မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း ရန်ကုန်မြို့
လူဦးရေသည် ခြောက်သိန်းသာ ရှိခဲ့ရာမှ ၂ဝ၁၃ ခုနှစ်တွင် လူဦးရေမှာ ၆ ဒသမ ၂
သန်းအထိ တိုးတက်လာခဲ့သည်။
မြို့နေ လူဦးရေ များပြား လာသည်နှင့် အမျှ သွားလာရေး လွယ်ကူစေရန်
မော်တော်ယာဉ် လိုင်းပေါင်း ၃၉၅ လိုင်းမှ မော်တော်ယာဉ် ၆၃ဝဝ ကျော်ဖြင့်
သယ်ယူ ပို့ဆောင်ပေးလျက် ရှိကြောင်း ယခုနှစ် အစောပိုင်းက စာနယ်ဇင်းများ၏
ဖော်ပြချက်အရ သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း လူစီးယာဉ်၊
လုပ်ငန်းသုံး ယာဉ်စသည့် စက်တပ်ယာဉ် မျိုးစုံ ၂၅၂၆၃၄ စီး ရှိခြင်းကြောင့်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်
၈၂၅ ဦးဖြင့် ဆောင်ရွက် နေရသည်။
ခရီးသွား ပြည်သူများ အဆင်ပြေစေရန် မြန်မာ့ မီးရထားက မြို့ပတ်ရထားများ
ပြေးဆွဲပေးလျက် ရှိရာ ခရီးသွားများ သက်သောင့်သက်သာ စွာဖြင့်
အချိန်တိုအတွင်း သွားလာနိုင်စေရန် လူစီးတွဲများတွင် လေအေးစက်နှင့်
ဆိုဖာထိုင်ခုံများ တပ်ဆင်ထားသော အထူး မြို့ပတ်ရထားကို အင်အား ဖြည့်ထား သည်။
တစ်နေ့လျှင် ရှစ်ခေါက် ပြေးဆွဲပေးမည့် အထူးမြို့ပတ် ရထားမှ လူစီးတွဲ
သုံးတွဲတွင် ခရီးသည် ၃၃၂ ဦး လိုက်ပါနိုင်မည်ဖြစ်ပြီး ရထားလက်မှတ်
တစ်စောင်လျှင် မြန်မာငွေကျပ် ၄ဝဝ၊ နိုင်ငံခြား ခရီးသွားများ အတွက်
နှစ်ဒေါ်လာ သတ်မှတ်ထားသည်။
အထူးမြို့ပတ် ရထားစီး ခရီးသွားများသည် ကုန်ပစ္စည်းများနှင့် အနံ့အသက်
ပြင်းသော ကုန်ပစ္စည်းများ တင်ဆောင်ခြင်း မပြုကြရန်၊ တွဲများ ပျက်စီးစေမည့်
အပြုအမူများ ရှောင်ကြဉ်ကြရန်နှင့် လက်မှတ်မဲ့ မစီးကြရန် ကိုယ်စီ
အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကြရမည် ဖြစ်သည်။ ရိုးရိုးမြို့ပတ်
ရထားတွင် အထူးတွဲတစ်တွဲ ချိတ်၍ ပြေးဆွဲလျက် ရှိရာ ရိုးရိုးတန်း
လက်မှတ်ဖြင့် စီးသူ၊ လက်မှတ်မဲ့ စီးသူတို့ ရှိကြောင်းတွေ့ရသည်။
အထူးတွဲမှန်း မသိ၍ တက်စီးမိပါ သည်ဟူသော အသံကြားရသလို လက်မှတ်ဝယ်ရန်
အချိန်မရလိုက်လို့ပါ ဆိုသံများလည်း ကြားရသည်။ နေ့စဉ်မီဒီယာ များမှ
