Saturday, June 28, 2014

အဆင့်မြင့် ဘတ်စ်ကားသစ်တွေ ပြေးဆွဲတော့မယ်

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ကုန်းလမ်းပို့ဆောင်ရေး တို့ဟာ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီနှစ် ခုနဲ့ ပူးပေါင်းပြီး ဘတ်စ်ကား ယာဉ်လိုင်းသစ်တွေ ဇူလိုင်လကုန်မှာ ပြေးဆွဲတော့ပါမယ်။ကုမ္ပဏီ တစ်ခုကို ဘတ်စ်ကား ၇၅ စီး ပြေးဆွဲမှာဖြစ်ပြီး စပါယ်ယာမပါဘဲ ကျသင့်ငွေကို ပုံးတွေ၊ ကတ်စနစ် (E-Ticket) တွေနဲ့ ကောက်ခံသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ဌာန ဆီကနေ သိရပါတယ်။ ဒါ့အပြင် မှတ်တိုင်တွေကိုလည်း LED Board တွေမှာ ဖော်ပြမှာ ဖြစ်ပြီး လုံခြုံရေး CCTV ကင်မ ရာတွေ  လည်း တပ်ဆင်မယ်လို့ သိရပါတယ်။
ခရီးစဉ် အကွာအဝေးပေါ် မူတည်ပြီးတော့ ယာဉ်စီးခတွေကို ၂၀၀ ကနေ ၄၀၀ ထိ သတ်မှတ်မှာ ဖြစ် ပါတယ်။ ခရီးသည်တွေ စောင့်ဆိုင်းချိန်နဲ့ ကားပေါ်မှာ ကြာမယ့်အချိန်တွေကို လျှော့ချဖို့ အတွက် ဂိတ်ကနေ ငါးမိနစ်ခြား တစ်ခါ ဘတ်စ်ကားတွေကို လွှတ်သွားမှာဖြစ်ပြီး ရပ်တင်မောင်း စနစ်ကို အထူးအလေးပေးပြီး ဆောင်ရွက်သွားမယ်လို့ က.ပ.ရ ဆီကနေ သိရပါတယ်။
ခုလို အဆင့်မြင့်ဘတ်စ်ကားတွေ ပြေးဆွဲဖို့အတွက် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကုန်လမ်းပို့ဆောင်ရေး၊ ဒုတိယ အထွေထွေမန်နေဂျာ ဦးတင်ဝင်းအောင်က ခုလိုပဲ ပြောပြပါတယ်။
"လက်ရှိမှာတော့ လမ်းကြောင်းတွေကို အစိုးရအဖွဲ့ကို တင်ထားတုန်းပဲ ရှိတယ်။ CNG အတွက် ကတော့ အခက်အခဲ ရှိနေတုန်းပဲ။ လက်ရှိကတော့ ဌာနက ကုန်ကားတွေရဲ့ CNG ပြောင်းတပ် ထား တာ ၅၀ ပဲရသေးတယ်။ ကျန်တဲ့အစီး ၁၀၀ အတွက်တော့ အစိုးရဆီက CNG ကိုလျှောက်မယ်။ တကယ် လို့ လျှောက်လို့ အဆင်မပြေရင် ဝယ်မယ်။ ဝယ်လို့မှ မရရင်တော့ ကားပြေးဆွဲမှုကိုရပ်လိုက် ဖို့ရှိတယ်။ CNG အတွက်ကတော့ အစိုးရအဖွဲ့ အနေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။"

အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် ပုဂ္ဂလိက ကုမ္ပဏီတွေက အမြဲစိမ်းလန်း ကုန်းလမ်းပို့ဆောင်ရေး ကုမ္ပဏီ (Forever Green Road-Transport ) နဲ့ ဆန်းရောင်နီကုမ္ပဏီတို့ ဖြစ်ပါတယ်။ အမြဲစိမ်းလန်း ကုမ္ပဏီက ကျပ်သိန်း ခုနစ်ထောင်ကျော်နဲ့ ဆန်းရောင်နီကုမ္ပဏီက ကျပ်သိန်း ငါးထောင်ကျော်ကို ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment