Friday, October 25, 2013

အားလုံးက အမြင်စောင်းလာနေတဲ့ စာနယ်ဇင်းလောက

တစ်နှစ်သား စာနယ်ဇင်း လွတ်လပ်ခွင့်
ပြီးခဲ့တဲ့နှစ် စာပေစိစစ်ရေး အဖွဲ့ကို 

ဖျက်သိမ်းပြီး သိပ်မကြာခင်  ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည် ပြည်သူ့
လွှတ်တော်ထဲ သွားပြီး “ ပုံနှိပ်- ထုတ်ဝေ ” ဥပဒေကြမ်း သွားတင်ပါတယ်။ အဲဒီ ဥပဒေကြမ်းတင်တဲ့အခါ ၀န်ကြီးက စာပေစိစစ်ရေး မရှိတော့လို့ စာနယ်ဇင်း လွတ်လပ်ခွင့်ပေး လိုက်လို့ ဂျာနယ်တွေ
မှာ လောင်းကစားနဲ့ ပါတ်သက်တာတွေ ဖော်ပြလာကြတယ်၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ မအပ်စပ် တာတွေ ဖော်ပြလာကြတယ်၊ စာနယ်ဇင်း လောကကြီး ညစ်နွမ်းနေပါပြီ၊ ဒါတွေကြောင့် အဲဒီ ဥပဒေကြမ်း လွှတ်တော်ကို တင်ရတာပါလို့ ပြောဆိုခဲ့ပါတယ်။ စာနယ်ဇင်းကောင်စီကို ပုံနှိပ်ဥပဒေ (Press Law) ဆွဲဖို့ သဘောတူ ထားချက်ချိုးဖေါက်၊ ကောင်စီကိုလည်း လုံးလုံး မတိုင်ပင်၊ အသိတောင် မပေးပဲ ၀န်ကြီးက “ ပုံနှိပ်- ထုတ်ဝေ ” ဥပဒေကြမ်း လွှတ်တော်မှာ သွားတင်လိုက်တော့ စာနယ်ဇင်း လောကသားအားလုံး ညီညီညာညာ ကန့်ကွက်ခဲ့ကြပါတယ်။ ၀န်ကြီးရဲ့ ပြောဆိုချက်ကိုလည်း လက်မခံကြပါဘူး။
ခုလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်း လောကသားတွေကြား သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပါတ်သက်ပြီး အကြီးအကျယ် အငြင်းပွားနေကြတဲ့ ကိစ္စကို အခြား အစိုးရအဖွဲ့ဝင်တွေ၊ အာဏာရပါတီ ခေါင်းဆောင်နဲ့ အမတ်တွေ၊ အင်န်အယ်လ်ဒီ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကပါ စိတ်တ၀င်စား စောင့်ကြည့်ခဲ့တာ တွေ့ရပါတယ်။ ခုဆို ရုပ်သံနဲ့ ရေဒီယို မပါတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရတာ တစ်နှစ်ကျော်သွားပါပြီ။ လွှတ်တော်ထဲ ရောက်နေတဲ့ စာနယ်ဇင်း ဥပဒေကြမ်းတွေလည်း တစ်ခုမှ အတည်မပြုရသေးပါဘူး။ လက်ရှိ စာနယ်ဇင်းလောက အပေါ် သမ္မတ ကအစ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးဌေးဦး အလယ် တပ်မတော် ဗိုလ်ချုပ်ကြီးတွေအဆုံး သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော် ပြောဆိုလာကြပါပြီ။ လက်ရှိ မြန်မာ စာနယ်ဇင်းလောကကို သူတို့ ဘယ်လို မြင်ကြပါသလဲ၊ စာနယ်ဇင်းလောက ရေစီးကြောင်း ဘယ်ဘက်ကို စီးနေပါသလဲ၊ ရှေ့ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ဘယ်လိုမြင်နေကြသလဲ
