားစရာကမရှိ။ ဒီချိန်မှာ သူတို့အတွက်အကူအညီလိုနေမှာပဲဆိုပြီး စစ်သား တစ်ယောက်အနေနဲ့ တတ်နိုင်သလောက်လေးကူညီဖို့ဆိုပြီး ကျနော် ရဲဘော်ရဲဘက်တွေနဲ့အတူ ရေကြီး တဲ့နေရာ ဆီလိုက်ခဲ့တာပါ။ ကျနော့်ကို မင်းလိုက်ကိုလိုက်ရမယ် ဒါအမိန့်ဆိုတဲ့ အထက်ကပေးတဲ့ အမိန့်နဲ့ ကျနော်လိုက်လာခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့တပ်ကိုလည်း ငြင်းမရတဲ့အမိန့်တွေနဲ့ အထက်ကလည်း ခိုင်းတာမဟုတ်ပါဘူး။ ကျနော်တို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေမှာရှိတဲ့ တပ်ရင်း/တပ်ဖွဲ့တွေက တပ်မတော်သားတွေအားလုံး ဒါငါတို့ပြည်သူ ငါတို့ကူညီရမယ်ဆိုတဲ့ ပရဟိတ စိတ်စေတနာနဲ့ လိုလိုချင်ချင် ကို ကူညီကြတာပါ။ အဲတာဟုတ်မဟုတ် အဲဒီတပ်တွေ မှာရှိတဲ့ စစ်သား ဘယ်သူမဆို ကိုအသိရှိရင် လှမ်းမေးလို့ရပါတယ်ဗျာ။

ဒါတွေကို တချို့ကအကောင်းမမြင်ကြဘူး။ တပ်မတော်က ဖော်ရှိုးလုပ်နေတာပါ။ ကူညီဟန်ဆောင်နေ တာပါတဲ့။ ကျနော်စိတ်မကောင်းပါဘူး။ ရင်လည်းနာတယ်။ ဒါပေမယ့် သူတို့အပေါ် မမုန်းတီးပါဘူး။ ကျနော်တို့မှာ ခုလိုတခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးမရခင် တောထဲမှာလည်း အငတ်ငတ်အပြတ်ပြတ် တိုက်ရတယ်။ မျက်စိရှေ့မှာကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်ကျနော့် သူငယ်ချင်း တွေ လည်း ရှိခဲ့ပါတယ်။
ခုလိုငြိမ်းချမ်းရေးတွေယူလို့တိုက်ပွဲမရှိချိန်မှာ မိသားစုအနား မှာ အေးအေး ဆေးဆေးနေ ချင်တာပေါ့။ ကျနော်တို့လည်း မိသားစုနဲ့ပါ။ သူများတွေလို ပျော်ချင်တယ်။ ကြည်နူးချင် တယ်။ ဒါပေမယ့်ခုလို ပြည်သူတွေရေဘေးခံစားနေရချိန် အဲတာတွေကိုဘေး မှာထားပြီး ပြည်သူ အတွက် မိုးထဲရေထဲ တနေကုန် ရေတွေစိုနေတဲ့ယူနီဖောင်းကို ညရောက်မှ ရေညှစ်ပြီး တန်းမှာ လှမ်း နောက်တစုံ လဲရပါတယ်။ လျှော်ဖို့လည်းအချိန် မရ။ နောက်နေ့ အတွက် ပြန်ဝတ် ဖို့ဆိုပြီး ရေညှစ် တန်းပေါ်လွှားထားရတာပါ။ ညရောက်ပြီဆို ကျနော်တို့မှာ ကိုယ့် ခြေထောက်ကိုယ်ပြန် ကြည့် ပြီး ရေ နဲ့ နူးနေတဲ့ ခြေဖ၀ါးကို ရေ၀ဲသဲဝဲမစွဲအောင် ဆေးလိမ်းရပါတယ်။ တချို့ရဲဘော်တွေဆို တနေ ကုန်ရေထဲမှာ နေရတာကြောင့် ခြေထောက်တွေမှာသဲဝဲတွေစွဲပြီး ဆေးဗိုလ်ကြီးက ဆေးထည့်ပေး ရပါတယ်။
ကျနော် တို့ အဲလိုဒုက္ခခံစားနေချိန်မှာ တချို့သူတွေက ရေဘေးလည်းမခံစားရ။ တိုက်ပေါ်မှာနေပြီး ကွန်ပျူတာ တလုံးနဲ့ ကျနော်တို့အပေါ် မကောင်းပြောကြတာတွေသိရကြားရတော့ စိတ်မကောင်းဖြစ်ရ ပါတယ်။ ဒါ တွေကို ကျနော်တို့ ဗိုလ်ကြီးကပြောပြလို့သိရတာပါ။ ငါတို့အပေါ်တချို့က အဲလိုမြင်နေကြ တယ်။ စေတနာမပါဘဲ အမိန့်ကြောင့်လုပ်နေရတဲ့ စစ်သားတွေပါလို့ ပြောကြတယ်။ ဒါပေမယ့် ငါတို့ပြည် သူ တွေ အပေါ် အမိအဖလိုသဘောထားပြီး ဘယ်လိုကူညီနေတယ်ဆိုတာ ငါတို့ကူညီခဲ့တဲ့ပြည်သူတွေ အသိ ဆုံး။ မင်းတို့ ဒါတွေကိုကြားရသိရပြီး ဒေါသမထွက်နဲ့။ ကိုယ်ကူညီစရာရှိတာကို စေတနာသန့်သန့် နဲ့ ကူညီကြ လို့ အားပေးပါတယ်။
ကျနော်တို့မှာ မိုးထဲရေထဲ တနေကုန်ရေစိုယူနီဖောင်းနဲ့ ထမင်းတောင် အချိန်မှန် မစားနိုင်ပါဘူး။ တချို့ပြည်သူတွေမှာ စားစရာမရှိလို့ ကျနော်တို့ရတဲ့ ရိက္ခာထဲကတောင် သူတို့ ကို ပြန်ကျွေး ရပါတယ်။ ဒီလိုတွေလုပ်နေရလို့ မင်းတို့ကို ဘယ်သူကခိုင်းလို့လဲ ပရဟိတအဖွဲ့တွေ အများကြီး မင်းတို့မကူညီလည်းရတယ်လို့ မပြောပါနဲ့။ ပြည်သူတွေဒုက္ခရောက်ပြီဆိုတာနဲ့ ကျနော်တို့ တွေဟာ ဘာအ ကျိုး မှ မမျှော်မှန်းဘဲ ကူညီဖို့အသင့်ပါ။ ကျနော်တို့တပ်မတော်ဟာ အရင်လို အရပ်ဖက် ကိုမအုပ်ချုပ်တော့ ဘဲ နိုင်ငံတော် ကာကွယ်ရေးအတွက် သွားနေတာပါ။ ပြည်သူကို ကူညီစရာရှိရင် ကူညီမယ်။ မရှိရင် တပ်နဲ့ ဆိုင်တဲ့ လေ့ကျင့်ရေးတွေလုပ်မယ်။ ဒါပါပဲ။

