Wednesday, July 31, 2013

ပြည်သူများ၏ ပေးစာများအား အရေးယူ ဆောင်ရွက်ချက်များကို ပြည်သူများ သိရှိစေရန် သမ္မတရုံးမှ ထုတ်ပြန်ကြေညာခြင်း

 ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေးကော်မတီနှင့် သက်ဆိုင်
သည့် အကြံပြုချက်များအပေါ် 
အရေးယူဆောင်ရွက်မှု အခြေ
အနေများ
၁။   ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မော်တော်
ယာဉ်များ ကုန်ပစ္စည်း သယ်ဆောင်သွားလာရာတွင် မလိုအပ်ဘဲ အခွန်များကို အကြိမ်ပေါင်းများစွာ ပေးဆောင် နေရခြင်း၊ လှိုင်သာယာ စက်မှုဇုန်မှ သီလဝါ ဆိပ်ကမ်းသို့ သင်္ဘော တင်ရန် ပို့ဆောင်ရသော ဆန်၊ ပဲ စသည့် တင်ပို့ကုန်ပစ္စည်း တစ်ခုချင်းအပေါ်တွင် ငွေ ၅၀၀ ကျပ်ခန့် ပိုမိုပေးဆောင် နေရခြင်း အကြံပြုချက်နှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းတင်ပြရာတွင် စီးပွားရေး လုပ်ငန်းသုံးများအတွက် မော်တော်ယာဉ် လိုင်စင်ခွန်အား ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနက ကောက်ခံပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများအား အသုံးပြုမောင်းနှင်သော ကုန်ပါသည့် မော်တော်ယာဉ်များအတွက်သာ လမ်းအသုံးပြုခနှင့် ဘီးခွန်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကောက်ခံပါသည်။ တစ်နှစ်လျှင် မော်တော်ယာဉ် လိုင်စင်ဝင်သည့် တစ်ကြိမ်သာ ဘီးခွန်ကောက်ခံခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် မော်တော်ယာဉ်အရေအတွက်နှင့် လက်ရှိ မော်တော်ယာဉ် အသုံးပြုမှု အရေအတွက်မှာ များစွာ ခြားနားတိုးတက်လာခြင်း၊ မြို့တော် နယ်နိမိတ်အတွင်း ဖောက်လုပ်ထားသော လမ်းမိုင်များမှာလည်း ယခင်အခြေအနေထက် များစွာ ကွာခြားခြင်း တို့ကြောင့် ဘီးခွန်အား တိုးမြှင့် ကောက်ခံရန် လိုအပ်သော်လည်း (၁-၉-၁၉၉၇) ရက်နေ့မှ ယနေ့အထိ ဘီးခွန်နှုန်းထား ထပ်မံတိုးမြှင့်ခြင်း မပြုဘဲ အောက်ပါဈေးနှုန်း များအတိုင်း ကောက်ခံခဲ့ပါသည်-
စဉ်
မော်တော်ယာဉ်အမျိုးအစား
ကောက်ခံသည့်နှုန်း (တစ်နှစ်)
(က)
၃၀၀၁ မှ ၄၀၀၀ ကီလိုဂရမ် အထိ
၁၅၆၀/-ကျပ်
(ခ)
၄၀၀၁ မှ ၅၀၀၀
၂၂၈၀/-ကျပ်
(ဂ)
၅၀၀၁ မှ ၆၀၀၀
၂၅၂၀/-ကျပ်
(ဃ)
၆၀၀၁ မှ ၇၀၀၀
၃၀၀၀/-ကျပ်
(င)
၇၀၀၁ မှ ၈၀၀၀
၃၃၆၀/-ကျပ်
(စ)
၈၀၀၁ မှ ၉၀၀၀
၃၇၂၀/-ကျပ်
(ဆ)
၉၀၀၁ မှ ၁၀၀၀၀
၄၃၂၀/-ကျပ်

၂။ အကြံပြုချက်တွင် ကုန်တင်ယာဉ်တစ်စီးသည် ရန်ကုန်စည်ပင်နယ်နိမိတ်ဖြစ်သော အနောက်ဘက်လှိုင်သာယာ၊ ထန်းတပင်နှင့် အရှေ့ဘက်သန်လျင်မြို့များသို့ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် မလိုအပ်ဘဲ အခွန်အခများကို အကြိမ်ပေါင်းများစွာ ပေးဆောင်နေရခြင်း၊ လှိုင်သာယာစက်မှုဇုန်မှ သီလဝါဆိပ်ကမ်းသို့ သင်္ဘောတင်ရန် ပို့ဆောင်ရသော ဆန်၊ ပဲ တင်ပို့ကုန် ပစ္စည်းတစ်ခုချင်းအပေါ်တွင် ငွေ (၅၀၀) ကျပ်ခန့် ပိုမိုပေးဆောင်နေရခြင်းဟု တင်ပြထားရာ ယင်းကုန်ပစ္စည်း တစ်ခုချင်းအပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အခွန်ငွေကောက်ခံခြင်း မပြုပါကြောင်း ပြန်လည်ရှင်းလင်း တင်ပြ ထားပါသည်။

