Saturday, June 7, 2014

စည်းကမ်းမဲ့ ယာဉ်များကို တိုင်ကြားနိုင်မည့် ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ဖေ့ဘုတ်စာမျက်နှာဖွင့်ထား

ရန်ကုန်၊ မဇ္ဈိမ။             ။ စည်းကမ်းမဲ့ ယာဉ် များနှင့်ပတ်သက်ပြီး အကြံပြုချက်များ၊ တိုင်းကြား မှုများကို ပြုလုပ်နိုင်မည့် ဖေ့စ် ဘုတ်  စာမျက်နှာတစ်ခုကို ရန်ကုန်တိုင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးက စတင်ဖွင့်လှစ်ထားပြီ ဟု ရဲမှူးဦးလင်းထွဋ် က ပြောသည်။
“အခုဖွင့်လှစ်ထားတဲ့ စာမျက်နှာ က မြန်မာတစ်နိုင်ငံလုံးက စည်းကမ်းမဲ့ ယာဉ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ လုပ်နိုင်အောင် နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ၀က်ဘ်ဆိုက်နဲ့ ချိတ်ဆက်ထားပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်းစာမျက်နှာတွင် တိုင်ကြားမှုအကြံပြုချက်များသာမက ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှု သတင်းထုတ်ပြန်ချက်များ၊ ရန်ကုန်မြို့တွင်းစည်းကမ်းဖောက်ဖျက် ကျူးလွန်သည့် ယာဉ်များနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားမည်ဖြစ်သည်။
အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာနှင့် ပတ်သက်ပြီး “ဖမ်းဆီးအရေးယူမှုတွေကို ဖော်ပြပေးတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိဖို့တော့ အရေးကြီးပါတယ်။ သူတို့ထုတ်ပြန်ချက်တွေက ပွင့်လင်းမြင်သာမှု ထင်သလောက်မရှိဘူး ဖြစ်နေတယ်” ရန်ကုန်မြို့တွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။
ယခုဖွင့်လှစ်ထားသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ဖေ့စ်ဘုတ်စာမျက်နှာအမည်မှာ Yangon Traffic Police ဖြစ်ပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးတွင် အထောက်အကူဖြစ်စေရန် ဇွန်လ ၃ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမ

No comments:

Post a Comment