Wednesday, June 11, 2014

မီးလောင်မှု ဖြစ်စဉ်အတုဖြင့် ချစ်သူကို လက်ထပ်ခွင့် တောင်းခံခဲ့သည့် အမေရိကန် မီးသတ်သမား

ဘရူနိုမားစ်၏ Marry Me သီချင်းသံနှင့်အတူ ကားဂိုဒေါင်ထဲမှ ထွက်လာသည့် ဂွန်ဇာလက်ဇ်
အမေရိကန် နိုင်ငံမှ ရဲအရာရှိ အမျိုးသမီး တစ်ဦးသည် ချစ်သူ မီးသတ်သမား၏ ထူးထူးခြားခြား လက်ထပ်ခွင့်ပန်မှု အစီအစဉ်တွင် ဦးစွာ ထိတ်လန့်အံ့ဩခဲ့ပြီးမှ ပျော်ရွှင်ဝမ်းမြောက်စရာ အမှတ်တရ ကာလတစ်ခုကို ပိုင်ဆိုင်ခွင့် ရခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဟူစတန်မြို့မှ မီးသတ်သမား ဂျက်ဆီဂွန်ဇာလက်ဇ်သည် မြို့ခံမီးသတ်တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့၏ အကူအညီကို ရယူကာ ရှို့မီးအတုတစ်ခု ဖန်တီးပြီး ရဲဝန်ထမ်း အိုလ်ဂါပက်ခ်ကို ချစ်ခွင့်ပန်ခဲ့ခြင်း ဖြစ်သည်။
ဂွန်ဇာလက်ဇ်သည် မြို့အတွင်းမှ မီးသတ်ဌာန နှစ်ခု၏ အကူအညီဖြင့် နေအိမ်တစ်လုံးတွင် မီးလောင်မှု ဖြစ်စဉ်အတု တစ်ခုကို ဖန်တီးကာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။
ပက်ခ်သည် အခြားသော ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ရာ နေရာသို့ အလောတကြီး ရောက်ရှိလာပြီး ထိုအချိန်တွင်မှ မီးလောင်မှုအတု ဖန်တီးထားသော နေရာတွင် ဂွန်ဇာလက်ဇ်က ချစ်သူအား ဒူးထောက်ကာ လက်ထပ်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။
ဂွန်ဇာလက်ဇ်သည် မီးခိုးများ ထွက်နေသည့် ကားဂိုဒေါင်ထဲမှ မီးသတ်ဝတ်စုံ အပြည့်အစုံ ဆင်မြန်းပြီး သူရဲကောင်းဆန်ဆန် ပုံစံမျိုးဖြင့် လျှောက်လှမ်းလာကာ ပက်ခ်၏ရှေ့မှောက် ဒူးထောက်ပြီး စေ့စပ်လက်စွပ် ဘူးလေးနှင့်အတူ လက်ထပ်ခွင့်ပန်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အနီးတစ်ဝိုက်၌ ဘရူနိုမားစ်၏ Marry Me သီချင်းသံကလည်း ပျံ့လွင့်နေသေးသည်။
အလွန်ပျော်ရွှင်သွားသည့် ပက်ခ်သည် သူမ၏ Romantic ဆန်လွန်းသော ချစ်သူအား “ရှင့်ကိုကျွန်မ လက်ထပ်မယ်။ ရှင့်ကိုလက်ထပ်ဖို့ မစောင့်နိုင်အောင် ဖြစ်နေမိပြီ။ ရှင်နဲ့အတူ တစ်ဘဝလုံး ဖြတ်သန်းဖို့လည်း မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ”ဟု ကြည်ကြည်နူးနူး ပြောကြားခဲ့သည်။ ယင်းတို့နှစ်ဦး၏ ချစ်စရာပုံရိပ်ကို လုပ်ဖော်ကိုင်ဖက် မီးသတ်နှင့် ရဲဝန်ထမ်းများက ကောင်းချီးပေးခဲ့ကြသလို အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။
မီးသတ်ဌာနတွင် လုပ်သက်(၁၁)နှစ် ရှိခဲ့ပြီဖြစ်သော ဂွန်ဇာလက်ဇ်သည် ယခုအစီအစဉ်အတွက် လုပ်ဖော်ကိုင်ဖက် မီးသတ်သမားများနှင့် တိုင်ပင်ခဲ့သလို ပက်ခ်၏ ရဲဝန်ထမ်း သူငယ်ချင်းများကိုလည်း ကြိုတင် လျှို့ဝှက် အသိပေးထားသည်။
ဂွန်ဇာလက်ဇ်တို့ သူငယ်ချင်း တစ်စုသည် နေအိမ်တစ်လုံးရှိ ကားဂိုဒေါင်ထဲတွင် ရေခဲခြောက်မှ အခိုးအငွေ့များကို အသုံးပြုပြီး မီးလောင်မှုအတုတစ်ခု ဖန်တီးကာ အရေးပေါ် အခြေအနေအဖြစ် ရဲတပ်ဖွဲ့ထံ အကြောင်းကြား ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
ပက်ခ်သည် ရဲကားပေါ်မှာ ဆင်းလာချိန်ထိ ဖြစ်ရပ်မှန်ကို မရိပ်မိသေးဘဲ ဂွန်ဇာလက်ဇ်က သူမရှေ့ ဒူးထောက်လိုက်ချိန်မှ အကြောင်းရင်းမှန်ကို သိရှိသွားခြင်း ဖြစ်သည်။
ဂွန်ဇာလက်ဇ်နှင့် ပက်ခ်တို့သည် (၁)နှစ်မျှ တွဲခဲ့ပြီးသည့် ချစ်သူများဖြစ်ပြီး လာမည့်နှစ်အတွင်း လက်ထပ်ဖြစ်ရန် မျှော်လင့်ရည်မှန်းထားကြသည်။
မီးသတ်တပ်ဖွဲ့သည် ဂွန်ဇာလက်ဇ်၏ အစီအစဉ်တွင် ပါဝင်ကူညီနေစဉ် အတောအတွင်း ၎င်းတို့၏ တာဝန်ဝတ္တရားများကိုလည်း အပျက်ကွက် မခံဘဲ အရေးပေါ် အကြောင်းကြားမှုများ ရှိလာပါက ချက်ချင်း သိရှိနိုင်ရန်အတွက် ရေဒီယိုများကို တစ်ချိန်လုံး ဖွင့်လှစ် နားစွင့်နေခဲ့ကြောင်းလည်း သိရှိရသည်။
_ Ref: DailyMail
ဂွန်ဇာလက်ဇ်၏ လက်ထပ်ခွင့် တောင်းခံမှုကို အံ့ဩဝမ်းသာ ဖြစ်နေသည့် ပက်ခ်

ပျော်ရွှင်နေသည့် ချစ်သူနှစ်ဦးနှင့် စုပေါင်း ကောင်းချီးပေးနေသည့် လုပ်ဖော်ကိုင်ဖက်များ

ပက်ခ်၏လက်တွင် ဂုဏ်ယူစွာ ဆင်မြန်းထားသည့် စေ့စပ်လက်စွပ်


From:Myanmar Lasted News

No comments:

Post a Comment