တစ်ဆင့်ကြေညာကြောင်း လက် မှတ်စစ်က ပြောပြီး ဒဏ်ငွေ ပေးဆောင်စေရာ အားလုံး
အဆင်ပြေသွားသည်။
ရထားလက်မှတ်မဲ့ စီးရာမှ စခဲ့သော ပြဿနာကို လွှတ်တော် အစည်းအဝေးတွင် အချေအတင်
ဆွေးနွေးကြရသည့် သာဓကတစ်ခု ၁၉၅၆ ခုနှစ်ဆီက မြန်မာနိုင်ငံမှာ
ရှိခဲ့ဖူးကြောင်း ပြည်တွင်းသတင်း ဂျာနယ်တစ်ခုတွင် တွေ့ရသည်။ အမတ်တစ်ဦးက
တင်ပြရာတွင် ဥက္ကဋ္ဌကြီး ခင်ဗျား၊ ဖဆပလ အစိုးရ အနေနှင့် တာဝန်ရှိတာက
သည်ကဲ့သို့ ပြည်သူလူထု မကျေမနပ်ဖြစ်ရတာဟာ တကယ့်အကြောင်းရင်း အကြောင်းခံတွေ
ရှိတယ်။ အဲသည်အချက်
ကို အသိအမှတ် ပြုပြီး ကိုယ်ချင်းစာ တရားနှင့် ဖြေရှင်းဖို့ ကျွန်တော်
အစီရင်ခံ ရခြင်းဖြစ်ပါတယ်။သည်လို မဖြေရှင်းဘဲနှင့် ပြဿနာတစ်ရပ် ပေါ်လာလျှင်၊
လူထုလှုပ်ရှားမှု တစ်ရပ်ပေါ်လာလျှင် သုံးတဲ့နည်းတွေမှာ ဖိနှိပ်တဲ့ နည်းတွေ
မသုံးဖို့ အရေးကြီးပါတယ်ဟု ဆိုသည်။ ပြည်ထဲရေး ဝန်ကြီးက တင်ပြသည်မှာ
ဥက္ကဋ္ဌကြီး ခင်ဗျား၊ ကျွန်တော် ဓမ္မဓိဋ္ဌာန် မေးလိုပါတယ်။ လက်မှတ်မပါဘဲ
ရထားခိုးစီးလို့ ဖမ်းလိုက်တဲ့အခါမှာ လူစုပြီး ဘူတာရုံ ဖျက်တဲ့ လူထုအုံကြွမှု
ကို သည်အတိုင်း ကြည့်နေရမည်လားဟု တင်ပြရင်း မေးခွန်းထုတ်သည်။
ပြည်ထဲရေး ရှုပ်ထွေးနေချိန်တွင် ရထားလက်မှတ်မဲ့ စီးသူကို ရဲက ဖမ်းဆီးရာမှ
အမှောင့်ပယောဂ ဝင်ကာ လူအုပ်စုဖြင့် ဆူပူအကြမ်းဖက် လုပ်ရပ် ဖြစ်ပေါ်ခဲ့သည့်
သာဓကဖြစ်သည်။ အကြောင်းကြောင့် အကျိုးဖြစ်ရသည် ဆိုသော လောက သဘာဝကို
နှလုံးသွင်းကာ ရထားစီး ခရီးသည်တို့က စည်းကမ်းတကျ စီးကြရမည် ဖြစ်သည်။
စည်းကမ်းမကျမှုများ ရှိခဲ့သော် ရထား တာဝန်ရှိသူတို့က နည်းလမ်းတကျ
ဖြေရှင်းပေးသည်ကို ကြည်ဖြူစွာ လက်ခံကြရမည် ဖြစ်သည်။
သို့ဖြစ်၍ ရန်ကုန်မြို့နေ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် ပြေးဆွဲပေးသော
အထူးမြို့ပတ် ရထား ခရီးစဉ်များ ချောမွေ့၍ အားလုံး စိတ်ချမ်းမြေ့
ကြစေရန်မှာ စည်းကမ်းတကျ ရှိရေးနှင့် အကြောင်း မညီညွတ်၍ ပေါ်ပေါက်လာသော
ပြဿနာများကို နည်းလမ်းတကျ ဖြေရှင်းနိုင်ရေးတို့ ပေါ်တွင် မူတည်မည်
ဖြစ်ပါကြောင်း။
No comments:
Post a Comment