Saturday, June 7, 2014

ယာဉ်တိုက်မိဟန်ဆောင်၍ ငွေတောင်းသူ(၅)ဦး ဖမ်းဆီးရမိ

ရန်ကုန်-ဇွန်(၄)
မေ(၂၉)ရက်တွင် လူမှုကွန်ရက်စာမျက်နှာတစ်ခုက ကမာရွတ်မြို့နယ် သံလွင်လမ်း၌ လူတစ်စု က မော်တော်ယာဉ်နှင့်တိုက်မိသကဲ့သို့ဟန်ဆောင်ကာ အုပ်စုဖွဲ့ လုယက်ရန်ပြုခဲ့ကြောင်း သတင်းပေးဖော်ပြ ခဲ့ရာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သတင်း တွင်ဖော်ပြ ပါရှိသော နေရာသို့ သွားရောက်စုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းခဲ့ရာ ဇွန်(၃)ရက် မွန်းလွဲ(၁၂)ခွဲခန့်တွင် ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် သံလွင်လမ်းရှိ ခြံတစ်ခြံရှေ့၌ မင်းမင်းလတ် (၂၈)နှစ် (ဘ) ဦးမောင်နွဲ့၊ မောင်စိန်ရပ်ကွက် ဒလမြို့နယ် သီဟဇော်(၂၀)နှစ် (ဘ) ဦးဝင်းနိုင်၊ ကျန်စစ်သားရပ်ကွက် ဒလမြို့နယ် အောင်အောင်(၂၅)နှစ် (ဘ)ဦးမိုးဝင်း၊ မှော်စက်ရပ်ကွက် ဒလမြို့နယ် ဝင်းတင်(၂၀)နှစ် (ဘ)ဦးတင်အေး၊ မှော်စက်ရပ်ကွက် ဒလမြို့နယ်နှင့် သံချောင်း(၂၁)နှစ် (ဘ) ဦးထွန်းမောင်၊ ကမာကဆစ်ရပ်ကွက် ဒလမြို့နယ်နေသူ(၅)ဦးတို့အားတွေ့ရှိခဲ့ပြီး သံလွင်လမ်းအတွင်း မော်တော်ယာဉ်ဖြင့် တိုက်မိသကဲ့သို့ဟန်ဆောင်၍ ယာဉ်ပိုင်ရှင်၏နေအိမ်သို့ သွားရောက်ငွေတောင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ဆက်လက်စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက တာမွေမြို့နယ် တာမွေသချုØင်း ဟောင်းအနီးတွင်လည်းကောင်း၊ မေလအတွင်းက ဗဟန်းမြို့နယ် ဖိုးစိန်လမ်း၊ သျှင်ပါဂူဆေးရုံအနီးနှင့် စမ်းချောင်း မြို့နယ် ဗဟိုလမ်း အာရှတော်ဝင်ဆေးရုံအနီးတွင်လည်းကောင်း၊ လွန်ခဲ့သောတစ်ပတ်ခန့်က ဗဟန်းမြို့နယ် ဖိုးစိန်လမ်းအတွင်းတွင်လည်းကောင်း အလားတူယာဉ်ဖြင့်တိုက်မိသကဲ့သို့ ဟန်ဆောင်၍ ငွေကြေးတောင်းခံရယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့ (၅)ဦးအား ဆက်လက်စစ်ဆေး လျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းကဲ့သို့ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းပေးပို့တင်ပြလာမှုအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ချက်ချင်းအရေးယူဆောင်ရွက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ရာ ရဲတပ်ဖွဲ့က ပြည်သူ ဗဟိုပြုသည့် ရဲလုပ်ငန်းစနစ်ဆောင်ရွက်နေချိန်တွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် ထိရောက်အောင်မြင်မှု များရှိလာခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အထူးကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း ပြည်သူများက ယခုကဲ့သို့ပူးပေါင်းပါဝင်၍ သတင်းပေးပို့ကြပါရန် တိုက်တွန်းအသိပေး ဖော်ပြအပ်ပါသည်။

No comments:

Post a Comment