သမ္မတ ဦးသိန်းစိန်ကတော့ အောက်တိုဘာ (၁) ရက်နေ့ ရေဒီယို အသံလွှင့်မိန့်ခွန်းမှာ သတင်း မီဒီယာ လွတ်လပ်ခွင့် ပြသနာနဲ့ ပါတ်သက်ပြီး ခုလို ပြောဆိုခဲ့ပါတယ်။ “ လွတ်လပ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီိယာလွတ်လပ်ခွင့်ကိုလည်း အရှေ့တောင်အာရှ နိုင်ငံ အတော်များများထက်ပင် ရှေ့ရောက်အောင် တိုးတက်ဖော်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွတ်လပ်ခွင့်ရှိလာတာနဲ့အမျှ တာဝန်ယူမှုလည်း ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီအတွက် မရှိမဖြစ် လိုအပ်တဲ့ မီဒီယာ လွတ်လပ်ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့ အချိန်မှာ မီဒီယာ ကျင့်ဝတ်၊ မီဒီယာ စည်းကမ်းများကို လိုက်နာဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ ယခုလို သမိုင်းဝင် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမယ့် အချိန်အခါမျိုးမှာ မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ မီဒီယာ စည်းကမ်းနဲ့ မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြပဲ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ” ဆိုပြီး ဖြစ်ပါတယ်။ သမ္မတရဲ့ ပြောဆိုချက် ရှင်းလင်းတဲ့အတွက် အကျယ်ချဲ့ ပြောဆိုဖို့ မလိုတော့ပါဘူး။
လက်ရှိ အာဏာရပါတီ ဒုဥက္ကဌ ဦးဌေးဦးဟာ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ပါ။ စက်တင်ဘာ ၁၅ ရက်၊ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်ပြီး သတင်းထောက်တွေက မေးတာကို ဦးဌေးဦးက “ ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး၊ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်၊ ကျွန်တော်ကတောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ၊ ပြင်ချင် တဲ့သူတွေ က ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်တော့ ထင်တယ်။ လူတွေက ရူးပြီး ဖြစ်နေကြတာပါ။” လို့ ပြောတယ်ဆိုပြီး စက်တင်ဘာ ၁၇ ရက် အလဲဗင်း သတင်းစာ စာမျက်နှာ ၅ မှာ ဖော်ပြခဲ့ပါတယ်။ အဲလို ဖော်ပြပြီးနောက် ဦးဌေးဦးက “ လူတွေက ရူးပြီး ဖြစ်နေကြတာပါ ” လို့ ပြောတဲ့အကြောင်း အခြား သတင်းစာ ဂျာနယ်တွေမှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး နောက် (၄) ရက်အကြာမှာ အလဲ ဗင်းသတင်းစာက မှားယွင်းတယ် ဆိုတဲ့အကြောင်း “ရှင်းလင်းချက်” လောက်ပဲ ထည့်ပြီး တောင်းပန်တာ မျိုးတောင် မလုပ်ခဲ့ပါ။ သူကိုယ်တိုင်ကြုံရတဲ့ အဖြစ်၊ ၀န်ကြီး ဦးစိုးသိန်း ပုဂ္ဂိုလ်ရေး အတိုက်ခိုက်ခံရတဲ့အဖြစ်၊ မမှန်ကန်တဲ့ ၁၁ ဘီလျံကိစ္စ ဖော်ပြလို့ အစိုးရ လွှတ်တော် အလုပ်ရှုတ်ရတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ဦးဌေးဦးက အောက်တိုဘာ ၅ ရက်နေ့ သတင်းစာမှာ ဆောင်းပါးရှင် ရဲမာန် နာမည်နဲ့ ခုလို ရေးသားဖော်ပြပါတယ်။ “ စာနယ်ဇင်းတွေက ထိန်းကျောင်းရမယ့် တာဝန်တွေ၊ စောင့်ထန်းရမယ့် ကျင့်ဝတ်တွေလည်း ရှိဖို့လိုတယ်၊ အဲဒါတွေ မရှိဘူးဆိုရင်လည်း တစ်ခုခုနဲ့ ထိန်းကျောင်းရမယ်လို့ ကျွန်တော်ထင်တယ်၊ ဒါကတော့ နောင် ကျရင် စဉ်းစားလာကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ” တဲ့။
