အခုတလော
ပြည်သူတွေကြားထဲမှာရော အစိုးရအဖွဲ့ဝင် နိုင်ငံရေးသမားတွေ နဲ့ လွှတ်တော်
အမတ်တွေ ကြားထဲမှာပါ ရေပန်းအစားဆုံး သတင်းတစ်ခုကတော့ “ ဒေါ်လာ ၁၁ ဘီလျံ ”
ပြသနာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း သတင်းစာ
မှာ “ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများဇ။် နိုင်ငံခြား ဘဏ်စာရင်းများလော၊
ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာ အကောင့်န် ၅ ခုကို အစိုးရအနေဖြင့်
ဖော်ထုတ်ရှင်းလင်းရန် လိုလာ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစိုးရအပေါ်
စွတ်စွဲထားတဲ့ သတင်းတစ်ပုဒ် စတင် ဖော်ပြခဲ့ပြီးနောက် ဒီ သတင်း ဂယက်
အကြီးအကျယ် ရိုက်ခတ်သွားခဲ့ပါတယ်။ ဒီ သတင်းကို အခြေပြုပြီး ထပ်ဆင့်
သတင်းဖော်ပြတာတွေ၊ ဝေဖန်တာတွေ၊ အယ်ဒီတာ့ အာဘော်ရေးတာတွေ၊ ကာတွန်းရေး
လှောင်ပြောင်တာတွေ ရှိခဲ့ပြီး အစိုးရအဖွဲ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး
ပြန်ရှင်းခဲ့ပါတယ်။ အခုနောက်ဆုံး အစိုးရအဖွဲ့ တာဝန်ရှိသူတွေက အောက်တိုဘာ ၎
ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သွားရောက်
ရှင်းလင်းခဲ့ပြန်ပါတယ်။ ရှင်းလင်းချက်မှာတော့ “ အမေရိကန် ဒေါ်လာ ၁၁
ဘီလျံအထိရှိသော ဘဏ်စာရင်း (၅) ခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက
အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်မှ အကြွေးလျော်
မပေးခဲ့ခြင်း ဖြစ်သည်ဟု Bank Information Center (BIC) ရဲ့ Asia Program
မန်နေဂျာ Mr.Jelson Garcia (အလဲဗင်းက နောက်ပိုင်း အမှားပြင်ဆင်ထားတဲ့
တာဝန်နဲ့ ရာထူး) က စက်တင်ဘာ ၁၀ ရက်နေ့က ပြောကြားခဲ့သည် ဟူသည့်
စာနယ်ဇင်းများဇ။် ဖော်ပြရေးသားချက် သည် မှန်ကန်မှု မရှိပါကြောင်း ” ဆိုပြီး
ဖြစ်ပါတယ်။ စာနယ်ဇင်းတွေက ရေး၊ အစိုးရက သတင်းစာရှင်းလင်းပွဲနဲ့ ရှင်း၊
လွှတ်တော်ထဲ လည်း ရှင်း ဆိုပေမယ့် အမတ်တွေရော၊ နိုင်ငံရေးသမားတွေရော၊
ပြည်သူတွေကပါ သိပ် မရှင်းလင်းကြဘူး လို့ ဆိုပါတယ်။ ခုတစ်ပါတ် ဒီအကြောင်း
ရှင်းလင်းဆွေးနွေးတင်ပြပါ့မယ်။
ဇတ်လမ်းအကျဉ်း
စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း သတင်းစာ စာမျက်နှာ ၁၇ ပါ ဖော်ပြချက်မှာ အချက် (၂) ချက် အဓိက ပါပါတယ်။ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့်န် ၅ ခုရှိတယ်၊ စုစုပေါင်း ဒေါ်လာ ၁၁ ဘီလျံ ရှိတယ် ဆိုတာက တစ်ချက်၊ နောက်တစ်ချက်ကတော့ အဲလို ဒေါ်လာ ၁၁ ဘီလျံ ရှိတာကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်ပြီး အကြွေးတွေ လည်း လျော်မပေးခဲ့ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီ (၂) ချက်ကို ပြောသူက Bank Information Center (BIC) ရဲ့ Asia Program မန်နေဂျာ Mr.Jelson Garcia ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက အဲဒီ (၃) ချက် အပေါ် အခြေခံပြီး အငြင်းပွားကြတာပါပဲ။
ဒီ သတင်းကို စိစစ်ကြည့်ရင် အဲဒီ အချက်(၂) ချက်ကို ပြောသူဟာ ဂျေဆင်ဂါစီယား ပါ။ အလဲဗင်း သတင်းစာ ပထမနေ့ ဖော်ပြချက်မှာ ဂျေဆင် ဂါစီယားက ဒီ အချက်ကို သူ ဘယ်က သိရတယ်၊ ဘယ်နေရာမှာ ဘယ်သူ့ကို ဘာကို အကြောင်းပြုပြီး ပြောတယ်ဆိုတာ ဖော်ပြမထား ပါဘူး။ နောက် တစ်နေ့ထုတ် သတင်းစာမှာတော့ ဂျေဆင်က အီးမေးလ်နဲ့ ပြောတဲ့ တိုက်ရိုက် ကုတ် နဲ့ ပြောစကားတစ်ချို့ ပါလာပါတယ်။ အဲဒီ အချက်ဟာ အခုပြသနာနဲ့ ပါတ်သက်ရင် အလွန်အရေးကြီး တဲ့ အချက်ဖြစ်ပါတယ်။ တိတိကျကျ ဖတ်ကြည့်ကြပါ။
“ ၂၀၁၂ မတ်နဲ့ ဧပြီလမှာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကျွန်တော်နဲ့ အခြားလုပ်ဖော်ကိုင် ဖက်တွေ တွေ့ပြီး ဆွေးနွေးခဲ့တဲ့ အစည်းအဝေးတွေကို အခြေခံပြီး ဒီအချက်အလက်တွေ ရခဲ့တာပါ။ အဲဒီ အစည်းအဝေး တက်ရောက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မှတ်စုနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် မှတ်စုတွေအရ မြန်မာနိုင်ငံဟာ Account အချို့နဲ့ အရံငွေ သိမ်းထားတာတွေ ရှိကြောင်း၊ ခန့်မှန်းငွေ ပမာဏ ကွဲပြားမှုတွေ ရှိကြောင်းနှင့် ဘယ်ဘဏ် အကောင့်န်တွေလဲ ဆိုတာကို တိတိကျ ကျ ဖော်ပြ မပေးခဲ့ကြောင်း၊ အလေးထား ပြောခဲ့ပါတယ်။” ဆိုပြီးဖြစ်ပါတယ်။
အဲဒါကို အခြေခံပြီးပြောရရင် ဂါစီယာ ဆိုလိုတာ အဲဒီ အစည်းအဝေးမှာ မြန်မာ အကောင့်န် တစ်ချို့ ဆိုပြီး သုံးပါတယ်။ (၅) ခုလို့ တိတိကျကျ မပြောပါ။ အကောင့်န် အရည်အတွက် အမျိုးမျိုး ခန့်မှန်းတယ် ဆိုထား တဲ့အတွက် (၅) ခုဆိုတာလဲ ပါဝင်နိုင်တဲ့ သဘောပါ။ ဒီထက် အရေးကြီးတာ နောက်တစ်ခုက ဒေါ်လာ ၁၁ ဘီလျံ တိတိကျကျ ပြောမထားပဲ “ ခန့်မှန်းငွေ ပမာဏ ကွဲပြားမှုတွေ ရှိကြောင်း ” ဆိုတာလောက် ပြော ထားတာ ဖြစ်ပါတယ်။ ဆိုလိုတာ အဲဒီ အစည်းအဝေးမှာ တက်လာသူတွေက ငွေပမာဏ အမျိုးမျိုး ခန့်မှန်းကြပြီး ကွဲပြားကြတယ်၊ အဲဒီခန့်မှန်းချက်တွေထဲမှာ ဒေါ်လာ ၁၁ ဘီလျံ ပါတယ် ဆိုတာလောက်ပဲ ဖြစ်နိုင်ပါတယ်။ ပြောရရင် သတင်းကို စ ပြီး အခြေတည်ကတည်းက မသေခြာ မရေရာတဲ့ ဒေါ်လာ ၁၁ ဘီလျံဖြစ်ပါတယ်။ ဒီနေရာမှာ အလဲဗင်း သတင်းစာဟာ ၁၁ ဘီလျံနဲ့ ဖော်ပြတာနဲ့ ပါတ်သက်ရင် သတင်းထဲမှာ ဂါစီယာ ပြောတာကို အပြည့်အစုံ မပြောပဲ ထိန်ချန်ထားမှု ရှိနိုင်ပါတယ်။ ဒါဟာ အဦးအစ ပြသနာဖြစ်ပါတယ်။
