Thursday, August 15, 2013

သမ္မတဦးသိန်းစိန်နှင့် ဂျပန်ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ၀န်ကြီးတို့ တွေ့ဆုံပြီး ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များဆွေးနွေး

နေပြည်တော် သြဂုတ် ၁၂      
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး H.E. Mr. Akihiro OHTA   ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
       
ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ဆက်ဆံရေး သမိုင်းကြောင်း ရှည်လျားစွာ ရှိခဲ့သော  မိမိတို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်လာခဲ့သည်မှာ (၅၉) နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အစဉ်တစိုက် အားပေး ထောက်ခံခဲ့မှု၊ ငွေကြေးနှင့်  နည်းပညာ အကူအညီများ ပေးအပ်ခဲ့မှုတို့အတွက် ဂျပန်နိုင်ငံ အား အထူးကျေးဇူး တင်ရှိပါကြောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မည်ဟု သိရှိရသဖြင့် ဝမ်းမြောက်မိပါ ကြောင်း၊ စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလဝါအထူးစီးပွား ရေးဇုန် စီမံကိန်းတွင်လည်း ဂျပန်နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည့် အတွက် ကျေးဇူးတင်ရှိ ပါကြောင်းဖြင့်ပြောကြားသည်။
       
ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် ရရှိ၍ ဝမ်းမြောက်ပါကြောင်း၊ ယမန်နေ့က သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရန်ကုန်မြို့ပတ် ရထား ပြေးဆွဲနေမှုတို့ကို သွားရောက်လေ့လာခဲ့ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်- မန္တလေး အမြန်ရထားလမ်း အပိုင်းလိုက် အဆင့်မြှင်တင်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ သယ်ယူပို့ဆောင်ရေး၊ မြို့ပတ်ရထား အဆင့်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ မန္တလေး လေဆိပ် အဆင့်မြှင့်တင်ရေး၊ သဘာဝဘေး ကာကွယ်ရေးအတွက် အကူအညီပေးရေးတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေး ခဲ့ကြသည်။
       
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊  ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးကျော်လွင်၊ ဦးသန်းဌေး၊ ဦးဌေးအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

.. www.MyanmarExpress.net

No comments:

Post a Comment