၃။ လှိုင်သာယာစက်မှုဇုန်မှ ထွက်ခွာလာသော ကုန်တင်မော်တော်ယာဉ်သည် လှိုင်သာယာ မြို့နယ် ညောင်တုန်းလမ်း၊ ယင်းမှအောင်ဇေယျတံတား၊ ယင်းမှ ဘုရင့်နောင်လမ်း၊ ယင်းမှ ကွန်ကရစ်ကမ်းနားလမ်း၊ ယင်းမှ မဟာဗန္ဓုလတံတား၊ ယင်းမှ ရှုခင်းသာမြို့ပတ်လမ်း၊ ယင်းမှ သန်လျင်တံတားအမှတ် (၁) မှတစ်ဆင့် သန်လျင်မြို့သို့ သွားရောက်သကဲ့သို့ သန်လျင်တံတား အမှတ် (၁) ကို အသုံးမပြုပါက မဟာဗန္ဓုလတံတား ဖြတ်ပြီးရှုခင်းသာ မြို့ပတ်လမ်း၊ ဧရာဝဏ်လမ်း၊ ပဲခူးမြစ်လမ်း၊ ယင်းမှ ဒဂုံတံတား (သံလျင်တံတား အမှတ်-၂) ကို ဖြတ်၍ သီလဝါဆိပ်ကမ်းသို့ သွားရောက်ပါသည်။ အဆိုပါ ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များအား အောက်ပါအတိုင်း ကောက်ခံပါသည်-
(က)
အောင်ဇေယျတံတားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တံတားဖြတ်သန်းခ (ကုန်ပါ၊ ကုန်မပါယာဉ် အားလုံး)။
(ခ)
ကွန်ကရစ်ကမ်းနားလမ်းတွင် ကောင်းမြတ်သော မြေကုမ္ပဏီမှ လမ်းအသုံးပြုခ။
(ဂ)
ကျန်လမ်းများဖြစ်သော ဘုရင့်နောင်လမ်း၊ ရှုခင်းသာမြို့ပတ်လမ်း၊ ဧရာဝဏ်လမ်း၊ ပဲခူးမြစ်လမ်း စသည်များ အသုံးပြုခြင်းအတွက် လမ်းအသုံးပြုခကို “ကုန်ပါသော မော်တော်ယာဉ်များ အတွက်သာ” ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနက သန်လျင်တံတားနှင့် ဒဂုံတံတားတို့ရှိ လမ်းအသုံးပြုခ ကောက်ခံရေး ဂိတ်မှ ကောက်ခံပါသည်။

၎။ တံတားဖြတ်သန်းခ၊ လမ်းအသုံးပြုခများသည် ယင်းလမ်းအသုံးပြုမှုအပေါ်တွင် အခြေခံ၍ ကောက်ခံခြင်း ဖြစ်ပြီး အောက်ပါ အတိုင်း ခွဲခြားထားပါသည်-      
(က)
ဆောက်လုပ်ရေးလမ်းများ။ ယင်းလမ်းသို့ ဖြတ်သန်းသည့် မည်သည့် ယာဉ်ကိုမဆို ဖြတ်သန်းသည့်အကြိမ်တိုင်း လမ်းအသုံးပြုခ ကောက်ခံခြင်း ဖြစ်ပါသည်။ ဥပမာ- ညောင်တုန်းမှ ရန်ကုန်သို့ မော်တော်ယာဉ် တစ်စီး မောင်းနှင်လာပါက ထန်းတပင်မြို့နယ် အတွင်းရှိ တူးချောင်းဂိတ်မှ ယင်းမော်တော်ယာဉ်အတွက် လမ်း အသုံးပြုခ ကောက်ခံ၍ ယင်းလမ်းအသုံးပြုခသည် တူးချောင်းမှ အောင်ဇေယျတံတား နှင့် ရွှေပြည်သာ တံတား အထိ ဆောက်လုပ်ရေးလမ်းအတွက် ကောက်ခံခြင်း ဖြစ်ပါသည်။
(ခ)
တံတားဖြတ်သန်းခ။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောက်ခံခြင်းဖြစ်ပြီး တံတား ဖြတ်သန်းသည့် အကြိမ်တိုင်း ယာဉ်အားလုံးကို ကောက်ခံပါသည်။
(ဂ)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံသည့် လမ်းအသုံးပြုခ။ ကုန်ပါသော မော်တော်ယာဉ် များကို ကောက်ခံပြီး ကျန်လူစီးယာဉ်၊ ကိုယ်ပိုင်ယာဉ် နှင့် ကုန်မပါသော မော်တော်ယာဉ် များကို ကောက်ခံခြင်း မပြုပါ။ (၂၄) နာရီအတွင်း ဖြတ်သန်းခြင်းအတွက် (၁) ကြိမ်သာ ကောက်ခံပါသည်။ (ဂိတ်တစ်ဂိတ်တွင် ကောက်ခံ ပြီးသော ပြေစာအား (၂၄) နာရီအတွင်း ပြသနိုင်ပါက ကျန်ဂိတ်များတွင် ကောက်ခံခြင်းမပြုပါ။) ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းများ၏ ကွန်ယက်သည် များပြားသဖြင့် လမ်းအသုံးပြခ ကောက်ခံရေး စခန်းများကို မြို့ဝင်လမ်းများတွင် မှော်ဘီ၊ အင်းတိုင်၊ သန်လျင်၊ လှိုင်သာယာ၊ တညင်းကုန်း၊ ဒဂုံတံတား၊ ရွာသာကြီး (ပုံသေဂိတ်)၊ အင်းစိန် (ပုံသေဂိတ်)၊ ဖောင်ကြီး (ပုံသေဂိတ်) ဟူ၍ ဂိတ်များခွဲ၍ ကောက်ခံပါသည်။