ဒေါ်အောင်ဆန်းစုကြည်ကလည်း နေပြည်တော်မှာ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ ဆုံစဉ် ခုလို စကားမျိုးတွေ ပြောဆိုခဲ့ပါသေးတယ်။ “ တစ်ချို့တွေကလည်း သတင်းထောက်တွေ ကို ကြောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေ ပြောလိုက်ရင် အမှန်ပြောရရင် ကျွန်မပြောတောတွေလည်း ထော်လော်ကန့်လန့်တွေ၊ ပြောင်းပြန်တွေ ထွက်လာတာတွေ ရှိ တယ်။” “ အဲဒီ သတင်းကိုလည်း ကြောက်နေတဲ့ ကြောက်နေတာတွေရှိတယ်၊ ဒါကို ဆရာတို့ အနေနဲ့ ဆရာတို့ လုပ်ပေးရမယ် ” “ ဘာဖြစ်လို့လဲဆို တာဝန်မဲ့တဲ့ သတင်းသမားတွေကြောင့် ဖြစ် တဲ့ ကိစ္စတွေပေါ့နော်” “ တခါတလေ ကျပ်ကျပ်ကိုင်တယ် ဆိုတာကလည်း စိုးရိမ်ကြောင့်ကျ မှုကြောင့် ကိုင်တာပဲ”။ လို့ ဆိုပါတယ်။
စာနယ်ဇင်းတွေရဲ့ ရေးသားဖော်ပြမှုနဲ့ ပါတ်သက်ပြီး နောက်ဆုံး ဝေဖန်လာသူကတော့ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးပါ။ ပြီးခဲ့တဲ့ ရက်ပိုင်း မြစ်ကြီးနားမှာ ကေအိုင်အိုနဲ့ ငြိမ်း ချမ်းရေး ဆွေးနွေး ပွဲအပြီး ဆဲဗင်းဒေး သတင်းစာနဲ့ အင်တာဗျူးမှာ သူက ခုလို ပြောခဲ့ပါတယ်။ “ မီဒီယာပိုင်းမှာ လည်း တစ်ဖက်သတ် ရေးတာတွေ ရှိတယ်။ ” “ ဟိုတလောကပဲ ကျွန်တော် မီဒီယာ တစ်ခု မှာ တွေ့လိုက်တယ်။ အပစ်အခတ် ရပ်စဲရေး ဆိုတာနဲ့ တပ်မတော်ကနေ ညတွင်းချင်းမှာ အမိန့် တစ်ခု ထုတ်လိုက်လို့ရှိရင် အပစ်အခတ် ရပ်သွားတာပဲတဲ့။ ဘာမှ မထူးပါဘူးတဲ့။ဒါကို ဖော်ပြတဲ့ ဂျာနယ်ကလည်း ဖော်ပြတယ်။ မီဒီယာ ဆိုတာ ကျွန်တော်တို့က စတုတ္တမဏ္ဍိုင်အဖြစ် သတ်မှတ် ထားတယ်။ ဘာကြောင့်လဲ။ တို့ရဲ့ ပထမ၊ ဒုတိယ၊ တတိယ မဏ္ဍိုင်တို့ကို သူက အထောက် အကူပြုတယ်။” “ကိုယ် ဟိုနေ့တုန်းက မီဒီယာမှာ ဆဲဗင်းဒေးကလား မသိဘူး။ ဒီ ကေဘီစီ က ဒေါက်တာ ဆမ်ဆွန်ပြောတာပေါ့။ ထည့်တာရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲအပေါ် ဘယ်လိုမြင်လဲ ဆိုတော့။ ဒါက အာစီယံ ဥက္ကဌ အလှည့်၊ ဥက္ကဌ နီးလို့ မရရအောင် လုပ်တယ်လို့ သူတို့ ကမြင် တယ်လို့။ နောက်တစ်ခုက ဒေါက်တာ စိုင်းမောက်ခမ်းလာတဲ့အခါမှာ ဘာမှလည်း သိပုံမရဘူး လို့။ ဒုသမ္မတ ဆိုတာ နိုင်ငံတော် အကြီးအကဲ တစ်ယောက်ပဲ။ ဒါမျိုးတွေက နိုင်ငံတော်အကြီးအကဲ တစ်ယောက် သူ့ရဲ့ ဂုဏ်သိက္ခတွေကို ထိပါးအောင်လုပ်တာ၊ ဒါပြောတာကို ဂျာနယ်ကလည်း ထည့်တယ်။” “ မဖြစ်နိုင်တဲ့ဟာတွေ၊ တစ်ဖက်သားကို ထိခိုက်စေတဲ့ နစ်နာစေတဲ့ဟာမျိုး မရေးတာ ကောင်းတယ်။” လို့ ဆိုပါတယ်။ ဒါတွေခြုံငုံကြည့်ရင် လက်ရှိ နိုင်ငံမှာ အရေးပါ တဲ့သူတွေ စာနယ်ဇင်းတွေအပေါ် ဘယ်လောက် အမြင်စောင်းနေပြီလဲ သိသာနိုင်ပါတယ်။
ငါးခုံးမ တစ်ကောင်နှစ်ကောင်
