Tuesday, June 17, 2014

ဝန်ကြီးဦးအောင်မင်းပြောဆိုခဲ့သော စကားများသည် သမ္မတကြီးနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်သက်ဆိုင်နေကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးမှ ပြောကြား

ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် သမ္မတကြီး အားထားရသူတွေထဲမှာပါသော ၀န်ကြီး ဦးအောင်မင်းက   UNFCCI တွင် ပြောကြား သွားခဲ့သော နိဂုံးချုပ် အမှာစကားနှင့် ပါတ်သက်ပြီး   တပ်မတော်အသိုင်းအ၀ိုင်း တစ်ခုလုံးမှ မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
UNFCCI ၏ နိဂုံးချုပ်အစည်းအဝေးတွင် ၀န်ကြီးဦးအောင်မင်းမှ တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သား တို့ ၏ သစ္စာကို စောင့်သိရိုသေပါ မယ်..’  ဆို တဲ့ အချက်ပါနေတယ်…  သစ္စာစောင့်သိနေရင်းနဲ့ တိုက် ပွဲ က မပြီးတော့ဘူး နောက် တစ်ခုက “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေ မပေးသင့်ဘူး… .. ဒါကို ဖျောက်ဖျက်ဖို့လို တယ်…” လို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးပြောခဲ့သော စကားနှင့်ပါတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင်လည်းအငြင်း ပွားနေ ကြပြီး မီဒီယာသမားများမှ တမင်ရေးလိုက်သလား၊ ၀န်ကြီးက တကယ်ပဲပြောခဲ့သလား ဟု ဝေခွဲ မရဖြစ်နေသူများရှိနေသလို ၀န်ကြီးဦးအောင်မင်းသာအမှန်တကယ်ပြောခဲ့ခြင်းဖြစ်ပါက လုံးဝ လက်သင့်ခံနိုင်စရာအကြောင်းမရှိဟုတပ်မတော်အရာရှိငယ်တစ်ဦးမှ ပြောဆိုသည်။

ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒါက တပ်မတော်ကို ခုတုံးလုပ်ပြီးတော့ သူနာမည်ကြီးအောင် လူကြိုက် များအောင် ပြောတဲ့စကားပဲ၊ သူလဲ တပ်မတော်သားဘ၀က တက်လာတာ။
ဒီတပ်မတော် သားတွေကပဲ လုပ်ကျွေးလာခဲ့တာ၊ သူ့ကို တွန်းတင်ပေးလာခဲ့တာ။
ရှေ့တန်း မှာဖြစ်ဖ်ြစ သူလူကြီးဖြစ်တဲ့အခါပဲဖြစ်ဖြစ် နေပူမိုးရွာမရှောင် လုံခြုံရေးတာဝန်တွေကို
ယူပေးခဲ့ရတာ။ ဒါကနိုင်ငံနဲ့ချီပြီးမပြောသေးဘူး။ သူ့တစ်ယောက်ထဲအတွက်တင်
တပ်မတော်သားတွေ လုပ်ပေးခဲ့တာကို ပြောနေတာ။ ဒါတွေအားလုံးကို မေ့သွားပြီး
ကိုယ်ကျင်လည်ကျက်စားခဲ့ရတဲ့ ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ရဲဘော်ရဲဘက်စိတ်မရှိစွာနဲ့
ခုလိုမျိုးပြောခဲ့တာတော့ လုံးဝမကောင်းဘူး။ ဘ၀မမေ့သင့်ဘူး ဟု အထက်ပါအရာရှိမှ
ဆက်လက်ပြောဆိုသည်။

ဘယ်သူမဆို မေးကြည့်ပါ ကြိုက်တဲ့လူကို မေးကြည့်လို့ရပါတယ်။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။
ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည်
မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။

သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့
စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။
စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။
ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဘဝတုန်းက တပ်ရင်းမှူး
ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂)
ခါပို့ခဲ့တာပဲ မဟုတ်လားဟု တပ်မတော်သားတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတစ်ခုတွင် ဝေဖန်ခဲ့သည်။

