သို့ ပြောင်းရွှေ့
ရောက်ရှိ ခဲ့စဉ်က
မိမိနှင့် အတူ လက်တွဲ၍ လုပ်ကိုင် ခဲ့
သည့် မန်နေဂျာ များမှာ
လက်ထောက် အထွေထွေ မန်နေဂျာ၊ ဒုတိယ အထွေထွေ မန်နေဂျာ၊ အထွေထွေ မန်နေဂျာ (ညွှန်ကြား
ရေးမှူး) ရာထူးများ ရရှိခဲ့ သည်ကိုလည်း အားကျ ကျေနပ် ပီတိဖြစ်ပြီး . . .
၎င်းတို့၏ လုပ်ငန်း သဘာဝ အရ နိုင်ငံခြားသို့ အကြိမ်ကြိမ် သွားရခြင်း၊ လူနေမှု
အဆင့်အတန်း မြင့်မားလာခြင်းနှင့် ပိုင်ဆိုင်မှု ကြီးမားလာခြင်း၊
လုပ်ပိုင်ခွင့်များ တိုးတက်လာခြင်း ကိုလည်း ပီတိဖြစ် …ယခု တစ်လော ဂျာနယ်များ၊ စာစောင် များတွင် တပ်မတော်မှ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် လာသည့် အရာရှိ များနှင့် ပတ်သက်၍ အမြင် မကြည်လင် မှုများ တွေ့နေရပါသည်။ လေထီး စစ်သားဟူ၍ လည်းကောင်း၊ မိုးကျ ရွှေကိုယ် ဟူ၍ လည်းကောင်း ခေါ်ဆိုနေကြ သည်ကို ၀မ်းနည်း ဖွယ်ရာ တွေ့ရှိ ရပါသည်။ ကျွန်တော်၏ လုပ်သက် ၁၅ နှစ် (စတင်ခန့်အပ် ကတည်းက လက်ထောက် အထွေထွေ မန်နေဂျာ၊ ယခုလည်း လက်ထောက် အထွေထွေ မန်နေဂျာသာ ဖြစ်ပါသည်) အတွင်း ကျွန်တော် ကျွမ်းကျင်သည့် အုပ်ချုပ်မှု (သို့) စီမံခန့်ခွဲမှု ကိုသာ တာဝန်ယူခဲ့ ရပါသည်။ တပ်မတော်မှ အဆင့်ဆင့် လေ့ကျင့်ပေး လိုက်သည့် သင်တန်း များကြောင့် လည်းကောင်း၊ စစ်ဆင်ရေး တာဝန်အပြင် ထောက်လှမ်းရေး အရာရှိ၊ ရှေ့တန်းရေး/ ထောက်အရာရှိ၊ တပ်ထောက် ဗိုလ်ကြီး၊ တပ်ရေး ဗိုလ်ကြီး တာဝန်များ ထမ်းဆောင် ခဲ့၍ ယခု စီမံခန့်ခွဲရေး ဌာန ဌာနမှူး တာဝန် ထမ်းဆောင် ရာတွင် အခက်အခဲ မရှိခဲ့ပါ။ ဘာမှ မတတ်ဘဲ အထက်မှ နေ၍ တတ်ယောင် ကားဖြင့် အုပ်ချုပ် နေသည် ဆိုသည့် အသုံးအနှုန်းများ မသုံးသပ်ဟု ထင်ပါသည်။
စစ်ဖက်၊ အရပ်ဖက် လုပ်သက်ပေါင်း နှစ် ၃၀ ကျော်ပြီး၊ အရာထမ်း သက် ၂၆ နှစ် ကျော်ချိန်တွင် ယခုချိန်ထိ ၁၅ နှစ်လုံးလုံး လက်ထောက် အထွေထွေ မန်နေဂျာ ရာထူးဖြင့်သာ ရှိနေ ခဲ့ပါသည်။ လာဘ်စားရန် မဆိုနှင့် ပြည်သူနှင့် ထိတွေ့ ရသည့် ဌာန မဟုတ်၍ မည်သူမျှလည်း လာဘ်မပေး ခဲ့ပါ။ မိမိတို့ တက်ရောက် ခဲ့သည့် အမိ စစ်တက္ကသိုလ် မှလည်း ကိုယ်ကျင့် တရားနှင့် ပတ်သက်၍ တန်ဖိုး ထားရန် လေးလေး နက်နက် သင်ကြား ခဲ့ရပါသည်။ ယခုအချိန်ထိ ရုံးမှ ပေးသည့် တိုက်ခန်း ကျဉ်းလေးတွင် နေထိုင်ပြီး ရုံးမှ ဖယ်ရီ TE ကားအိုကြီး ခေါင်ခန်းတွင် ကိုယ်ဝန်ဆောင် ၀န်ထမ်းငယ် တစ်ဦးနှင့် အတူ ပူပူ လောင်လောင်နှင့် စီး၍ ရုံးတက် နေခဲ့ ရပါသည်။ ကိုယ်ပိုင် မြေကွက်၊ အိမ်ခန်း မရှိ သလို ကိုယ်ပိုင်ကား မပြောနှင့် ကိုယ်ပိုင် ဆိုင်ကယ်တောင် မရှိခဲ့ ပါ။ ရသည့် လစာ ၂ သိန်းနီး ပါးနှင့် ကျောင်းသား/သူ ကလေး ၂ ဦး၊ ရောဂါသည် ဇနီးနှင့် အတူ လောက်ငှ အောင် စား၍ အဆင့်နှင့် လျော်ညီစွာ နေထိုင်ရေး ကြိုးစား နေရသူ ဖြစ်ပါသည်။ တယ်လီဖုန်း ဆိုလျှင်လည်း ယခု ရုံးမှ မဲပေါက်သည့် CDMA 800 MEC (၁၅၀၀) ဖုန်းသာ အပေါစား ဟန်းဆက်ဖြင့် ကိုင်ခဲ့ ရပါသည်။
ဝန်ကြီးဌာန ရောက်ပြီး Mazda Jeep ၂ ကြိမ်၊ ရွှေမန်းသူ အမြန်ယာဉ် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ယာဉ် တိမ်းမှောက်၍ ၀ဲဘက် ခြေထောက် ခြေကျင်းဝတ်တွင် steel ချောင်း ထည့်ရခြင်း၊ လည်ပင်းကြီး ပေါင်းတက်ခြင်း၊ ၀ဲဘက် ညှပ်ရိုးနှင့် နံရိုး ၆ ချောင်း ကြိုးခြင်း တို့ခံစား ရပြီး၊ ဒုကိ္ခတ တစ်ပိုင်း ဖြစ်နေပါသည်။ Myesthenia ရောဂါဖြင့် ယာဘက်မျက်စိ ပိတ်ကျကာ အမြင် အာရုံ နည်းနေခဲ့ပါသည်။ ယခုအခါ ထပ်မံ၍ ၀ဲဘက် မျက်စိပါ ပိတ်ကျကာ အမြင်အာရုံ နည်းပါး ခဲ့ပါသည်။ ၎င်းအပြင် ၂၀၁၂ ခုနှစ် ၂ လပိုင်းတွင် ၁ ကြိမ်၊ ၂၀၁၃ ခုနှစ် ၁ လပိုင်းတွင် ၁ ကြိမ် အသက်ရှူ ကြပ်လာ၍ အရေးပေါ် ဆေးရုံ တက်ခဲ့ရာ နှလုံး သွေးကြောကျဉ်း ရောဂါ ခံစား နေရကြောင်း အလုပ်သမား ဆေးရုံအုပ်ကြီး ထံမှ သိရှိခဲ့ရပါသည်။ …
၂၀၀၁ ခုနှစ် Mazda Jeep ကားမှောက်၍ ကိုယ်ရေး အရာရှိ PSo ဘ၀မှ ဒုကိ္ခတ ဖြစ်ပြီး၊ မော်တော်ယာဉ်သုံး ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (အင်းတကော်)တွင် ၂ နှစ်ကျော် နေခဲ့ပါသည်။ ကျွန်တော်နှင့် အတူ တာဝန် ထမ်းဆောင် ခဲ့သည့် အလုပ် ၀င်ခါစ BE ဘွဲ့ရ အရပ်သား အရာရှိ ညီငယ်များမှာ ယခုအခါ DGM (ဒုတိယ အထွေထွေ မန်နေဂျာ) ရာထူးဖြင့် စက်ရုံကြီး များတွင် ခေတ္တ အထွေထွေ မန်နေဂျာ တာဝန်ကို