၅။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်း သက်သေခံလက်မှတ် (B.C.C) စစ်ဆေး ထောက်ခံချက်ပေးသည့် လုပ်ငန်းနှင့် အခွန်ဌာန (၂) ခုတို့မှ မလိုအပ်သည့် အဆင့်များကို ဖြေလျော့ပေးစေလိုပါကြောင်း အကြံပြုချက်နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင်ပြရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ (၇-၈-၂၀၀၆) ရက်စွဲပါ စာအမှတ်၊ ဘခ-၂/၁၁ (၁၁၃၀/၂၀၀၆) ဖြင့် အကြောင်းကြားလာမှုအရ လည်းကောင်း၊ (၂၀-၁-၂၀၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နိုင်ငံရေးနှင့် လုံခြုံရေး ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရလည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကိစ္စ စိစစ်ပြီးကြောင်း ထောက်ခံချက် ပါရှိမှသာ သတ်မှတ်ထားသော စံနှုန်းနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးပြီး အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း သက်သေခံ လက်မှတ် (B.C.C) ခွင့်ပြုမိန့် ဆောင်ရွက် ပေးလျက်ရှိသော်လည်း အထပ်နိမ့်အဆောက်အဦများ (B.C.C) လျှောက်ထားလာပါက ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကိစ္စ စိစစ် ပြီးစီးကြောင်း ထောက်ခံချက်ပါရှိရန် မလိုဘဲ အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံ လက်မှတ် (B.C.C) အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သတ်မှတ်စံနှုန်းနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်တွင် ကွင်းဆင်းစစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

၆။  ရန်ကုန်မြို့တော်တွင် ဆိုင်ကယ်များ မစီးရဟု အမိန့်ထုတ်ထားသော်လည်း ဆိုင်ကယ်များ သွားလာလျက်ရှိကြောင်း အကြံပြုချက်နှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်း တင်ပြရာတွင် (၈-၆-၂၀၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နိုင်ငံရေးနှင့် လုံခြုံရေး ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်များအတွင်း ဆိုင်ကယ်များ စီးနင်းမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ဆိုင်ကယ်စီးနင်းသူများအား ပူးပေါင်း ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြထားပါသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တွင် ကျင်းပခဲ့သည့် ၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာမေးခွန်း နံပါတ်တစ်ခုသည် မှားယွင်းနေပါသဖြင့် ကျောင်းသားများ နစ်နာမှု မရှိစေရေး စဉ်းစားပေးစေလိုကြောင်း အကြံပြုတင်ပြချက်အပေါ် ပညာရေးဝန်ကြီးဌာန၏ အရေးယူ ဆောင်ရွက်မှု အခြေအနေများ

၁။  ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တွင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာမေးခွန်း နံပါတ်-12 B မှ (၅) မှတ်တန် မေးခွန်းပုစ္ဆာ မပြည့်စုံခြင်းအပေါ် အမှတ်ပေး စည်းမျဉ်း ရေးဆွဲစဉ်ကတည်းက စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၂။   အဆိုပါ ပုစ္ဆာဖြေဆိုသူတိုင်းကို အမှတ် (၅) မှတ်ပေးခဲ့ပြီး မေးခွန်းပြုစုသူအား ပြင်းထန်စွာ သတိပေးခဲ့ပြီးကြောင်း တင်ပြထားပါသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အရေးယူဆောင်ရွက်မှုအပေါ် မကျေလည်မှုများ၊ မေးမြန်း စုံစမ်းလိုသည်များ ရှိခဲ့ပါက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ထပ်မံပေးပို့ အကြောင်းကြားနိုင်ပါကြောင်း ကြေညာ အပ်ပါသည်။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့

No comments:

Post a Comment