Friday, June 27, 2014

အယောင်ဆောင် ကလေးကစားကွင်း တွေကို ပိတ်တော့မယ်

အပန်းဖြေ ကလေးကစားကွင်းလို့ နာမည်တပ်ပြီးတော့ ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံ တွေကို လိုင်စင် ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။
လောင်းကစားဆန်တဲ့ ကစားနည်းတွေကို လုပ်ကိုင်နေတဲ့ ကစားကွင်းတွေကို သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ အဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးတော့မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနက အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
လိုင်စင်စည်းကမ်း ဖောက်ဖျက်တာ၊ တရားဝင် ခွင့်ပြုချက် မရှိတဲ့ ဂိမ်းစက်တွေကို ဝယ်ယူ သုံးစွဲတာ၊ လောင်းကစား လုပ်မလုပ်ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကစားကွင်းအနီးမှာ ရှိတဲ့သူတွေ ကလည်း သတင်းပေးပို့ ကူညီပေးဖို့ လိုတယ်လို့ အရာရှိကပဲ ဆက်ပြောပါတယ်။
ကလေးကစားကွင်း ဆိုပြီး လောင်းကစားလုပ်နေတဲ့ နေရာတွေနဲ့ ရင်နှီးနေသူ အမျိုးသား တစ်ဦးကတော့ “နာမည်ကသာ ကလေးကစားကွင်း၊ အထဲမှာ လူကြီးတွေချည်းပဲ၊ အကြွေစေ့ လောင်းကစားတွေ၊ ငါးမန်းဂိမ်း တွေကြောင့် မိသားစုကွဲတာတောင် ရှိတယ်၊ စစ်ဆေးတဲ့ သူတွေကလည်း သေချာ ကြပ်မတ် စစ်ဆေးစေချင်တယ်” လို့ ဆိုပါတယ်။
ခရိုင်မြို့နယ်တွေမှာ အပန်းဖြေ အိမ်တွင်း ကစားနည်း ခန်းမ လုပ်ငန်းလိုင်စင်နဲ့ ခွင့်ပြုထားတဲ့ အပန်းဖြေ ကလေးကစားကွင်းပေါင်း ၃၀ကျော် ရှိပါတယ်။

No comments:

Post a Comment