ထမ်းဆောင် နေကြပြီ ဖြစ်ပါသည်။ ထို့အပြင်၂၀၀၀ ပြည့်နှစ်တွင် အလုပ် စတင် ၀င်ရောက်ခဲ့သည့် Bcom/Bcom ဘွဲ့ရ လက်ထောက် မန်နေဂျာ ညီမငယ် များမှာ ယခုအခါ ညွှန်ကြားရေးမှူး (အထွေထွေ မန်နေဂျာ) များအဖြစ် တာဝန် ထမ်းဆောင် နေကြသည်ကို အားကျ ဖွယ်ရာ တွေ့မြင် ရပြီး သူတို့အတွက် ၀မ်းသာ ပီတိ ဖြစ်ရုံမက မုဒိတာ ပွားများ ခဲ့ရပါသည်။ လုပ်သက် (၁၂/၁၃) နှစ်တွင် (လက်ထောက် မန်နေဂျာမှ မန်နေဂျာ၊ လက် ထောက် အထွေထွေ မန်နေဂျာ၊ ဒုတိယ အထွေထွေ မန်နေဂျာ၊ အထွေထွေ မန်နေဂျာ)အထိ ရာထူး အဆင့်ဆင့် တိုးခဲ့သည် များအား အားကျခဲ့ပါသည်။
ထို့အပြင် ၁၉၉၈ ခုနှစ် စက်မှု ၂ ၀န်ကြီး ဌာနသို့ လက်ထောက် အထွေထွေ မန်နေဂျာဖြင့် ပြောင်းရွှေ့ေ ရာက်ရှိ ခဲ့စဉ်က မိမိနှင့် အတူ လက်တွဲ၍ လုပ်ကိုင် ခဲ့သည့် မန်နေဂျာများမှာ လက်ထောက် အထွေထွေ မန်နေဂျာ၊ ဒုတိယ အထွေထွေ မန်နေဂျာ၊ အထွေထွေ မန်နေဂျာ (ညွှန်ကြားရေးမှူး) ရာထူးများ ရရှိခဲ့သည် ကိုလည်း အားကျ ကျေနပ် ပီတိဖြစ်ပြီး မုဒိတာ ပွားများ ခဲ့ရပြန် ပါသည်။ ၎င်းတို့၏ လုပ်ငန်း သဘာဝအရ နိုင်ငံခြားသို့ အကြိမ်ကြိမ် သွားရခြင်း၊ လူနေမှု အဆင့်အတန်း မြင့်မား လာခြင်းနှင့် ပိုင်ဆိုင်မှု ကြီးမားလာခြင်း၊ လုပ်ပိုင် ခွင့်များ တိုးတက် လာခြင်း ကိုလည်း ပီတိဖြစ်၊ မုဒိတာ ပွားခဲ့ရပါသည်။
သို့သော် လုပ်သက် (၁၂/၁၃) နှစ်ဖြင့် အထွေထွေ မန်နေဂျာ (ညွှန်ကြားရေးမှူး) ဖြစ်နေသူများ၊ လုပ်သက် (၁၄/၁၅) နှစ်အတွင်း မိမိအောက်မှ မန်နေဂျာများ၊ အထွေထွေ မန်နေဂျာ (ညွှန်ကြားရေးမှူး)အထိဖြစ် နေသူများအား ပီတိဖြစ်၊ မုဒိတာပွား နေစဉ်မှာ လုပ်သက် (၃၀) ကျော် အရာထမ်းသက် (၂၆) နှစ်ကျော်၊ လက်ထောက် အထွေထွေ မန်နေဂျာ ရာထူး သက် (၁၅) နှစ်ရှိ မိမိတို့လို အသွင်ပြောင်း တပ်မတော် အရာရှိ အငြိမ်းစား များအား လေထီး စစ်သား ဟူ၍ လည်းကောင်း၊ မိုးကျ ရွှေကိုယ် ဟူ၍ လည်းကောင်း ခေါ်ဆိုမှုများ အား စိတ်မကောင်းခြင်း ကြီးစွာဖြင့် ကြားနေရပါသည်။ ၀မ်းနည်း ကြေကွဲ ခဲ့ရပါ သည်။ ယခုဖြစ်စဉ် ကိုကြည့်ပါက လေထီး စစ်သား၊ မိုးကျ ရွှေကိုယ်ဟု ခေါ်ဆိုရန် သင့်/ မသင့် သဘောပေါက် နားလည် နိုင်မည် ထင်ပါသည်။ မိမိတို့အား ကိုယ်ချင်းစာ နားလည်နိုင်မည် ဟုလည်း ထင်မိပါသည်။