သတင်းစာကျင့်ဝတ်
နောက်ပြသနာ တစ်ခုက သတင်းတစ်ခုအနေနဲ့ ဖော်ပြတော့မယ် ဆိုရင် ဂါစီယာ ပြောတာလောက်ပဲ မလုံလောက်ပါဘူး။ ဒီ ပြောဆိုမှုကို ဘယ်နေရာ၊ ဘယ်သူက အတည်ပြုပေးမလဲ ရှာဖို့ လိုပါတယ်။ ဘယ်သူမှ အတည်ပြုပေးနိုင်ခြင်း မရှိဘူး ဆိုရင်လည်း ဂါစီယာက ပြောတယ်ဆိုတဲ့တိုင် (တိတိကျကျပြောတာတောင် မသေခြာပါ) သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး ဆိုပြီး ဖော်ပြပေးဖို့ လိုပါတယ်။ ဒါပေမယ့် အလဲဗင်း သတင်းစာဟာ အဲလို ဖော်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။
ဒီလို အကောင့်အရည်အတွက် မသေခြာ၊ ခန့်မှန်းငွေ ကိုလည်း အတည်မပြုနိုင်သေးတဲ့ မရေရာတဲ့ အချက်တွေအပေါ် မူတည်ပြီး အလဲဗင်း သတင်းစာ က “ စီးပွားရေး ပညာရှင်များက ဆိုသည်။” “ ဥပဒေနှင့် စီးပွားရေးပညာရှင် တစ်ဦးက ထောက်ပြသည်။” “ စီးပွားရေး ပညာရှင်တစ်ဦးက” စတဲ့ ယုံကြည် စိတ်ချရဖွယ်မရှိတဲ့ တကယ်ပြောထားတာ ဟုတ်မှန်း မဟုတ်မှန်း မသေခြာတဲ့ အစိုးရအပေါ် စွတ်စွဲပြောဆိုချက်တွေနဲ့ သတင်းကို တည်ဆောက်ထားတာ တွေ့ကြရပါတယ်။
၁၁ ဘီလျံ ပဲ့တင်သံညံ
ဘယ်လိုပဲဖြစ်ဖြစ် မသေခြာ မရေရာတဲ့ ၁၁ ဘီလျံသံကတော့ ပဲ့တင်သံ ညံသွားပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်း ဖြစ်ခွင့်ရတာ ၁ နှစ်သားကျော်ပဲ ရှိတဲ့ နုနယ်လှတဲ့ စာနယ်ဇင်းလောကထဲမှာလည်း မရေရာ မသေခြာတဲ့၊ အတည်မပြုနိုင်တဲ့ ၁၁ ဘီလျံကို အခြေပြုပြီး နောက်ဆက်တွဲတွေ ရေးကြ၊ ဝေဖန်ကြ၊ သရော်ကြ၊ တစ်ချို့ အယ်ဒီတာ့ အာဘော်မှာ ခပ်တည်တည် မှတ်ချက် ပေးကြ မြင်တွေ့ကြရပါတယ်။ ဒီနေရာမှာ သတိပြုစရာ တစ်ချက်ကတော့ တကယ့် နိုင်ငံတကာအဆင့် သတင်းမီဒီယာ အကြီးတွေ ကတော့ ဒီအချက်ကို အခြေပြုပြီး သတင်းမလုပ်ခဲ့ကြပါဘူး၊ တကယ်လည်း အတည်မပြုနိုင်သေးတဲ့ အချက်အပေါ် အခြေပြုပြီး ဘယ် နိုင်ငံတကာမီဒီယာကမှ သတင်းဆောင်းပါးတွေ နောက်ဆက်တွဲ ထပ်လုပ်မှာ မဟုတ်ပါဘူး။
အစိုးရကတော့ ရှင်းရှာတယ်။
