Friday, May 31, 2013

ကားအခွန် ဒေါ်လာဖြင့် မဆောင်ရတော့ဟု ကောလာဟလ ထွက်ပေါ် ခြင်းကြောင့် အမေရိကန် ဒေါ်လာဈေးတန့်

ရန်ကုန် မေ ၃၀
ကညန၌ ကားအခွန် ဆောင်ရာတွင် မြန်မာ ငွေကျပ်ဖြင့်သာ ပေးဆောင် ရတော့မည် ဖြစ်ကြောင်း အမေရိကန် ဒေါ်လာ ရောင်းဝယ်သူများ အကြားတွင် ကောလာဟလ သတင်းထွက်ပေါ်ခြင်းကြောင့်  မြန်မာ ကျပ်ငွေ တန်ဖိုး ပြန်တက်လာပြီး အမေရိကန် ဒေါ်လာဈေးမှာ ရုတ်တရက် ကျဆင်း သွားသဖြင့် အမေရိ ကန် ဒေါ်လာ လဲလှယ် ဈေးနှုန်းမှာ ငွေကျပ် ၉၄၁ သို့ ကျဆင်းလာသည်။ ပြည်တွင်း ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၇၀၇၄၀၀ ၀န်းကျင်တွင်သာ ပေါက်ဈေးရှိကြောင်း သိရသည်။
အမေရိကန် ဒေါ်လာဈေးမှာ မေလဆန်းမှစ၍တစ်ရက်လျှင်၁၀ကျပ်နှုန်းခန့် မြင့်တက်လာပြီးနောက် မေလ နောက်ဆုံးပတ်တွင် အမြင့်ဆုံးဈေး အမေရိကန် ဒေါ်လာ ငွေလဲလှယ်နှုန်း ငွေကျပ် ၉၆၀ မှ ငွေကျပ် ၉၄၁ ကျပ်သို့ ပြန်၍ ကျဆင်းသွားပြီး ပြည်တွင်း ရွှေဈေးနှုန်းမှာ ငွေကျပ် ၇၁၀၀၀၀ ၀န်းကျင်၌သာ တည်ငြိမ်မှု ရှိနေကြောင်း ရန်ကုန် ရွှေလုပ်ငန်း ရှင်များထံမှ စုံစမ်း သိရှိရသည်။
အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ ပြင်ပ ပေါက်ဈေးတွင် နှုန်းရှင် အနေအထား အတိုင်း အတက် အ ကျ ပြောင်းလဲမှုများ ရှိနေပြီး လကုန်ရက် များတွင် နိုင်ငံတကာ ကုမ္ပဏီ များ၏ လုပ်အားခ ရှင်းပေး မှုကြောင့် မြန်မာငွေကျပ်လိုအပ်မှုများလာပြီး အမေရိကန် ဒေါ်လာ အရောင်း များလာသောကြောင့်  ဈေးနှုန်း ရုတ်တရက်ကျဆင်းခြင်း ဖြစ်သည်ဟု အမေရိကန် ဒေါ်လာ ၀ယ်ရောင်းကြီး များက သုံးသပ် ပြောကြားသည်။
ယခု လောလောဆယ်တွင် အမေရိကန် ဒေါ်လာ ရောင်းဝယ်သူများ အကြားတွင် ဂယက် ရိုက်ခတ်မှု ရှိနေသော အကြောင်းမှာ အမေရိကန် တစ်ဒေါ်လာကို ငွေကျပ် ၁၀၀၀ ဖြစ်မည် ဆိုသော ပြင်ပ သတင်းများကြောင့် ဖြစ်ပြီး အဆိုပါ သတင်းကို ခိုင်လုံစေရန် မေလဆန်းမှ စ၍ ဗဟိုဘဏ်၏ တစ်ရက် ၁၀ ကျပ်နှုန်း နီးပါးဆွဲတင် နေမှုက အမေရိကန် ဒေါ်လာ ဈေးကိုခိုင်မာ လာစေပြီး တစ်ဒေါ်လာ ငွေကျပ် ၉၆၀ အဖြစ်သို့ ရောက်ရှိ စေခဲ့သည်။
ဒုတိယ အကြိမ် ထွက်ပေါ်လာသော ကောလာဟလ သတင်းမှာ ယခင်က တင်သွင်းခွန်ကို အမေရိကန် ဒေါ်လာနှင့် ညီမျှသော FEC ဖြင့် ပေးဆောင်နေရာမှ FEC ကို တရားဝင် ပြန်လည် သိမ်းဆည်း ခဲ့ပြီးနောက် ကားတင်သွင်းခွန် များကို မြန်မာ ကျပ်ငွေဖြင့် ပေးဆောင် ရတော့မည် ဆိုသောကြောင့် အမေရိကန် ဒေါ်လာဈေးမှာ ရုတ်တရက် ကျဆင်းသွားပြီး ကျပ်ငွေ တန်ဖိုးမှာ ပြန်လည် ခိုင်မာလာကြောင်း သိရသည်။
ပြည်တွင်း ရွှေဈေးကွက်မှာ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၇၁၃၀၀၀ ၀န်းကျင်နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၄၂၅ ခန့် မေ ၁၅ ရက်တွင် ဈေးပေါက်ခဲ့ပြီး မေ ၂၉ ရက်က ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၃၈၆ ဈေးပေါက်ခဲ့ သည်။ ပြည် တွင်း ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ် ၇၀၇၄၀၀ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုလ နောက်ဆုံးပတ်တွင် ပြည်တွင်း ရွှေဈေးမှာ တည်ငြိမ်နေမည် ဖြစ်ပြီး အိမ်နီး ချင်း နိုင်ငံ များ ရှိ ရွှေပေါက်ဈေးနှင့် နှိုင်းယှဉ် ကြည့်ပါက ပြည်တွင်း ပေါက်ဈေးမှာ ငွေကျပ် ၁၀၀၀ ၀န်းကျင် မြင့်နေပြီး အမေရိကန် ဒေါ်လာဈေးမှာ ဆက်လက် မြင့်တက်ရန် ယခု လကုန်အထိ မဖြစ်နိုင် သေးကြောင်း အမေရိ ကန် ဒေါ်လာ ၀ယ်ရောင်းကြီး များက သုံးသပ်ပြောကြား ခဲ့သည်။


No comments:

Post a Comment