တစ်ဆက်တည်း မှာပင် တပ်မတော် သားများ အပေါ် အမြင် မကြည်လင် မှုများ ကိုလည်း ခံစား တင်ပြ လိုပါသည်။ ၁၉၈၃ တွင် DSA တက်၊ ၁၉၈၇ တွင် ကျောင်းဆင်း ဒုတိယ ဗိုလ်၊ ၁၉၈၈ တွင် ဗိုလ်၊ ၁၉၉၁တွင် ဗိုလ်ကြီး တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ကျောင်းဆင်းပြီး ပထမဆုံး တာဝန်ကျရာ ခလရ (၃၅) (သာယာဝတီ) တပ်ရင်းသို့ ညနေ (၆)နာရီ အချိန် သတင်း ပို့ရာ နောက်နေ့ မနက် ၄ နာရီတွင် လစာပေး အဖွဲ့ အကြုံဖြင့် ရှေ့တန်းသို့ ထွက်ခဲ့ ရပါသည်။ စစ်ဆင်ရေး ကာလမှာ (၁၀)လ၊ (၁၁) လကြာ မြင့်ပြီး (၁)လ သာ ပြန်လည် ဖွဲ့စည်း အနား ယူခဲ့ ရပါသည်။ ကျောင်းဆင်းပြီး (၃)နှစ် ကြာသည် အထိ မည်သည့် သင်တန်းမှ မတက်ရဘဲ စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေခဲ့ ရရာ စီနီယာ အရာရှိများ၏ ညှာတာ ထောက်ထား မှုဖြင့် ဗထူး တပ်နယ် တွင် ဖွင့်လှစ်သည့် ခြေလျင် တပ်စုမှူး သင်တန်းအား ပထမဦးဆုံး တက်ရောက် ခဲ့ရပါသည်။ စစ်ဆင်ရေး ကာလအတွင်း ပန်ဟိုက်၊ ကျောက်ညှပ်၊ ခိုကြာခို၊ ဒါးကွင်း၊ ဥသုတ၊ ဖောထ၊ ခွေးအိပ်တောင်၊ နော်တရာ သာလွန်၊ ဘူ ဇာခီး၊ စီကဲဒိုး၊ ဗျကောပု၊ ထီးမူခီး စခန်း များအား စခန်း ထိုင်ခြင်း၊ စခန်း တိုက်ခြင်း များဖြင့် တာဝန် ထမ်းဆောင် ခဲ့ရပါသည်။
မိမိတို့ စစ်ဆင်ရေး ပြန်နားတိုင်း အရာရှိ ရိပ်သာရှိ လူပျို အရာရှိများ အနက်မှ အနည်းဆုံး ၂ ဦးခန့် စစ်ဆင်ရေးတွင် ကျဆုံးခဲ့ပြီး စစ်ဆင်ရေး တစ်ပတ် အတွင်း ၂၄ ယောက် ကျဆုံးခြင်းနှင့် ၄၄ ယောက် ကျဆုံးခြင်းများ ကြုံတွေ့ ခဲ့ရပါသည်။ ဒဏ်ရာရခြင်းနှင့် ခြေထောက်ပြတ်ခြင်း များအား ထည့်သွင်း မတင်ပြ လိုပါ။ ယခုကဲ့သို့ ဒဏ်ရာရ၊ ခြေထောက်ပြတ်၊ အသေခံပြီး တိုက်ပွဲဝင် စွန့်လွတ်၊ စွန့်စား ခဲ့ရသည့် ကျွန်တော်တို့ တပ်မတော် သားများမှာ ထမင်းငတ်၍ တပ်မတော်ထဲ ၀င်ခဲ့ကြခြင်း မဟုတ် ခဲ့ပါ။ စားဝတ် နေရေး အတွက်၊ ရာထူး နေရာ အတွက် စွန့်စား ခဲ့ရသူများ မဟုတ်ခဲ့ပါ။ တိုင်းပြည်ကို ချစ်၍ မိမိတို့၏ လူငယ်ဘ၀ လွတ်လပ် ခွင့်ကို ပေးဆပ်ပြီး တပ်မတော် ထဲတွင် အသေခံ၊ အပြတ်ခံ၊ အငတ်ခံခဲ့ ကြခြင်း ဖြစ်ပါသည်။ ယခုလို ပွင့်လင်း မြင်သာပြီး မီဒီယာ များကို လွတ်လပ် ခွင့်ပေး ထားချိန်မှာ တပ်မတော်ကို အပုတ်ချပြီး တန်ဖိုး မဲ့အောင် ရေးသား ထားသည်များ ဖတ်ရှု ရသည့် အတွက် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရပါသည်။
ကျွန်တော် လေထီး စစ်သား ဟူ၍ ခေါင်းစဉ် တပ်လိုက် သော်လည်း တပ်မတော် အတွင်း ရှိနေစဉ် ကရင် တိုင်းရင်းသား တပ်ရင်းမှူး ကြီးကို အားကျ မိ၍ လေထီး သင်တန်း တက်ရန် လျှောက်ထား ခဲ့ပါသည်။ ၁၉၉၁ ခုနှစ် နှစ်စ ပွင့်လင်း ရာသီ ကာလတွင် ခလရ ၃၅ (သာယာဝတီ) တပ်ဖြင့် ဖာပွန် အရှေ့ခြမ်းရှိ ဓားကွင်း၊ ဥသုတ၊ ဖောထ စစ်ဆင်ရေး နယ်မြေအတွင်း ရောက်ရှိ နေစဉ် လေထီး သင်တန်း အရွေးချယ် ခံရသော်လည်း စစ်ဆင်ရေး အရေးကြီး နေပါ၍ လေထီး သင်တန်း မတက် ခဲ့ရဘဲ လေထီး စစ်သား မဖြစ်ခဲ့ရပါ။
၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် အမှတ် ၂ စက်မှုဝန်ကြီး ဌာနသို့ လက်ထောက် အထွေထွေ မန်နေဂျာ ရာထူးဖြင့် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ကျွန်တော့်မှာ ကရင်ပြည်နယ် စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေချိန်တွင် ဇနီးဖြစ်သူ မှာလည်း အမှတ် ၂ စစ်ဆေးရုံတွင် နှလုံး အားနည်း ရောဂါဖြင့် ကုသ နေချိန်၊ သမီး ဖြစ်သူ သူငယ်တန်း ကျောင်းသူမှာ ခလရ ၉၈ (ဖျာပုံ) နောက်တန်းတွင် ဆရာကြီး ဇနီး၊ ရဲမေများ၏ စောင့်ရှောက် မှုဖြင့် ကျောင်းတက် နေခဲ့ ရပါသည်။ သို့ဖြစ်၍ ဇနီးသည်၏ ကျန်းမာရေး၊ သမီး၏ ပညာရေးကို ငဲ့ညှာ၍ တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းရွှေ့ ခဲ့ရပါသည်။ A ပိုး AIDS မဟုတ် သလို၊ B ပိုး အသည်းရောင် အသည်းဝါ B ပိုးလည်း မရှိခဲ့ပါ။ မိသားစု၏ အခက် အခဲကြောင့် ကျွန်တော် ချစ်မြတ်နိုး ရသည့် တပ်မတော်သား ဘ၀ နောက်ဆုံးည ၂၅-၃-၂၀၀၀ ညတွင် နက်ဖြန် အရပ်သား ဖြစ်တော့မည် ဖြစ်၍ စစ်သား ဘ၀အား နှမြော တမ်းတပြီး ရှိုက်ကြီး တငင် ငိုကြွေး ခဲ့ရကြောင်း ယခုအခါ မရှက်မကြောက် တင်ပြ လိုပါသည်။ ကိုယ် မြတ်နိုးတဲ့ တပ်မတော်သား ဘ၀၊ ကိုယ်ချစ်တဲ့ တပ်မတော်ကြီးအား လမ်းခွဲ ခဲ့ရ၍ ယခုအချိန်ထိ ၀မ်းနည်း ကြေကွဲ ခဲ့ရပါသည်။
