Monday, June 2, 2014

NLD နဲ့ 88 အက်ကြောင်း နိဒါန်း

Friday, May 30, 2014
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများ အရှိန်တင်လာပြီးနောက် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအကြား အက်ကြောင်းများ စတင်ဖြစ်ပေါ်လာနေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အသိုင်းအ၀ိုင်းမှ သိရသည်။
NLD ပါတီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း အားနည်းချက်အား ၈၈ မျိုးဆက်များက ၀င်ရောက် ကူညီပေးခဲ့သော်လည်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက မလိုမုန်းထား ရှိနေသောကြောင့် တဖြည်းဖြည်းချင်း နေရာလုပွဲများ ဖြစ်လာမည်လား စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

“အင်း၊ NLD ပါတီက တကယ်တမ်းကျတော့ နိုင်ငံရေးကို လုပ်နိုင်ကိုင်နိုင် မရှိတော့ဘူး။ အဘဦးဝင်းတင် ကွယ်လွန်သွားတာက တစ်ကြောင်းပေါ့။ အန်တီစု အနေနဲ့ ၅၉(စ)ကို သွားပြီး ထိပ်တင်တယ်။ ဟိုက ဘုန်းကြီးတွေ၊ ၉၆၉ တွေက ဆန့်ကျင်တယ်။ ဒီမှာ ဗျူဟာပြောင်းဖို့ လိုတယ် ဆိုတာ ကျွန်တော်တို့က စပြောတာ။ ဦးကိုနီက ကြားက၀င်ပြီး နာမည်ယူတယ်။ NLD က EC တွေပေါ့။ သူတို့ ဘာလုပ်ရမှန်းမသိဘဲ ငိုင်နေကြတာကို ကျွန်တော်တို့က ၀င်လုပ်ပေးလို့ ဒီလောက် ဖြစ်လာတာ။ ဒါကို ကျေးဇူးမသိဘူး။ အောင်ပင်လယ်ပွဲမှာ ပရိသတ်တွေကို အမိုးမိုးပေးဖို့ ကျွန်တော်တို့က ပြောတယ်။. မန္တလေးမှာ ရှိတဲ့ ငြိမ်းပွင့်တွေက အမိုးမိုးတာ ညတွင်းချင်းပဲ။ တ၀က်လောက်မိုးပြီးတော့ NLD အဖွဲ့တွေက လာပြီး ဖျက်ပစ်တယ်။ စဉ်းစားကြည့်ဗျာ။ ကျွန်တော်တို့ အဖွဲ့တွေက ညတွင်းချင်း လုပ်ရတာ။ နေက သိပ်ပူတယ်လေ။ လူထုလည်း နေပူကြီးထဲမှာ ဒုက္ခရောက်မှာ သိတယ်။ ဒါကြောင့် အမိုးမိုးပေးတာ။ NLD က လာဖျက်တော့ ဘာဖြစ်လို့လဲ မေးတယ်။ အန်တီစုက အမိုးမိုးဖို့ ညွှန်ကြားမထားဘူး တဲ့။ အမိုး မမိုးဖို့ရော ညွှန်ကြားထားသလား ဆိုတော့ မရှိဘူး။ ဦးနှောက် မရှိတဲ့သူတွေပါဗျာ။ စဉ်းစားကြည့်လေ။ အမိုးမိုးတော့ လူထု ဘယ်လောက် သက်သာသွားမလဲ။ ဒါကို အန်တီစုကလည်း လူတွေ ပိုကောင်းမယ့်ဟာ ဘယ်ပိတ်ပင်မလဲ။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့တွေ ညကြီးမင်းကြီး လုပ်ထားတာ တ၀က်လောက်ပြီးနေမှ လာဖျက်တာဆိုတော့ NLD ပါတီက တော်ရုံတန်ရုံ မဟုတ်တဲ့ ခေါင်းဆောင် အမိန့် ပေးလို့ လုပ်တာ ဆိုတာကတော့ ထင်ရှားပါတယ်” ဟု ၈၈ မျိုးဆက်မှ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောဆိုသည်။

NLD ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ရုန်းကန်နေရပြီး အခြား လောက်လောက်လားလား ခေါင်းဆောင်မရှိဖြစ်နေကြောင်း၊ သို့သော် ၈၈ အဖွဲ့က ၀န်းရံရေးမူကိုသာ လက်ကိုင်ထားပြီး NLD ပါတီသို့ ၀င်မည် မဟုတ်ကြောင်း၊ NLD ထိပ်ပိုင်းခေါင်းဆောင်များက မိမိတို့ ၀င်လာမည်ကို မနှစ်သက်ဟန် ပြသည့်သဘောဖြစ်ကြောင်း၊ မိမိတို့ ၈၈ အဖွဲ့ကို CEC ထိပ်ပိုင်း (၁၅)နေရာ ပေးရန် အချို့က တိုက်တွန်းနေသော်လည်း NLD ပါတီဝင် အတော် များများက မလိုလားသည့် သဘော တွေ့ရကြောင်း ၄င်းက ပြောသည်။

