Monday, August 12, 2013

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်း

ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုလှုပ်ရှား
မှုကြီးနောက်ပိုင်းမြန်မာ့နိုင်ငံရေးဇာတ်ခုံ
 ပေါ်တွင်ထင်ရှားခဲ့သူဖစ်ရုံသာမ က ဒေသ တွင်းနိုင်ငံများကပါ မြန်မာနိုင်ငံ၏ အလား အလာ ရှိသူ ခေါင်းဆောင်တစ်ဦး အဖြစ်  သတ်မှတ်ခြင်းခံရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် (၂၅)နှစ်မြောက် ရှစ်လေးလုံးငွေ ရတု အထိမ်းအမှတ်နေ့တွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို
 ကောက်နုတ် ဖော်ပြလိုက်ပါသည်။
Voice ။ ။ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေက အကောင်းဘက်ကို ဦးတည်နေပြီလို့ သုံးသပ် သူတွေ ရှိပါတယ် အဘရော ဘယ်လို သုံးသပ်မိထားလဲ ခင်ဗျ။
UKN ။ ။ စီးပွားရေးအရရော၊ လူမှုရေး အရရော အနောက်နိုင်ငံတွေက အားလုံးပိတ်ဆို့ထားတဲ့ အနေအထားကနေ ဖွင့်ပေးနေပြီ။ စီးပွားရေးလုပ်ငန်း တွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့ အားပေးနေပြီ။ တိုက်တွန်းနေပြီ။ အဲဒီလို အခြေနေမျိုးမှာ မြန်မာနိုင်ငံအတွက် အခြေအနေကောင်းပဲ။ ၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်မယ်။၂၀၁၅ (ခုနှစ်) နောက်ပိုင်းမှာ ဒီလိုအခြေအနေမျိုး ရောက်ချင် မှ ရောက်မှာ။ ဘာကြောင့်လဲ ဆိုတော့ အနောက်နိုင်ငံတွေက ရွေးကောက်ပွဲ အခြေအနေပေါ် မူတည်ပြီးတော့ သဘောထား ဘယ်လိုရှိမယ်ဆိုတာ မပြောနိုင်ဘူး။ အနာဂတ်ဆိုတာ ခန့်မှန်းလို့ ခက်တယ်။ အဲဒါကြောင့် ခုလိုအချိန်က မြန်မာနိုင်ငံအတွက် အခြေအနေ ကောင်းပဲ။
Voice ။ ။ အဲဒီလို အခြေအနေကောင်းကို ဆုပ်ကိုင်နိုင်ဖို့ဆို ဘာတွေလိုမလဲ အဘ။
UKN ။ ။ အဲလိုအချိန်မှာ မြန်မာနိုင်ငံမှာ ရှိတဲ့သူ အားလုံး၊ အဖွဲ့အစည်း အားလုံး၊ တာဝန်ရှိ သူတွေ အားလုံး တက်ညီလက်ညီ လုပ်ဆောင်ရမယ်။ တက်ညီလက်ညီလုပ်တဲ့ နေရာမှာလည်း တစ်စိတ်တည်း တစ်ဝမ်းတည်း ပဲပေါ့ကွာ။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ဖို့ပဲကို။ လက်ရှိ ကိုယ့်နိုင် ငံရဲ့ စီးပွားရေးက သိပ်နောက်ကျနေတာကွ။ စီးပွားရေး မြင့်မားဖို့၊ နိုင်ငံတိုးတက်ဖို့၊ ပြည် သူတွေရဲ့ လူနေမှုဘဝ မြင့်မားဖို့ တစ်စိတ်တည်း တစ်ဝမ်းတည်း ထားပြီး မင်းလုပ်တာလည်း ငါကူ၊ ငါလုပ်တာလည်း မင်းကူ ဆိုတာမျိုး အပြန်အလှန် လေးစားမှု အပြန်အလှန် ကူညီချင်တဲ့ စိတ်ထားနဲ့ သဘောထား ဖြူစင်မှုရှိစွာနဲ့ လုပ်ဆောင်ရင် တို့တိုင်းပြည် ဖွံ့ဖြိုးတိုး တက်ပြီး ကောင်း ရာကောင်းကျိုး ဖြစ်မှာပဲ။ တစ်ယောက်တစ်ပေါက်စီ သူကလည်း ဟိုဟာလုပ် ငါကလည်းဒီဟာလုပ် မယ် ဆိုပြီး စိတ်ဝမ်းတွေ ကွဲနေရင်တော့ တို့တိုင်းပြည် တိုးတက်ဖို့ တော်တော်ခက်တယ်ကွ။ ဒါပဲ၊ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးဖြစ်ဖို့ပဲ
Voice ။ ။ လက်ရှိအခြေအနေမှာ ဘာ အရေးကြီးဆုံးလို့ ပြောချင်လဲ။