တကယ်တော့ စာနယ်ဇင်း လွတ်လပ်ခွင့် တစ်နှစ်ကျော်ကာလမှာ ဖော်ပြလို့တောင် မရနိုင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ပြည်သူတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ စာအုပ်စာ တန်းတွေ ကို ဘယ်ခေတ်ကာလနဲ့မှ မတူအောင် ပုံနှိပ်ဖော်ပြလာနိုင်ပါတယ်။ မဏ္ဍိုင်ကြီး ၃ ရပ်ကို ထောက်ပြနိုင်တဲ့ သတင်း၊ သတင်းဆောင်းပါးတွေလည်း အများအပြား ရေးလာနိုင်ပါတယ်။ ဒါပေမယ့် ငါးခုံးမ တစ်ကောင်နှစ်ကောင်ကတော့ ရှိခဲ့ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖေါက်ပြီး အစိုးရ နဲ့ ပုဂ္ဂလိကတွေကို ပုဂ္ဂိုလ်ရေး ထိုးနှက်တာတွေ အပါအ၀င် မဆင်မခြင် ရေးချင် သလို ရေး၊ ဖော်ပြချင်သလို ဖော်ပြတဲ့ သတင်းစာ ဂျာနယ်တွေလည်း ရှိန်ေခဲ့ပါတယ်။ လူဗြိန်းကြိုက်ဖြစ်တဲ့ အတွက် အဲဒီ စာစောင်တွေ ဈေးကွက်ထဲမှာ ရောင်းလည်း ကောင်းပါတယ်။ ခက်တာက အဲဒီ သတင်းစာ ဂျာနယ်တွေရဲ့ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖေါက်တာတွေ ကို ထောက်ပြသူ မရှိတာပါ။ အစိုးရကလည်း စာနယ်ဇင်း လွတ်လပ်ခွင့် ပိတ်ပင်တယ် အမြင်ရောက်မှာစိုးလို့ ဘယ်လောက် ဆိုးဆိုး တရားမစွဲပါ။ အဲလို ဖြစ်လာလေလေ၊ စာနယ်ဇင်းကျင့်ဝတ် ချိုးဖေါက်မှုက များလေလေပါပဲ။ ခုတော့ အဲဒီ နည်းနဲ့ လူကြိုက်များ၊ ဈေးကွက်ရ၊ ၀င်ငွေဖြောင့်တာ တွေ့လာလို့ အခြားနယ်ပယ်က လူတွေပါ စာနယ်ဇင်းလောကထဲ ဒိုင်ပင်ပစ် ၀င်လာနေကြပါပြီ။ ဈေးကွက်ကလည်း စာနယ်ဇင်း ကျင့်ဝတ် အချိုးဖေါက်ဆုံး၊ အဆဲနိုင်ဆုံး စာစောင် ရောင်းကောင်းတဲ့ အခြေအနေ ဘက် ဦးတည်နေပါပြီ။
ဘယ်လိုလုပ်ကြမလဲ
ဒီလို အခြေအနေကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့် အစိုးရက ပြန်ထိန်းမယ် ဆိုတာမျိုးကိုတော့ ခွင့်ပြုလို့မရပါ။ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖေါက်တဲ့ စာစောင်တွေကို တစ်ယောက်ချင်းစီဖြစ်ဖြစ်၊ စာစောင် တစ်ခုချင်းပဲဖြစ်ဖြစ်၊ MJA, MJN, MJU လို စာနယ်ဇင်း အဖွဲ့တွေကပဲဖြစ်ဖြစ်၊ စာနယ်ဇင်းကောင်စီကပဲ ဖြစ်ဖြစ် ပုံမှန်ဝေဖန်ထောက်ပြပေးနေဖို့ လိုပါတယ်။ ဝေဖန်ထောက်ပြ တာကို တရားစွဲမယ်လို့ ခြိမ်းခြောက်တာမျိုး၊ အခြားနည်းနဲ့ အကြပ်ကိုင်တာမျိုးတွေ ရှိခဲ့ရင်လည်း စာနယ်ဇင်းသမားတွေ ရဲရဲရင့်ရင့် ရင်ဆိုင်ကြရပါမယ်။ ဒါဟာ စစ်အစိုးရခေတ်က ကင်မရာတွေ့တာနဲ့ ထောင်ကျခံရတဲ့ အခြေအနေလောက်ထိ မဆိုးရွားပါဘူး။ နိုင်ငံတကာမှာ လူဆိုးဂုဏ်းတွေ၊ အဂတိလိုက်စားတဲ့ အစိုးရအဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ်ရင်း၊ စစ်သတင်းလိုက်ရင်း အန္တရာယ်ကြုံကြရတဲ့ ဂျာနယ်လစ်တွေရဲ့ အခြေအနေလောက်လည်း မပြင်းထန်ပါဘူး။ မီဒီယာ လွတ်လပ်ခွင့်ရဖို့ ရဲရဲ့ဝန့်ဝန့် တိုက်ပွဲ ၀င်ခဲ့ကြသလို၊ ရလာတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အလွဲသုံးနေသူတွေ ဖျက်ဆီးနေကြတာကိုလည်း ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားကောင်း မှန်သမျှ ကာကွယ်ရမယ်သာ ဖြစ်ကြောင်းပါ။

 .. www.MyanmarExpress.net


No comments:

Post a Comment