Friday, March 7, 2014

တစ်ခါက ကျွန်တော့်တို့ ဆရာမ

စစ်တက္ကသိုလ် ကွန်ပျူတာဋ္ဌာန
ကျမ မန္တလေးကွန်ပျူတာ 

တက္ကသိုလ် ကနေ စစ်တက္ကသိုလ် 
ကို ပြောင်းမိန့် ကျလာတယ်
အမှန်တိုင်းပြောရရင် ကျမ 

စိတ်ဓါတ်ကျမိပါတယ်
ဟုတ်တယ်လေ
ယောကျာင်္းတွေချည်း ရှိတဲ့ နေရာ
ပြီးတော့ကြမ်းကြမ်းတမ်း စစ်ပညာတွေ

သင်နေတဲ့ကျောင်း
အဲ့လို နေရာမျိုးမှာ စာသင်ရမယ်ဆိုတော့ အဆင်ပြေပါ့မလားလို့ တွေးမိပါတယ်
ဒီလိုနဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်ကိုရောက်တော့
စစ်တက္ကသိုလ် ရောက်တာတစ်နှစ်လောက်ကြာပြီဖြစ်တဲ့ ဆရာမတစ်ယောက်က ပြောတယ်
ညီမလေးရယ် စိတ်ဓါတ်မကျပါနဲ့ ဗိုလ်လောင်းတွေက ယဉ်ကျေးပါတယ် သူတို့မှာ အပြစ်ပြောစရာဆိုလို့ သွားရည်ကျအောင် အိပ်ငိုက်တတ်တာလေးတစ်ခုဘဲရှိတယ် ဆိုပြီး အရွှန်းဖောက်ပြီးဆိုပါတယ်
ဘာဘဲဖြစ်ဖြစ်လေ
ကျမဟာ ငယ်ငယ်ကတည်းက စစ်သားဆို သူများတကာအပြောနဲ့တင် ကြောက်မိခဲ့တာပါ
အမျိုးထဲမှာလည်း စစ်သားဆိုတာဝေးစွ ရဲ နဲ့ မီးသတ်တောင်ရှိခဲ့တာမဟုတ်ဘူး
ပြီးတော့ ကျွန်မသိတဲ့ စစ်သားဆိုတာ စစ်မြေပြင်မှာ ရန်သူကို သူသေကိုယ်သေ သတ်ပုတ်နေတဲ့ လူကြမ်းကြီးတွေမဟုတ်လား
ကျွန်မသင်ရမှာ
ဒုတိယနှစ်ဗိုလ်လောင်းတွေကို computer science paper 1 သင်ရမယ်တဲ့လေ
ဘာဘဲဖြစ်ဖြစ် ဆရာ ပီသစွာ စေတနာ ဝါသနာ ဂရုဏာ နာ(၃)နာ နဲ့ အကောင်းဆုံးသင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်
ကျမသင်ရမယ့် အတန်းကို သွားဖို့ပြင်နေတုန်း ဗိုလ်လောင်းနှစ်ယောက် ကျမရှေ့ကို ရောက်လာပြီး
"ဆရာမ ဒေါ်မြင့်မြင့်ကြည်လားခင်ဗျ "လို့လာမေးတယ်
"ဟုတ်ပါတယ်"
"ကျွန်တော်တို့ ဆရာမကို လာကြိုတာပါ" လို့ပြောပြီး အလေးပြုကြတယ်
နောက်ပြီး ကျမ ခြင်းတောင်းကို ကူဆွဲပြီး စာသင်ဆောင်ကို သွားကြတယ်
ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့လဲ ဆိုပြီး တွေးမိပါသေးတယ်
နောက်ပြီး
တစ်လမ်းလုံးမှာ တွေ့သမျှ ဗိုလ်လောင်းတိုင်းက ကျမကို လက်တင်အလေးပြုကြတယ်
ဒါနဲ့ ကျမကို လာကြိုတဲ့ ဗိုလ်လောင်းကို
"ဆရာမကို အရာရှိမဟုတ်ဘဲ ဘာလို့ အလေးပြုတာလဲ" လို့ မေးကြည့်လိုက်တော့
"ဆရာမကို အလေးပြုတာက ရိုသေလေးစားသမှု ကိုပြသတဲ့သဘောပါ"
"ကျွန်တော်တို့ စစ်တက္ကသိုလ်မှာ ဆရာ ဆရာမ တွေကို ကိုယ့်အထက်အရာရှိလို တလေးတစားဆက်ဆံဖို့နဲ့ လမ်းမှာတွေ့ရင်လည်း စနစ်တကျ အလေးပြုဖို့ အမိန့်ထုတ်ထားပါတယ်"
ကျမစိတ်ထဲမှာ ကျိတ်ပြီး သက်ပြင်းချမိတယ်
"တော်သေးတာပေါ့ "
"ငါ့ကို သူတို့ အထက်အရာရှိလိုသဘောထားတယ်ဆိုတော့ ရိုင်းရိုင်းစိုင်းစိုင်းတော့ မဆက်ဆံလောက်ပါဘူး"

ဒါနဲ့ စာသင်ခန်းထဲဝင်တာနဲ့ အပေါက်ဝမှာရှိတဲ့ဗိုလ်လောင်းက

"ရှေ့ကြည့် "လို့အော်လိုက်တော့    တစ်ခန်းလုံး အပ်ကျသံတောင်မကြားအောင်
တိတ်ဆိတ် သွားပြီး ဗိုလ်လောင်းတွေအားလုံး ကျောက်ရုပ်တွေလို မလှုပ်မယှက်ငြိမ်သက် သွားကြတယ်
ကျမ စာသင်ခန်းထဲက စားပွဲရှေ့မှာ မတ်တပ်ရပ်ပြီး ကြောင်အန်းအန်းဖြစ်နေမိတာပေါ့
အဲ့ဒီ အချိန်မှာ တာဝန်ကျဗိုလ်လောင်းက ရှေ့ထွက်လာတယ်
ကျမကို အလေးပြုပြီးစာသင်ခန်းဘက်လှည့်ကာ