UKN ။ ။ ခုချိန်မှာ အရေးအကြီးဆုံးက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပဲ။ တိုင်းပြည်က စည်း လုံး ညီညွတ်ရမယ်။ အဲဒါနဲ့ စီးပွားရေးဘဝ ကောင်းမွန်ရေး ဖွံ့ဖြိုးတိုးတက်ရေးက တစ်ဆက်တည်း ပဲ။ အဲဒီနှစ်ခုက သိပ်အရေးကြီးတယ်။ စီးပွားရေး ဖွံ့ဖြိုးက တိုင်းပြည်တက်လာမယ်။ ဒါပေမဲ့ စီးပွားရေးတက်လာပြီး မညီညွတ်ရင်လည်း တိုင်းပြည်က တက်လာမှာမဟုတ်ဘူးကွ။ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အေးချမ်းတဲ့ဘဝ၊ အေးချမ်းတဲ့ တိုင်းပြည် ဖြစ်ထွန်းနေတယ် ဆိုရင်တော့၊ တိုင်းပြည်က စီးပွားရေးလည်း တက်လာရင်တော့ တို့တိုင်းပြည်က အများကြီး ဖွံ့ဖြိုး လာမှာ။ တို့နိုင်ငံမှာ သဘာဝသယံဇာတတွေ အများကြီး ရှိတယ်ကွာ။ လူသား အရင်းအမြစ်တွေ လည်း အများကြီးရှိတယ်ကွာ။ အခြေခံ အကြောင်းတရားပေါ် မူတည်ပြီး ရှိနေတာက အခြေခံ အကြောင်းတရား ဆိုတာက စောစောကပြောတဲ့ စည်းလုံးညီညွတ်မှု ရှိရမယ်။ တည်ငြိမ်အေးချမ်း ရမယ်။ နောက် စီးပွားရေးဘဝတက်ဖို့ တက်ညီလက်ညီ အားလုံးလုပ်ရမယ်။ ဒါဆို တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှာပဲကွ။ တစ်ယောက်တစ်စ တစ်ယောက်တစ်ပေါက် နဲ့ လုပ်နေကြရင်တော့ တိုင်းပြည်တိုးတက်ဖို့ တော်တော် ခက်တာပဲကွာ။ တစ်ယောက်နဲ့ တစ်ယောက် သူ့ကိုလည်း အပုပ်ချ၊ ကိုယ့်ကိုလည်းအပုပ်ချ။ အဲဒီလို လုပ်နေကြရင်လည်း တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူးကွ။
Voice ။ ။ စောစောကပြောခဲ့တဲ့ အဘရဲ့ သမိုင်းအမြင် ၈၈ မှာရော၊ ၈၈ နောက်ပိုင်းမှာ ရော အဘရဲ့ အခန်းကဏ္ဍက အတော်လေး အရေးပါခဲ့တော့ အဲဒါနဲ့ ပတ်သက်လို့ သမိုင်းအရ သုံး သပ်ပေးပါဦး။
UKN ။ ။ လောလောဆယ် ဘာလုပ်မလဲ။ အကောင်းဆုံး လုပ်ရမယ့်ဟာကို စဉ်းစားပါ။ အတိတ်က ဟာတွေကို ပြန်ပြီးတော့ လုပ်မနေနဲ့တော့။ အတိတ်က ဟာတွေကို သင်ခန်းစာယူပါ။ အနာဂတ် မှာ ကောင်းရာကောင်းကျိုး စဉ်းစားမယ် ဆိုရင်တော့ တိုင်းပြည် တိုးတက်မှာပဲ။ ဒီမယ် သမိုင်းဆို တာက ကောင်းတာလုပ်ခဲ့တဲ့ သမိုင်းက ကောင်းတဲ့သမိုင်း ဖြစ်မှာပဲ။ မကောင်းတာလုပ်ခဲ့တဲ့ သမိုင်း က မကောင်းတဲ့သမိုင်း ဖြစ်မှာပဲ။ သို့သော်ငြားလည်း ဟိုလူကပြော ဒီလူကပြော ပါးစပ်က ထွက်တဲ့ဟာက သမိုင်း ဖြစ်ချင်မှဖြစ်မယ်။ သူဖြစ်ပျက်ခဲ့တဲ့ ဟာက သမိုင်းဖြစ်မှာပဲ။
(မင်းထက်စံ၊ နိုင်မင်းဝေ)
-----------------------------------------------
ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်၏ ကိုယ်ရေးအကျဉ်း
- ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျောက်တန်းမြို့တွင် မွေးဖွား၊
- ၁၉၆၀ ပြည့်နှစ်မှ တပ်မတော်တွင် စတင်တာဝန်ထမ်းဆောင်၊
- ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲခံရသည့် နောက်တွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်၊
- ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော တပ်မတော် အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ယူ၊
- ၂၀၀၃ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့အထိ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်၊
- ၂၀၀၅ ခုနှစ် ဇူလိုင်တွင် တရားစွဲဆိုခြင်း ခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရ၊
- ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်။  .. www.MyanmarExpress.net
 

No comments:

Post a Comment