ကျွန်တော်သည် (၁၃-၅-၁၉၈၃) ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၂၈ အား တက် ရောက်ခဲ့ပြီး၊ ၂၅-၃-၂၀၀၀ တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့၍ စစ်သက် ၁၇ နှစ် ရှိခဲ့ပါသည်။ ဆုကြေးငွေ ၂၄၀၀၀ိ/- နှင့် ပင်စင် လစာ ၄၈၆ ကျပ် ရရှိခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက် နေ့တွင် လစာ ၅ ဆ တိုးပြီး ပင်စင် ၂ ဆတိုး သဖြင့် ၉၇၂ ကျပ် ရရှိခဲ့ပါသည်။ ယခုအခါ လစာ နှုန်း သစ်များကြောင့် ပင်စင် လစာ ၄၈၄၀၀ိ/- ကျပ် ထုတ်ယူ ရရှိ ခဲ့ပါသည်။
ကျွန်တော် တပ်မတော်တွင် ရှိစဉ်က စစ်တက္ကသိုလ်တွင် ၄ နှစ်၊ ခလရ ၃၅ (သာယာဝတီ) (တပခ)တွင် ၄ နှစ်၊ ခလရ ၂၅၆ (ရေစကြို) (တမခ-၁၀၁) တွင် ၄ နှစ်၊ ခလရ ၉၈ (ဖျာပုံ) (နတခ)တွင် ၄ နှစ် ၀န်ကြီး ဌာနတွင် ၁ နှစ် စုစုပေါင်း ၁၇ နှစ် ယူနီဖောင်း ၀တ်ဆင် ခဲ့ရပါသည်။ မိဘ မျိုးရိုး မှာလည်း စစ်သား မရှိဘဲ ဖခင်မှာ သာမန် ရုံးအုပ်ကြီး ဖြစ်ပြီး၊ မိခင်မှာလည်း မှီခိုသူ တစ်ဦးသာ ဖြစ်ပါသည်။ ကျွန်တော်၏ ၀ါသနာ အရ စစ်တက္ကသိုလ်သို့ တက် ရောက်ခဲ့ပြီး၊ စစ်ဆင်ရေး တပ်များ တွင်သာ တာဝန် ထမ်းဆောင် ခဲ့ရပါသည်။
၁၉၉၈
ခုနှစ် ဒီဇင်ဘာ ၈ ရက် နေ့တွင် အမှတ် ၂ စက်မှုဝန်ကြီး ဌာနသို့ သတင်းပို့ ခဲ့ပါသည်။
ပြောင်းမိန့်မှာ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် အမိန့် ထွက်ခဲ့ သော်လည်း
စစ်ဆင်ရေးတွင် အရာရှိ နည်းပါးမှု ကြောင့်လည်းကောင်း၊ မိမိ တပ်ခွဲမှ ရဲဘော်များနှင့်
မခွဲလို၍ လည်းကောင်း၊ စစ်ဆင်ရေးတွင် ၂ လခန့် ဆက်လက် တာဝန် ထမ်းဆောင်ပြီး၊
နိုဝင်ဘာလကုန် တပ်ရင်း ပြန်နား၍ ဒီဇင်ဘာ လဆန်းတွင် ၀န်ကြီး ဌာနသို့ သတင်းပို့
ခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာ့ မော်တော်ယာဉ်နှင့် ဒီဇယ် အင်ဂျင် ထုတ်လုပ်မှု လုပ်ငန်း MADI (ရုံး ချုပ်) စီမံခန့်ခွဲရေး ဌာနတွင် တွဲဘက် အဖြစ် လည်းကောင်း၊ စက်မှု ကုန်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချရေး ဌာနတွင် ဒုဌာနမှူး အဖြစ် လည်းကောင်း၊ အမှတ် ၂ စက်မှု ၀န်ကြီးဌာန ၀န်ကြီး၏ ကိုယ်ရေး အရာရှိ အဖြစ် လည်းကောင်း၊ ၀န်ကြီးဌာန၏ မော်တော်ယာဉ်မှူး အဖြစ် လည်းကောင်း၊ မော်တော်ယာဉ်သုံး ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (အင်းတကော်)၊ အမှတ် ၁ မော် တော်ယာဉ် ထုတ်လုပ်မှု စက်ရုံ (ရန်ကုန်)၊ မော်တော်ယာဉ် လုပ်ငန်း (ရုံးချုပ်) (ရန်ကုန်)၊ ရာဘာဌာန တွဲဖက်၊ မော်တော်ယာဉ် လုပ်ငန်း (ရုံးချုပ်) (နေပြည်တော်)၊ အမှတ်၁၁ အကြီးစား စက်ရုံ (ရန်ကုန်)၊ အမှတ် ၂၄ အကြီးစား စက်ရုံ (ဒဂုံ)၊ အမှတ် ၂၂ အကြီးစား စက်ရုံ (ဘီးလင်း) တို့တွင် အုပ် ချုပ်ရေး အရာရှိ (သို့) စီမံခန့်ခွဲရေး ဌာနမှူး တာဝန် ထမ်းဆောင် ခဲ့ပြီး၊ ယခုအခါ ကျန်းမာရေး မကောင်းပါ၍ အမှတ် ၂၄ အကြီးစား စက်ရုံ (ဒဂုံ)သို့ စီမံခန့်ခွဲရေး ဌာနမှူး အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် နေသည်မှာ ရက်ပိုင်း မျှသာ ရှိပါ သေးသည်။
နိုင်ငံရေး အရ ဖြေရှင်း၍ မရသည့် နောက်ဆုံးမှာ စစ်ပွဲ ဆိုတာ ဖြစ်လာ ခဲ့ပါသည်။ မည်သူ မှားသည်၊ မှန်သည် မသိချိန်မှာ ပထမဆုံး ကျည်ဆံ ထိမှန် ကျဆုံး ခဲ့ရသူမှာ တပ်မတော် သားများသာ ဖြစ်ပါသည်။ ယခုအချိန်မှာ ငြိမ်းချမ်းရေးဟု ကျယ်ကျယ် လောင်လောင် အော်ဟစ် နေကြရာတွင် တစ်ကယ်တမ်း ရင်ထဲ၊ အသည်းထဲက ငြိမ်းချမ်းရေးကို လိုချင် နေကြသူများမှာ ရှေ့တန်းမှ တပ်မတော် သားများသာ ဖြစ်ပါသည်။ သူတို့မှာ အားလုံး ထက်ပိုပြီး ငြိမ်းချမ်းရေးကို လိုချင် မက်မော ကြပါသည်။
ခံစားရတာတွေ ရင်နှင့် မမျှ၍ ရင်ဖွင့် လိုက်ခြင်းသာ ဖြစ်ပါသည်။ မည်သူ့ကိုမျှ ထိခိုက် နစ်နာ စေလိုခြင်း မရှိပါ။ ဒီစာကို ဖတ်ပြီး ကျွန်တော်တို့၏ လက်ရှိ ဘ၀တွေကို စာနာ နားလည်မည် ဆိုလျှင် အားရ ကျေနပ် မိပါမည်။ ဒီလောက်ဆိုလျှင် ကျွန်တော် လေထီးစစ်သား၊ မိုးကျရွှေကိုယ် ဟုတ်/ မဟုတ် နားလည် ပေးနိုင်မည် ထင်ပါသည်။ ကျေးဇူး အထူး တင်ပါသည်။
တင်အေး (စစ်တက္ကသိုလ် – ၂၈ )
လက်ထောက် အထွေထွေ မန်နေဂျာ
FROM- THE MYANMAR HERALD
No comments:
Post a Comment