ဝန်ကြီးဦးအောင်မင်း ထိုကဲ့သို့ ပြောဆိုခဲ့သည်မှာ ယခုချိန်မှမဟုတ်ဘဲ လွန်ခဲ့သော ၂
နှစ်ခန့်ကလည်း အလားတူပြောဆိုခဲ့ဖူးသည်။ ငြိမ်းချမ်းရေးစင်တာတွင်
တာဝန်ရှိသူတစ်ယောက်အနေဖြင့် တပ်မတော်အပေါ် ဤမျှအထိ ပြောဆို
စော်ကားခဲ့ခြင်းမှာ လုံးဝမဖြစ်သင့်ဘဲ အထူးသဖြင့် ယခုကဲ့သို့
တိုင်းရင်းသားလက်နက်ကိုင်အရေး ဆွေးနွေးနေသည့်ကာလများတွင် ပိုမိုဆင်ခြင်သင့်သည်။

တကယ်တော့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်
စစ်မဖြစ်ချင်ဆုံးသူက စစ်သားတွေပဲ၊ ရှေ့တန်းမှာ ခြေပြတ်လက်ပြတ်ဖြစ်တာတွေ၊ မြို့ပြ ပြည်ရွာ
ပျက်စီးတာတွေကို မမြင်ချင်ဆုံးသူတွေက စစ်သားတွေပဲဖြစ်မယ် ဆိုတာကတော့
တပ်မတော်သားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ မသိတော့ဘူးဆိုရင်လည်း
ကိုယ့်နဖူးကိုယ် တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်လိုက်ပါတော့လို့သာ ပြောလိုက်ချင်တယ်
တကယ်...သတင်းကြားကြားချင်း သူလိုလူတစ်ယောက်က ဒီလိုမျိုးပြောတယ်ဆိုတာ
ယုံတောင်မယုံနိုင်ဘူးဟု တပ်မတော်တွင် အနှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သည့်
ညွန်ကြားရေးမှူးတစ်ဦးမှလည်း ရင်ဖွင့်ပြောဆိုခဲ့သည်။

လူဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်။ တာဝန်မယူနိုင်ဘဲ မပြောတာ
အကောင်းဆုံးပဲ။ အခုဦးအောင်မင်းပြောလိုက်တာဟာ တို့ တပ်မတော်တစ်ခုလုံးကို
စော်ကားလိုက်တာပဲ ၊ တပ်မတော်တစ်ခုလုံးကို စော်ကားလိုက်ရုံတင်မကဘူး ကျဆုံးလေပြီးတဲ့
တပ်မတော်သားအပေါင်းကိုလည်း စော်ကားလိုက်တာပဲလို့ ခံစားရတယ်၊
ဦးအောင်မင်းအနေနဲ့ သူပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူဖြေရှင်းသင့်တယ်။

သူလည်း စစ်တပ်ကထွက်သွားတဲ့လူတစ်ယောက်ပဲ၊ တပ်မတော်ကျေးဇူးတွေအများကြီးပါ ၊
အခြားတစ်ဖက်မှာလည်း ဦးအောင်မင်းက သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့အတွက်
သမ္မတကြီးအနေနဲ့လည်း သူ့လက်အောက်ကလူတွေ နောက်နောင်ဒီလိုမျိုး
လက်လွတ်စပါယ်ပြောဆိုတာမျိုးတွေ မဖြစ်ရအောင် ၀င်ရောက်ထိန်းသိမ်းသင့်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း သွယ်ဝိုက်သက်ဆိုင်နေတယ်၊ သမ္မတကြီး  သဘောထားကရော ဒီလိုပဲရှိလို့ ၀န်ကြီးက ဒီစကားပြောရတာလားဆိုတာကလည်း
စဉ်းစားစရာဟု တပ်မတော်အရာရှိကြီး တစ်ဦးမှ မှတ်ချက်ပြုခဲ့သည်။


အလားတူ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးမှလည်း ၄င်း၏
လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် စွမ်းရည် ဘွဲ့ ဆိုတာ ဘာလဲ
ရှေ့ တန်း စစ်မြေပြင်မှာ …ဒါမှမဟုတ် အခြေအနေတစ်ခုမှာ
ကိုယ့် အသက်ကို ပဓာန မထားဘဲ တိုင်းပြည် အတွက် တာဝန် နှင့် ဝတ္တရားအတွက်
မိမိ ရဲဘော် ရဲဘက်များ အတွက် လူသာမန်တို့  လုပ်နိုင်ခဲတဲ့  ရဲဝံ့ စွန့် စားမှုမျိုးကို
အံသြဘနန်း လုပ်ဆောင်သွားတဲ့ သူတွေကို ပေးအပ် ချီးမြှင့်တဲ့  ဘွဲ့ ထူးဂုဏ်ထူးတွေ ဖြစ်တယ်။

ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင်တော့ …စွမ်းရည်ဘွဲ့ တွေဟာ …
လူတစ်ဦးချင်းရဲ့  ရဲစွမ်းသတ္တိ နဲ့  ပြည့်စုံတဲ့  …စွမ်းဆောင်မှု လုပ်ရပ်တွေအပေါ် မူတည်ပြီး …
ဘွဲ့ တံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ် …ဘယ်မှာ မို့ လို့  …
ညာမှာ မို့ လို့ ဆိုတဲ့  ကိစ္စတွေ နဲ့  မဆိုင်ပါဘူး …

ဥပမာပြောရရင် …
ဒီနှစ် သီဟသူရဘွဲ့ ရရှိသွားတဲ့ ဆရာအောင်သိန်းဟာ …
ရန်သူ့ လက်ပစ်ဗုံး ပေါ်ကို …သူ့ ရင်ဘတ် နဲ့  ၀မ်းလျှားဝင်မှောက်ပြစ်လိုက်ပြီး …
ကျန်တဲ့ အရာရှိ စစ်သည် ...သူ့  ရဲဘော်ရဲဘက်တွေ မထိခိုက်စေဖို့ …
သူ့ အသက်ကို စွန့် သွားခဲ့ပါတယ် …

ကောင်းပါပြီ …..ဒီလက်ပစ်ဗုံးဟာ ကေအိုင်အေ ကပစ်တဲ့  လက်ပစ်ဗုံးမို့ လို့ 
ဆရာအောင်သိန်း ဒီလို လုပ်တာလား … ?ကေအန်ယူ က ပစ်ရင်ရော ဒီလို မလုပ်တော့ဘူးလား …?
ဘင်္ဂလားဒေ့ရှ် က ပစ်တဲ့  လက်ပစ်ဗုံး ဆိုရင်ရော ….? တရုတ် က ပစ်တာ ဆိုရင် ရော …?

ဆရာအောင်သိန်း ရဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့ က ပစ်တဲ့  လက်ပစ်ဗုံးမှ ၀င်မှောက်မယ် ….
ကျန်တဲ့ သူ ပစ်တာဆို သူ ဒီလိုမလုပ်ဘူးလို့  ဆုံးဖြတ်ထားပါ့မလား… ???

ဒါ ဦးနှောက်ရှိတဲ့ သူတိုင်း …စဉ်းစားတတ်တဲ့  ကိစ္စပါ ….

ပြည်တွင်းစစ် ပဲ ဖြစ်ဖြစ် …ပြည်ပ စစ်ပဲ ဖြစ်ဖြစ် …
စစ်သားတွေကတော့ ….သူ့ တာဝန်ကို သူ ကျေအောင် ထမ်းဆောင်မှာပါပဲ ….

ဒီလို တာဝန်ထမ်းဆောင်တဲ့  နေရာမှာ …အသက်ကို ပဓာန မထားပဲ ….
သူရသတ္တိအပြည့်  နဲ့ ရဲ ၀ံ့ စွန့် စားစွာ…တာဝန် ထမ်းဆောင်တဲ့ သူတွေကို လဲ
စွမ်းရည်ဘွဲ့ တွေ ချီးမြှင့်ပေးရမှာ ဓမ္မတာပါပဲ …

ဒါကို ပြည်တွင်းစစ်မို့ လို့  ....ပြည်ပစစ် မဟုတ်လို့  ....
စွမ်းရည်ဘွဲ့ မချီးမြှင့်သင့်ဘူးပြောတဲ့  သူဟာ ...ခေါင်းထဲမှာ ဦးနှောက် မရှိပဲ .....
ဘာရှိနေသလဲ ဆိုတာကို ....စဉ်းစားလို့ မရနိုင်အောင်ပဲ ဖြစ်ရပါတယ် ...

တည့် ပြောရရင် ...စစ်သား လုပ်ခဲ့ပြီး ...
အမေရိကန် ပြည်တွင်းစစ်ကာလမှာ ....ရဲစွမ်းသတ္တိ ဆုတံဆိပ်ပေါင်း ...
၁၅၂၂ ခု ချီးမြင့်ခဲ့တယ် ဆိုတာတောင် မသိတဲ့  ....စစ်သားဟောင်း ၀န်ကြီး အတွက် ....
စစ်သမိုင်းပြတိုက် နောက်ဖေးမှာ ...နောင်လာနောက်သားတွေ သိအောင် ...
အမှားသရုပ်ပြ ကျောက်ရုပ်ထုပြီး ဂုဏ်ပြုသင့်ပါတယ် ...။

တစ်လက်စတည်း ဆက်ပြောရရင် ....