“ကျွန်တော့်အမြင် ပြောရရင်တော့ NLD ဘာမှ မလုပ်နိုင်မကိုင်နိုင် မလုပ်တတ် မကိုင်တတ် ဖြစ်နေတဲ့အချိန်မှာ ၈၈ တွေက ၀င်ကယ်ပေးလိုက်တာပဲ။ သူတို့ဘာသာသူတို့ ဘာဖို့ စဉ်းစားထားတာမှ မရှိတာ။ နိုင်ငံရေးပါတီဆိုတာ ဗျူဟာ အဆင့်ဆင့် ရှိရတယ်။ ဒါမဖြစ်ရင် ဒါလုပ်မယ်။ အဲဒါ မဖြစ်ရင် ဘာဆက်လုပ်မယ် ဆိုတာ အစကတည်းက စဉ်းစားထားရမယ်။ NLD ပါတီကို ကြည့် ဘယ်သူတွေက ဒေါ်စုအတွက် အထောက်အကူရမလဲ၊ ပေးနိုင်သလဲ ဘယ်သူမှ မရှိဘူး။ ၈၈ က လုပ်နေတဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေး သုတေသနမှာ NLD ပါတီဝင် အမတ်တွေ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တာ တွေ့ရတယ်။ ဒါကို ဒေါ်စုကို တင်ပြထားပြီးသား။ NLD အမတ်တွေ လွှတ်တော်ထဲသွား ဘာလုပ်နေလဲ။ စည်းရုံးနိုင်ပြီလား။ ဥပဒေပြုတတ်ပြီလား။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိဘူး။ ခြံခုန်ကူးတဲ့ မြတ်ဥာဏစိုး ဆိုတာ NLD အမတ်။ ဒါပေမယ့် သူက ကြံ့ခိုင်ရေးကလူတွေကို ဆရာတင်ထားပြီး ဟိုပါတီက ခိုင်းသမျှ လုပ်နေတာ။ ဆိုလိုချင်တာက NLD ပါတီ လူရင်း လူယုံ မဟုတ်ဘူး” ဟု ၈၈ မျိုးဆက်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယင်းတို့၏ ပြောကြားချက်များကို NLD ပါတီဘက်က လက်မခံဘဲ နိုင်ငံရေး ဟူသည်မှာ မိုက်ရူးရဲ လုပ်ဆောင်ရသည်မျိုး မဟုတ်ကြောင်း တုံ့ပြန်သည်။

“နိုင်ငံရေးသမားဆိုတာ ပါးနပ်ရတယ်။ အခြေအနေကို ဖတ်တတ်ရတယ်။ ၁၉၈၈ ကစလို့ ၁၉၉၀ မှာရော တိုက်ခဲ့တာပဲ။ လမ်းပေါ်ထွက်ခဲ့ကြတာပဲ။ ဘာတွေ ရလာသလဲ။ ၈၈ တွေက တစ်ဆိတ်ရှိ လမ်းပေါ်ထွက်ဖို့ပဲ သိတယ်။ သူတို့က လမ်းပေါ် ထွက်တာကလွဲလို့ ကျန်တာ ဘာသိမှာလဲ။ မင်းကိုနိုင်က ဒေါ်စု မပြောခင်မှာ လမ်းပေါ်မှာ လူတွေပြည့်သွားမယ်၊ ဘာမှသလဲ ဆိုတာမျိုး ပြောတယ်။ အောက်က လူထုက လက်ခုပ်တွေတီး။ ဒီမှာပဲ ဒေါ်စုက အီမိုးရှင်းများပြီး သူပြောတဲ့အချိန်မှာ အရှိန်ပိုတင်ပစ်လိုက်တယ်။ ဒါက မင်းကိုနိုင် ရှေ့က ခင်းသွားတာကို နင်းရတာကြောင့် ဖြစ်တာ။ ဒီတော့ အီမိုးရှင်း များပြီး စိန်ခေါ်တယ် ဆိုတာတွေ ဖြစ်လာတယ်။ ပြီးတော့ အပြောခံရတော့ ဒေါ်စု နဲ့ NLD ပါတီ။ လူမိုက်ပါတီလား၊ ဦးနှောက် မရှိဘူးလား၊ ပြည်သူတွေကို သေစေချင်နေတာလား ဆိုပြီး ဆဲဆိုတာလည်း မနည်းဘူး။ ဒါတွေက ၈၈ အုပ်စုက သွေးထိုးလို့ ဖြစ်လာတာ။ ကျွန်တော်တို့ ဥက္ကဌ က ပြေလည်ရေးလမ်းကြောင်း သွားနေတာ။ ၈၈ တွေနဲ့ တွေ့ပြီးတော့ သဘောထား ပြောင်းသွားတယ်။ ၈၈ တွေတောင် လုပ်ရဲ ပြောရဲရင် သူလည်း ဘာဖြစ်လို့ မလုပ်ရဲ မပြောရဲရမှာလဲ ဆိုတာမျိုး ၀င်သွားတယ်” ဟု NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