"တန်းထ " လို့ အော်လိုက်တော့
ကျန်တဲ့ဗိုလ်လောင်းတွေအားလုံး မတ်တပ်ရပ်ပြီး သတိဆွဲထားကြတယ်

ပြီးတော့ ကျမရှေ့မှာ
"အမှတ်စဉ် (၅၃)ဗိုလ်လောင်းသင်တန်း ကွန်ပျူတာသိပ္ပံ အထူးပြု တန်းခွဲ(ည)
ရှိရင်း ၂၀ယောက်
တန်းစီ ၂၀ယောက်
ပျက်ကွက်မရှိ
သင်ခန်းစာပို့ချမှု နာခံရန်သင့်  " လို့အော်ပြီး
တန်းစီးဇယား လာပေးတော့
တော်တော်စည်းကမ်းစနစ်တကျရှိပါလားလို့ တွေးမိပါတယ်

"ဆရာမ ထိုင်ခိုင်းလိုက်ရတော့မလား"

"အေးအေး ဗိုလ်လောင်း ထိုင်ပါထိုင်ပါ"

"တန်းထိုင်"

အဲ့ဒီနေ့က ကျမ စာသင်တဲ့တစ်ချိန်လုံးမှာ ဆရာကို စော်ကားတဲ့အပြုမူမျိုးလုပ်ကြဖို့ဆိုတာဝေးစွ အိမ်သာသွားချင်ရင်တောင် ကျမဆီမှာ ခွင့်တောင်းပြီး ကျမ ခွင့်ပြုမှ သွားကြတယ်

ကျမရဲ့ တပည့်ဗိုလ်လောင်းတွေအားလုံးဟာ ကျမ ထင်ထားသလိုကြမ်းကြမ်းတမ်းတမ်း တွေမဟုတ်ဘဲ အရမ်းကို စည်းကမ်းစနစ်ကျတဲ့ ကျောင်းသားလေးတွေဖြစ်နေတာ အံ့သြမိပါရဲ့

ဒါပေမယ့်

ဗိုလ်လောင်းတွေအားလုံး
ကလေးတွေလို သွားရည်တမြားမြား ကျအောင်အိပ်ငိုက်တတ်ကြပါတယ်

အဲ့လို အိပ်ငိုက်တဲ့အချိန်ဆို နားရွက်လိမ်ဆွဲပြီးနိုးလိုက်တဲ့အခါ ကျမကို စိတ်မဆိုးတဲ့ အပြင် စပ်ဖြဲဖြဲ မျက်နှာပေးနဲ့

"နောက်ကို မငိုက်စေရပါဘူး ဆရာမ "ဆိုပြီး ပြောတတ်ကြပါသေးတယ်

စစ်တက္ကသိုလ်ဆိုတာ လူသတ်တဲ့ပညာသင်ပေးတဲ့ကျောင်းမဟုတ်ဘူးဆ်ုတာသိလိုက်ရပါတယ်

နောက်ပြီး
လူကြမ်း စိတ်ကြမ်း လူသတ်ကောင် စစ်သားတွေမွေးထုတ်ပေးတဲ့ကျောင်း လည်းမဟုတ်ြပန်ပါဘူး

တကယ်တော့
သူတို့ဟာ ဆယ်ကျော်သက်အရွယ် တက္ကသိုလ်ကျောင်းသားလေးတွေပါဘဲ

အပြင်တက္ကသိုလ်တွေနဲ့ မတူတာတစ်ခုက စာပေပညာရပ်တွေအပြင်
တစ်ချိန်မှာ တိုင်းပြည်ကာ ကွယ်ဖို့ စစ်ပညာတွေကိုပါ ပူးတွဲသင်နေကြတဲ့ နောင်တစ်ခေတ်၏ အောင်စစ်သည် များသာ ဖြစ်တယ်ဆိုတာ ကျမ ကောင်းကောင်း သဘောပေါက်မိပါတော့တယ်

ကဲဗိုလ်လောင်းတို့ ဆရာမ ဒီနေ့သင်တာတွေနားလည်ကြလား

နားလည်ပါတယ်ဆရာမ

ဒါဆို ဆရာမ ပြန်တော့မယ် မနက်ဖြန် ဆရာမ အချိန်ကျမှ ကျန်တဲ့စာတွေဆက်ရှင်းပြတော့မယ်

တာဝန်ကျဗိုလ်လောင်းရှေ့ထွက်လာပြီး

တန်းဖြုတ်ခွင့်ပြုပါ

ဆက်လုပ်ပါ ဗိုလ်လောင်း

ကျမရဲ့ အပြန်ခြေလှမ်းတွေဟာ အလာတုန်းကလို လေးလံ မနေတော့ပါဘူး

ငါဟာ နိုင်ငံတော်ကို ကာကွယ်မယ့်စစ်သားကောင်းတွေကို မွေးထုတ်ပေးနေတဲ့ ဆရာမ တစ်ယောက်ပါလား ဆိုတဲ့ အသိဟာ ကျမ ခြေလှမ်းတွေကို တက်ကြွစေခဲ့ပြီလေ

ရဲရင့်လင်း

No comments:

Post a Comment