ဒီနေရာမှာ ချီးကျူးဖို့ ကောင်းတာက အစိုးရအဖွဲ့ပါ။ မသေခြာ မရေရာတဲ့၊ အတည်မပြုနိုင်တဲ့ ကိန်းဂဏန်းကို အခြေပြုပြီး ရေးကြ သားကြ ဝေဖန်ကြ၊ စွတ်စွဲပစ်တင်ကြတာတွေကို ရှင်းရှာ ပါတယ်။ မဆီမဆိုင် ထပ်ဆင့်ပြီး ၀န်ကြီးဦးစိုးသိန်းကို အဲဒီ ဘဏ်အကောင့်န်တွေနဲ့ ဆက်စပ်နေ တယ်လို့ ဘယ်ကမှန်းမသိတဲ့ အချက်အလက်တွေနဲ့ သိက္ခာကျအောင် စွတ်စွဲ ကြ၊ ရေးကြသား ကြ မေးကြ ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအဖွဲ့ဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ အရင်ခေတ်ဟောင်းတုန်းကလို နဂို အစပြု ရေးတဲ့ စာစောင်ကို နင်ပဲငဆ မပြော၊ တရားစွဲမယ် လို့လည်း မခြိမ်းခြောက်ပဲ လွှတ်တော်ထဲအထိ သွားရှင်းပါတယ်။ သူတို့ ရှင်းတာက ရှင်းပါတယ်။ “ မြန်မာနိုင်ငံ က ဒေါ်လာ ၁၁ ဘီလျံရှိ ဘဏ်စာရင်း ၅ ခု နိုင်ငံခြားတွင် အပ်နှံထားသည့်အတွက် ကမ္ဘာ့ဘဏ်က အကြွေးလျော်မပေးခဲ့ခြင်း ဆိုသည့် သတင်း မှားယွင်းကြောင်း” ဆိုပြီးပဲ ဖြစ်ပါတယ်။ “ ဒေါ်လာ ၁၁ ဘီလျံ ကိစ္စ မိမိတို့ မသိရှိ ” ဆိုတာပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့က လွှတ်တော်ထဲမှာ ခုလို ရှင်းလင်းခဲ့ပြီးတဲ့တိုင် မူရင်း သတင်းရေးသားဖော်ပြခဲ့တဲ့ အလဲဗင်း သတင်းစာက သူတို့ ဖော်ပြခဲ့တာ “ မှန်ကန်တယ် ” ဒါမှမဟုတ် “ မှားယွင်းသွားပါတယ်” ပြောဆိုမှု မရှိခြင်းပါ။ စာနယ်ဇင်း ကျင့်ဝတ်အရ တစ်ခုခု ပြောဆိုဖို့ လိုပါတယ်။ မှားရင် စာဖတ်သူတွေကို တောင်းပန်ရပါမယ်။ မှန်တယ်ဆိုရင် သက်သေအထောက် အထားတွေနဲ့ ဖော်ပြရပါမယ်။
အဂတိလိုက်စားသူတွေရဲ့ ဘဏ်စာရင်း မရှိနိုင်ဘူးလား
ဒီနေရာမှာ ၁၁ ဘီလျံ ကိစ္စ မရေရာ မသေခြာတာ၊ အတည်မပြုနိုင်တာ လောက်ကိုပဲ ရှင်းပြတာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ၊ မိသားစုဝင်တွေ၊ ခရိုနီတွေ နိုင်ငံခြား ဘဏ်တွေမှာ အကောင့်န် ဖွင့်ထားတာ မရှိပါဘူး၊ ရိုးသားကြပါတယ် လို့ ဆိုလိုရင်း လုံးဝ မဟုတ်ပါ။ နှစ်ပေါင်း ၂၀ ကျော် ပွင့်လင်းမြင်သာမှုမရှိ၊ အပြန်အလှန် ထိန်းကျောင်းမှု မရှိ၊ ဒီမိုကရေစီ ဆိတ်သုဉ်း၊ အဂတိ လိုက်စားမှုတွေ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဒီနိုင်ငံမှာ အဲဒီလူတွေရဲ့ နိုင်ငံခြား ဘဏ် ငွေစာရင်းတွေ ရှိကို ရှိမှာ ဖြစ်ပါတယ်။ ဝေးဝေး မကြည့်ပဲ နီးနီးလေးပဲကြည့်လိုက်ရင် စင်ကာပူ အိမ်ခြံမြေ လုပ်ငန်း မှာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုဟာ ၈ ရာခိုင်နှုန်း ရှိပါတယ်။ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ အဲဒါ ဘဏ်စာရင်းလည်း မဟုတ်သေးပါဘူး။ စက်တင်ဘာ ၅ ရက် မြန်မာ့အလင်း သတင်းစာမှာ ဆောင်းပါးရှင် ရဲမာန် (ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးဌေးဦးလို့ ယူဆရ) က “ ကျွန်တော်တို့ တိုင်းပြည်မှာ ပိုက်ဆံရှိတယ်ဆိုရင် တခြားနိုင်ငံမှာ သွားထားရင်လည်း သွားထားမှာပဲ၊ ထားတဲ့ဟာတိုင်းလည်း ကြေငြာစရာ မလိုဘူး၊ ဥပမာ- ကျွန်တော် ပိုက်ဆံဘယ်လောက် ရှိတယ်ဆိုတာကို လူတကာ လျောက်ပြောဖို့ မလိုဘူးလို့ထင်တယ်၊ Personal တောင် မလိုဘူးထင်တယ်။” လို့ ပြောထား ပါသေးတယ်။
ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်ဇင်းဟာ ရမ်းပစ်တာ မဟုတ်
အဲဒီလို အရင်ခေတ် အာဏာရှိခဲ့သူတွေ နီးစပ်သူတွေ မသမာတဲ့နည်းနဲ့ ရထား တဲ့ ငွေတွေ နိုင်ငံခြား ဘဏ်တွေမှာ ရှိနိုင်တယ် ဆိုတဲ့ မှန်းဆချက်တစ်ခုတည်းနဲ့ မရေရာတဲ့၊ အတည်မပြုနိုင်တဲ့ သတင်းတစ်ခု တည်ဆောက်ပြီး အစိုးရကို အရမ်းကာရော ပစ်တင်ရှုတ်ချတာ လုပ်လို့ မရပါဘူး။ အခြားနိုင်ငံမှာဆိုရင် တရားစွဲခံရပြီး လျော်ကြေးတွေ ပေးမလောက်ဖြစ်ပြီး ဒေ၀ါလီတောင် ခံသွားရနိုင်ပါတယ်၊ အကျိုးဆက်က ကြီးရင် ထောင်တောင် ကျနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်ဇင်းဆိုတာ ရန်သူရှိနိုင်တယ် ထင်ပြီး ခြုံထဲ မှန်းသန်းရမ်းပြီး ခြောက်လှန့်ပစ်ခတ်ရတဲ့ အမျိုး မဟုတ်ပါဘူး။ အသေအခြာ investigative လုပ်၊ အပင်ပန်းခံ၊ စာနယ်ဇင်းကျင့်ဝတ်ကို တိတိကျကျ လိုက်နာပြီး ငြင်းမရအောင် သတ္တိရှိရှိ အတိအကျ ဖော်ထုတ်ရတာမျိုးပါ။
အကျိုးဆက် ကောင်းမလား
ဒီပြသနာ အကျိုးဆက်က မကောင်းပါဘူး။ အဲဒီ စက်တင်ဘာ ၅ ရက် မြန်မာ့အလင်း သတင်းစာမှာ ဆောင်းပါးရှင် ရဲမာန် (ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးဌေးဦးလို့ ယူဆရ) ရဲ့ ဆောင်းပါးမှာပဲ ဒေါ်လာ ၁၁ ဘီလျံ စာနယ်ဇင်းတွေမှာ ပျံ့တဲ့ ကိစ္စ၊ ဒီမိုကရေစီနေ့မှာ သူ (ဦးဌေးဦး) က လူတွေကို အရူးတွေပါလို့ မပြောပဲနဲ့ ပြောတယ်ဆိုပြီး စာနယ်ဇင်းတွေမှာ ပျံ့နှံ့တဲ့ကိစ္စ အဲဒါတွေနဲ့ ပါတ်သက်ပြီး “ စာနယ်ဇင်းတွေက ထိန်းကျောင်းရမယ့် တာဝန်တွေ၊ စောင့်ထန်းရမယ့် ကျင့်ဝတ်တွေလည်း ရှိဖို့လိုတယ်၊ အဲဒါတွေ မရှိဘူးဆိုရင်လည်း တစ်ခုခုနဲ့ ထိန်းကျောင်းရမယ်လို့ ကျွန်တော်ထင်တယ်၊” ဆိုပြီး ဖော်ပြတဲ့ အထိဖြစ်လာပါတယ်။ လောလောဆယ် စာနယ်ဇင်းဆိုင်ရာ ဥပဒေတွေ လွှတ်တော် ထဲမှာ ရှိနေသေးဆဲပဲ ဆိုတာ စာနယ်ဇင်း ဆရာတွေ သတိပြုကြဖို့လည်း လိုပါတယ်။
ဒီနေရာမှာ ၁၁ ဘီလျံနဲ့ ပါတ်သက်ပြီး အစိုးရက ရှင်းပြီးပေမယ့် မရှင်းတဲ့ အမတ်တစ်ချို့ ကိုလည်း တွေ့မြင်ရပါတယ်။ လောလောဆယ် အကြံပေးနိုင်တာက အဲဒီ အကောင့်န် (၅) ခုနဲ့ ၁၁ ဘီလျံကိစ္စ စ ပြီး ဖော်ပြတဲ့ သတင်းစာကို ရှင်းသည်အထိ သွားပြီး မေးမြန်း စုံစမ်းဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်

No comments:
Post a Comment