Saturday, June 14, 2014

ဘုန်းကြီးကိစ္စများတွင် မင်းသား၊ မင်းသမီးများနှင့် နိုင်ငံရေးပါတီများ ၀င်ရှုပ်နေဟု အလိုတော်ပြည့်ဆရာတော် မိန့်ကြား

ဓာတ်ပုံ-ကျော်စွာ
ရန်ကုန်၊ ဇွန် ၁၁
မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးများ၊ ရဟန်းသံဃာတော်များ၏ အရေးကိစ္စများအတွင်း အနုပညာရှင် မင်းသား၊ မင်းသမီး များနှင့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားများ ၀င်ရောက် လုပ်ဆောင်လာခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်၍ ပြဿနာပိုမို ရှုပ်ထွေးခြင်းသာ ဖြစ်နိုင်ကြောင်း ပြည်တွင်း ပြည်ပသာသနာပြု၊ ၀ိပဿနာတရား ဟောကြား ပြသရာ၌ အနယ်နယ် အရပ်ရပ် တရားနာ ပရိသတ် များပြားသော အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသက ဇွန်လ ၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ မိန့်ကြား သည်။
မဟာသန္တိသုခ ကျောင်းတော်ကြီး စီမံခန့်ခွဲမှု ပိုင်ဆိုင်မှုအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်တို့ အငြင်းပွားနေသော အမှုအခင်းဖြစ်ရပ်၌ ရုပ်ရှင် မင်းသားမင်းသမီးများနှင့် နိုင်ငံရေး သမားများ ပါဝင်၍ ဆောင်ရွက်နေခြင်းကို ရည်ညွှန်း၍ အလိုတော်ပြည့် ဆရာတော်ကြီးက မိန့်ကြားလိုက် ခြင်းဖြစ်သည်။ ဘုန်းကြီးကိစ္စများတွင် မင်းသား မင်းသမီးများနှင့် နိုင်ငံရေးပါတီများ ၀င်ရှုပ်နေခြင်းသာ ဖြစ်ကြောင်း အလိုတော်ပြည့် ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
မဟာသန္တိသုခ ကျောင်းတော်ကြီး၏ အရေးကိစ္စမှာ ပြင်းထန်လာပြီး သင်တန်းမှူး ဆရာတော်များကို မောင်းထုတ်ခြင်း၊ ဂေါပကအဖွဲ့များကို ကျောင်းတိုက်အတွင်း အ၀င်မခံခြင်းများ ဖြစ်လာကြောင်း သာသနာရေး ၀န်ကြီးဌာနမှ ဆရာတော်ကြီးများသို့ အကြောင်းကြား လျှောက်ထားခြင်း ရှိခဲ့ပြီးနောက် အလိုတော်ပြည့် ဆရာတော်ကြီး အပါအ၀င် သံဃမဟာနာယက ဆရာတော်ကြီးများမှ ၎င်းကိစ္စ အမြန်ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုကြောင်း သို့မဟုတ်ပါက ပြဿနာကြီးထွားပြီး အားလုံး ဒုက္ခဖြစ်နိုင်ကြောင်း ဆရာတော်ကြီးများမှ အစိုးရ တာဝန်ရှိသူပိုင်းကို သြ၀ါဒပေးခဲ့သည်။
ဇွန်လ ပထမပတ်တွင် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်အချို့က အနီးပတ်ဝန်းကျင် ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ လာရောက် ပူးပေါင်းပါဝင်ရန် ပင့်ဆောင်ခြင်းများ လည်းရှိခဲ့သည်။ ““သန္တိသုခက တော်တော်ဆိုးနေပြီ၊ ဘုန်းကြီးတွေ အကုန်လုံး ဟိုတစ်ယောက်ကခေါ် ဒီတစ်ယောက်ကခေါ် အဲဒီလိုလုပ်နေတာ မဟုတ်သေးဘူး။ အဲဒီ ပြဿနာက အစိုးရက ဖိဖိစီးစီးကိုင်မှ ဖြစ်မယ်၊ သမ္မတက ပြောတယ်တဲ့၊ ဒါကလည်း စာနဲ့ပေနဲ့ မဟုတ်ဘူး။ ပါးစပ်နဲ့ ပြောလိုက်တာလား ဘာလား။ အဲဒီမှာ နိုင်ငံရေးသမားတွေ တော်တော်ကိုဆိုးတယ်””ဟု အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ကြီးက မိန့်ကြားသည်။
ပီနန်ဆရာတော် ဦးဆောင်၍ မဟာသန္တိသုခ ကျောင်းတော်ကြီး ကိစ္စနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ တစ်ခု၌ ရုပ်ရှင်မင်းသား မင်းသမီးများ၊ နိုင်ငံရေးသမားများ တစ်ခဲနက် ပါဝင်ခဲ့ကြသည်။ ရုပ်ရှင်မင်းသား မင်းသမီးများ အနက်မှ အများစု အနုပညာရှင်များသည် ခေတ်အဆက်ဆက် နိုင်ငံရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်လေ့ ရှိပြီး ဦးနေ၀င်း၏ လမ်းစဉ်ပါတီ အစိုးရခေတ် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံပွဲ၊ အသုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုများ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တပ်မတော် အစိုးရခေတ်တွင် တပ်မတော် အစိုးရ၏ လုပ်ဆောင်ချက်များကို အမွှမ်းတင် ဂုဏ်ပြုဇာတ်လမ်းများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ကြီး နှစ်ပတ်လည် ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းများ၊ ကြံ့ခိုင်ရေး ဂုဏ်ပြုတေးသီချင်းများကို အဆိုပါ ရုပ်ရှင်ဂီတ အနုပညာရှင်များအနက်မှ အများစုက တစ်ခဲနက် ပါဝင်သီဆို ဂုဏ်ပြုသရုပ်ဆောင် ရိုက်ကူး ထုတ်လွှင့်ခဲ့ကြသည်။၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့် ကာလတွင် တပ်မတော် အစိုးရနှင့် ရန်ဘက်သဖွယ် အတိုက်အခံ ဖြစ်ခဲ့သည့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဖျော်ဖြေခြင်း များကိုလည်း အဆိုပါ ရုပ်ရှင်မင်းသားမင်းသမီးများက ပင်ပါဝင်သီဆို တင်ဆက်ခဲ့ကြသည်။
ကျေးလက်နေ လူတန်းစား များပြားသော မြန်မာနိုင်ငံတွင် အနုပညာရှင်များဖြင့် စည်းရုံးခြင်း မှာ ခေတ် အဆက်ဆက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ၊ အစိုးရများ အသုံးချခဲ့သည့် နည်းလမ်း များသာဖြစ်ပြီး ယခုခေတ်တွင်လည်း အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ဆက်စပ်သော ပါတီအချို့သည်ပင်လျှင် လူရွှင်တော်များ ခေါ်ယူ၍ ပါတီစည်းရုံးရေးများ ၌ ဟောပြော စည်းရုံးနေ သည် ကို တွေ့မြင်ရလျက်ရှိသည်။
အလိုတော်ပြည့် ဆရာတော် မှတ်ချက်ပြုအပြီး ၂ ရက်အကြာ ဇွန်လ ၁၁ ရက် နံနက် ၁ နာရီခန့်တွင် သံဃာ့မဟာနာယက ဆရာတော်များနှင့် အစိုးရ အာဏာပိုင်များမှ မဟာသန္တိသုခ ကျောင်းတော် ကြီး ကို ချိတ်ပိတ်ခဲ့သည်။
MH-0011

No comments:

Post a Comment