Tuesday, July 16, 2013

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်း တင်ပို့သွားရန်မှာ မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေး ပညာရှင်များ သုံးသပ်

မြန်မာနိုင်ငံရှိ လယ်မြေများသည် နွေစပါး စိုက်ပျိုးရာ
တွင် ဆည်ရေရရှိမှု နည်းပါးခြင်း၊ ဆန်အဓိက ထွက်ရှိ
 သည့် ဒေသများတွင် မိုးရေချိန် နည်းပါးခြင်း၊ လက်ရှိ လယ်သမားများတွင် ၀မ်းစာစပါး ပြတ်လတ်မှု များနှင့် ကြုံတွေ့နေရသောကြောင့် ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်း တင်ပို့ရန် မှာ မဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းဝင်း က ပြောကြားသည်။
မြန်မာနိုင်ငံ လယ်စိုက်ဧကများ၏ ၁၅ ရာခိုင်နှုန်း ခန့်သည် ဆည်ရေသောက် စိုက်ပျိုးနေရသော်လည်း ဆည်ရေသွင်းမြောင်းများ ကောခြင်းကြောင့် ခန့်မှန်း
စိုက်ဧက၏ ထက်ဝက်ခန့်သာ ရေရရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ကျန်စိုက်ဧကများသည် ရာသီဥတုပေါ် မှီခိုနေရသော်လည်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် မိုးခေါင်မှုများ ကြုံတွေ့နေရပြီး ယခုနှစ် ဆန်စပါး အထွက်နှုန်း ကျဆင်းနေကြောင်း သိရသည်။
ဒေါက်တာထွန်းဝင်းက ''လယ်စိုက်ပျိုးနေတဲ့ လယ်သမားတွေ ကိုယ်တိုင် ၀မ်းစာစပါး မရှိတော့ဘူး။ ဒါ့အပြင် နွေစပါးကလည်း ဆည်ရေမရလို့ သုံးပုံတစ်ပုံလောက်ပဲ စိုက်နိုင်တယ်။ မိုးရေအပေါ် မှီခိုနေရတဲ့ စိုက်ဧက ရာခိုင်နှုန်း ၈၀ ကျော်ကလည်း မိုးရေမရလို့ ထင်သလောက် မဖြစ်နိုင်ဘူး။ ဒီလို အခြေ အနေ တွေကြောင့် ဒီနှစ်စပါး အထွက်နှုန်း ကျဆင်းလာနိုင်ပါတယ်။ အရင် ဘဏ္ဍာနှစ်တုန်းက ပို့ခဲ့တဲ့ ဆန်တန်ချိန် နှစ်သန်းလောက်ကိုတောင် အနိုင်နိုင် ပို့ခဲ့ရတာ အခုနှစ် မြန်မာနိုင်ငံ လယ်ယာမြေ မှာ ဖြစ်နေတဲ့ အခြေအနေ အတိုင်းဆိုရင် အခုနှစ် တန်ချိန် သုံးသန်းပို့ဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး'' ဟု ဆိုသည်။
လက်ရှိ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံမှ The Kasikom Research Centre က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ဆန်တန်ချိန် သုံးသန်းခန့် တင်ပို့နိုင်မည့် ကမ္ဘာ့အဓိက ဆန်တင် ပို့သည့် နိုင်ငံဖြစ်လာ နိုင်သည်ဟု သုံးသပ်ထားသော်လည်း လက်ရှိ လယ်ယာမြေများ တွင် ဖြစ်ပေါ်နေသော ပြဿနာများကြောင့် အခက်အခဲများ ကြုံတွေ့ နိုင်ကြောင်းလည်း သိရသည်။

''လက်ရှိမှာ ပဲခူးတိုင်းဒေသက ဇောင်းတူဆည် တည်ဆောက်ပြီးတဲ့ နောက်မှာ ထိန်းသိမ်းမှု အားနည်းလို့ ပဲခူးတိုင်း အရှေ့ပိုင်းက လယ်ယာတွေ နှစ်စဉ်ဧက တစ်သောင်းကျော် ပျက်စီး ဆုံးရှုံးနေပါ တယ်။ နောက် နေပြည်တော်လို နေရာမှာတောင် စပါးစိုက်ဖို့ ဆည်ရေ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ကျန်တဲ့ ဒေသတွေဆိုရင် ပိုတောင် ဆိုးသေးတယ်။ ဒီလို အခြေအနေတွေကို မထိန်းသိမ်းနိုင်ရင် သတ်မှတ် လျာထားချက်ကို မှီဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး'' ဟု စိုက်ပျိုးရေး ပညာရှင် တစ်ဦးက သုံးသပ်ခဲ့သည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း လျာထားချက် ပြည့်မီမှီအောင် တင်ပို့နိုင်ရန် နိုင်ငံတကာ ဈေးကွက် ၀င်သော ဆန်အမျိုးအစားများကို ပိုမိုစိုက်ပျိုးရန် လိုအပ်ပြီး၊ သဘာဝ ရေအရင်းအမြစ်ကို အကျိုးရှိစွာ အသုံးချရန်နှင့် ဆည်ရေများကို သတ်မှတ်ထားသော လယ်ဧကအတိုင်း ရေအပြည့်အ၀ ပေးနိုင်ရန် ကြိုးပမ်းသင့်သည်ဟု ၎င်းပညာရှင်က အကြံပြု ပြောကြားခဲ့သည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ ဒသမ ၄ ဘီလျံ တင်ပို့ပြီး ယခုဘဏ္ဍာ နှစ် တွင်လည်း ဆန်တန်ချိန် သုံးသန်း တင်ပို့သွားနိုင်ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။


From....EMG

No comments:

Post a Comment