တပ်မတော်သားတွေ နေ့ စဉ်ဆိုရတဲ့  ….
သစ္စာဓိဋ္ဌာန် လေးချက်ထဲက ဒုတိယအချက် ဟာ …
ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို …
စောင့်သိရိုသေပါမည် …
ဆိုတဲ့ အချက် ဖြစ်ပါတယ် …

ကောင်းပါပြီ ….
သစ္စာဆိုတာ ဘာလဲ ….
သစ္စာဆိုတာကို ...
အားလုံးနားလည်အောင် အဓိပ္ပာယ်ဖွင့်ရင် …
မှန်သော ၊ စောင့်ထိန်းအပ်သော တရား လို့  …
အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ် ….

ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို ….
စောင့်သိရိုသေပါမည်ဆိုတဲ့  စကားဟာ တိုင်းပြည် နဲ့  တပ်မတော် အပေါ် ....
ထားရှိတဲ့ သစ္စာကို မဖောက်ဖျက်ဘဲ အသက်ကိုသာ အသေခံသွားကြတဲ့ ….
ခေတ်အဆက်ဆက်က တပ်မတော်သားတွေရဲ့  သစ္စာတရားကို ….
လေးစားပါမယ် ထောက်ထားပါမယ် ရိုသေပါမယ် သူတို့ နည်းတူ …
တိုင်းပြည် နဲ့  တပ်မတော် အပေါ် သစ္စာရှိပါမယ်လို့  ဆိုလိုတာ ဖြစ်ပါတယ် …

ဒီစကားဟာ ဘာ မှားပါသလဲ ….

စစ်သားဟာ ….တာဝန် နဲ့  ၀တ္တရားကို အမြဲ ဦးစားပေးရပါတယ် …
ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ် …ပြည်ပစစ်ပဲ ဖြစ်ဖြစ် …ကေအိုင်အေ ပဲ ဖြစ်ဖြစ် ….
ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ဖြစ် ….အမိန့် ပေးရင်တော့ သွားတိုက်ရမှာပါပဲ …

စစ်သားတွေဟာ …တိုင်းပြည် အပေါ် ….တပ်မတော် အပေါ် သစ္စာမရှိရဘူးလား…
အမိန့် နဲ့  တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး ....အသက်ပေးသွားကြတဲ့  …..
ခေတ်အဆက်ဆက်က ....တပ်မတော်သားတွေရဲ့ သစ္စာတရားကို ….
မလေးစားရဘူးလား …မရိုသေရဘူးလား….

ဒါ ကချင်စစ်နဲ့  ဘာဆိုင်လဲ …ဒါ ပြည်တွင်းစစ် နဲ့  ဘာဆိုင်သလဲ ….

မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့  ခေါက်ရင်တော့ ….
ခင်ဗျား ဇာတ်ထဲမှာသာ …၀န်ကြီး သွားလုပ်ပါတော့ လို့  …
တပ်မတော်သား အားလုံးကိုယ်စား ပြောလိုက်ချင်ပါတာ့တယ်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာတော့ ၀န်ကြီးဦးအောင်မင်းပြောခဲ့သော စကားအပေါ်
တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံးမှ ပြင်းထန်စွာ အမျက်ထွက်လျက်ရှိပြီး ထိုစကားအား
ဝန်ကြီးဦးအောင်မင်းအနေဖြင့် အမှန်တကယ်ပြောခဲ့သလား၊ ပြောခဲ့သည်ဆိုလျှင်
ဝန်ကြီးအနေဖြင့်  ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းနှင့်တကွ
တပ်မတော်တစ်ရပ်လုံးအပေါ် ၄င်းစော်ကားခဲ့သော စကားနှင့်ပတ်သက်၍ မည်သို့မည်ပုံ
တောင်းပန် ဖြေရှင်းမည်၊ မဖြေရှင်းပဲ ရေငုံနှုတ်ပိတ်နေမည်လား ဆိုသည်ကတော့  အသေအချာ
စောင့်ကြည့်ရတော့မည်မှာ အမှန်ပင်ဖြစ်သည်။

No comments:

Post a Comment