”အစည်းအဝေးတွေမှာ ထိုင်ခုံ စီတာကအစ ၈၈ တွေက ထိပ်ဆုံးမှာ နေရာယူတယ်။ လူကြီးသူမကို ရိုသေရမှန်းမသိဘူး။ နိုင်ငံရေး ၀ါစဉ်အရ ဆိုတာလဲ နားမလည်ဘူး။ NLD က နိုင်ငံရေးဆိုတာကို နားလည်နေပြီ။ ၈၈ ဆိုတာက ဒီကနေ့အထိ လမ်းပေါ်ထွက်တာဟာ နိုင်ငံရေးလုပ်တာ ဆိုပြီး နားလည်နေကြတာက များတယ်။ သူတို့ထဲမှာ နိုင်ငံရေးကို တကယ် နားလည်တာ လက်ချိုးရေလို့ ရတယ်။ တကယ်တမ်း လူထုကို လမ်းပေါ်ခေါ်တာနဲ့ လူထု အကုန် လိုက်လာမယ် ထင်နေကြတာ။ လူထုက ၈၈ လို မဟုတ်ဘူး။ ၈၈ တွေ ဘယ်လို ရပ်တည်နေသလဲ ပြောရရင် မကောင်း ဖြစ်လိမ့်မယ်” ဟု အဆိုပါ ခေါင်းဆောင်က ပြောဆိုသည်။

“ပြောရရင် ဒေါ်စုက အစ၊ နိုင်ငံရေးကို ဘယ်လို ကစားရမလဲ ဆိုတာ မသိဘူး။ တစ်နိုင်ငံလုံး စီးပွားရေး ရှိသမျှ အကုန်လုံး လက်ဝါးကြီးအုပ်ထားတဲ့ ဦးရွှေမန်းလို လူမျိုးကို သွားပေါင်းတယ်။ ခရိုနီတွေကို ကောင်းကောင်းကန်းကန်း သွားလုပ်တယ်။ ဘယ်လာ ကောင်းတော့မလဲ။ ကျွန်တော်တို့ ၈၈ တွေက ဒါတွေကို ကြည့်နေတာ၊ သိနေတာ။ ခွပ်ဒေါင်းကို သူတို့ ယူထားလို့ ကျွန်တော်တို့ ငြိမ်းပွင့်တံဆိပ်ကို ကဒေါင်းပုံ လုပ်လိုက်ရတယ်။ အမှန်က ခွပ်ဒေါင်းက ကျောင်းသားတွေနဲ့ ဆိုင်တာ။ ဒါကိုလည်း သူတို့ပါတီက ကျေးဇူးတင်ရကောင်းမှန်းမသိဘူး။ ပြောရရင် ဒေါ်စုကအစ ဘာဗျူဟာ ရှိသလဲ။ ဘာလုပ်နိုင်ခဲ့သလဲ။ ကျွန်တော်တို့အဖွဲ့တွေ ၀ိုင်းလုပ်ပေးလိုက်မှ စစ်တပ်ကိုရော အစိုးရကိုရော လွှတ်တော်ကိုရော ရင်ကော့ပြီး ရင်ဆိုင်နိုင်တဲ့အနေအထားကိုရောက်လာတာ။ နိုင်ငံရေးပါတီ ဆိုတာ ဒီလိုမျိုး ခေါင်းဆောင်တစ်ဦးတည်း ပြောတာ လိုက်လုပ်ကြ၊ စိတ်ထင်ရာ မြင်ရာတွေ လိုက်လုပ်ကြ ဒါမျိုး ဘယ်တော့မှ မရဘူး။ ရေရှည် မခံဘူး။ ၅၉(စ) ပြင်ဖို့ မလုပ်နဲ့ ကျွန်တော်တို့ အစကတည်းက ပြောတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးအကြံပြုချက်မှာလဲ ဒီတစ်ခုတည်းကိုပဲ တောင်းဆိုထားတာ။ ဘာဖြစ်လို့လဲ ၄၃၆ ပြင်ပြီးသွားရင် ပြင်ဆင်ခွင့်က ကိုယ့်လက်ထဲ ရောက်လာပြီလေ။ ၅၉(စ) မကလို့ ၅၉(စ)အဖေပဲ လာလာ ပြင်လို့ လွယ်သွားပြီ။ ပြင်နိုင်သွားပြီ။ ရှင်းရှင်း ပြောရရင် ၄၃၆ ပြင်နိုင်ရင် အခြေခံဥပဒေတစ်အုပ်လုံး ကြိုက်သလို ရသွားပြီ။ ဒါကိုတောင် NLD က နိုင်ငံရေးသမားတွေ မသိတာ၊ သတိမထားမိတာ အံ့သြစရာပေါ့” ဟု ၄င်းက ပြောသည်။

NLD ပါတီနှင့် ၈၈ အုပ်စု၏ တင်းမာမှုသည် ဖြစ်တတ်သော သဘာဝ ဖြစ်ကြောင်း၊ ဤပြဿနာကို ပြေပြေလည်လည် ကိုင်တွယ်ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ကြောင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက သုံးသပ်သည်။

PP™

No comments:

Post a Comment