ဒီအချိန်မှာ ကျနော်တို့ကို အဆိုးမြင်၊ စစ်သားမြင်ရင်ရွံတယ်ဆိုတဲ့ သူတွေကို ကျနော် တောင်းပန်ချင်ပါ တယ်။ ကျနော်တို့လည်းလူသားတွေပါ။ အိပ်ယာထဲမှာ ဇိမ်ရှိရှိနေချင် ပါတယ်။ စားကောင်း သောက် ကောင်းတွေ လည်း စားချင်ပါတယ်။ ဗီဒီယိုရုပ်ရှင်တွေထဲကလို ယူနီဖောင်း ကျော့ကျော့မော့မော့ နဲ့ နေချင် ပါတယ်။ ဒါပေမယ့် ထမင်းကောင်း ဟင်းကောင်း မရှိ။ ရေစိုနေတဲ့ ယူနီဖောင်းတစ်စုံ။ မိုးမလုံတဲ့ မိုးကာတစ်ထည်။ သဲဝဲစားနေတဲ့ ခြေထောက်တစ်စုံနဲ့ အကျိုးကိုမျှော်ပြီး လုပ်နေတာ မဟုတ်ဘဲ သစ္စာ လေးချက်ကို ဦးထိပ်ထားပြီး ပြည်သူ့အတွက်တပ်မတော် ဆိုတဲ့ ကျနော်တို့ခံ ယူထားတဲ့ ယုံကြည်ချက် ကို မလေးစားရင်နေပါ။ မချီးကျူးချင်နေပါ။ ကျနော်တို့ ကို ပြည်သူ ထဲ ကပေါက်ဖွားတဲ့ တပ်မတော်သား တွေဆိုတဲ့ အမြင်လေးနဲ့ အဆိုးမမြင်ပေး ရင်ဘဲကျေနပ် ပါပြီ။
ဘယ်သူတွေဘာပဲပြောပြော ကျနော်တို့က တော့ ပြည်သူတွေဒုက္ခရောက်တိုင်း ရှေ့ဆုံးကနေကူညီပေးဖို့ အသင့်ရှိနေမှာပါ။ ဒါတွေကို ဘယ်မီဒီယာ မှလည်း မဖော်ပြခဲ့ပါဘူး။ ဘယ်ဂျာနယ်မှ လည်း ဖော်ပြ ချီးကျူးတာမခံခဲ့ရပါဘူး။ ဒါပေမယ့် ကျနော်တို့ ကူညီခဲ့တာတွေကို အကူအညီရခဲ့ တဲ့ ပြည်သူတွေ အသိဆုံးပါ။ ဒီစာကိုမရေးခင် မနေ့ကဘဲ ကျနော့် မိန်းမကလေးမွေးသွားပါပြီ။ ယောင်္ကျားလေးတဲ့။ တပ်ကနေ ဗိုလ်ကြီးဆီဖုန်းလှမ်းဆက်လို့ ကျနော်သိရ တာပါ။ ကျနော်ကလေးမျက်နှာ မမြင်ရသေးပါဘူး။ ဒါပေမယ့် ကျနော့်သားလေးကြီးလာရင်လည်း ကျနော့်လို ပြည်သူ့အတွက် တပ်မတော်သားဖြစ်အောင် ကျနော် ပျိုးထောင်ပေးသွားမှာပါ။ အဲချိန်ကျ ရင်တော့ ကျနော်တို့တပ်မတော်သားတွေအပေါ် အဆိုးမြင်နေတဲ့ သူတွေလည်း ကျနော်တို့တပ်မတော် ဟာ ပြည်သူ့အတွက် ရှေ့ဆုံးကနေ အမြဲရပ်တည်နေ တဲ့ တပ်မတော် ဆိုတာ ယုံကြည်နေကြပြီလို့ ရေစိုနေတဲ့ နှလုံးသားတစ်စုံနဲ့ မျှော်လင့်မိပါတယ်ဗျာ။

တပ်မတော်သားတစ်ဦး
မှတ်ချက်။ အထက်ပါစာအား တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦး ပေးသောလက်ရေးနဲ့ စာအား တဆင့် ပြန်လည်ရိုက် နှိပ်ပေးပို့ပါသည်။

နိုင်ငံသစ်

No comments:

Post a Comment