Tuesday, August 6, 2013

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြုလုပ်သည့် ညှိနှိုင်းတွေ့ဆုံပွဲ

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) မှ သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ သြဂုတ် ၃ ရက်က ပြုလုပ်သော နိုင်ငံရေး ပါတီများနှင့် ညှိနှိုင်းတွေ့ဆုံပွဲ သို့ နိုင်ငံရေးပါတီ အဖွဲ့အစည်း ၂၃ ခုအား ဖိတ်ကြားခဲ့သော်လည်း ပါတီသုံးခုနှင့် အဖွဲ့အစည်း တစ်ခုသာ တက်ရောက် ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအ၀င် ကျန်ပါတီ အဖွဲ့အစည်းများ တက်ရောက်မှု မရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းအား ''ယခုကဲ့သို့ ပွဲမတက်ရောက်ခြင်းသည် ဖိတ်စာမရ၍ ဖြစ်ကြောင်း သိရသည်ဟု'' ဆက်သွယ်မေးမြန်းရာတွင် ဖိတ်စာမရရှိကြောင်းသာ ဖြေကြားခဲ့သည်။ ''ကျွန်တော် အခုထိ ဖိတ်စာမတွေ့ဖူးသေးဘူး။ ဖိတ်စာမရောက် တဲ့ ကိစ္စပဲ ကျွန်တော်ပြောတယ်။ ခင်ဗျားခုနက ကိစ္စက ကျွန်တော် မဖြေနိုင်ဘူး။ ဘာလို့ မတက်တာလဲ။ တက်တာလဲ ကျွန်တော်နဲ့ မဆိုင်ဘူးဗျ'' ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများ ထံသို့ ဖိတ် စာပို့သည့် စာရင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးသန်းထွဋ်၊ တာဝန်ခံ ဆိုသူမှ ဖိတ်စာ လက် ခံ ရရှိကြောင်း လက်မှတ် ရေးထိုးထားသည်။
ယင်းကဲ့သို့ စာနယ်ဇင်းကောင်စီ(ယာယီ) မှ ဖိတ်စာပို့ထားသော်လည်း သက်ဆိုင်ရာပါတီ တာဝန်ရှိ သူများထံ မရောက်ရှိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ပြည်သူလူထု ယုံကြည်အားကိုးသည့် ပါတီ အဖွဲ့အစည်းများ အနေဖြင့်ရုံးအဖွဲ့များ၏လုပ်ထုံးလုပ်နည်းများစနစ်တကျထားရှိသင့်ကြောင်း  မြန် မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက သုံးသပ်ခဲ့သည်။
ဥပဒေပညာရှင်၊ စာပေပညာရှင်များ အပါအ၀င် တတ်သိပညာရှင်များနှင့် ဂျာနယ်လစ်များ၏ သဘောဆန္ဒ ကို တောင်းခံပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော သတင်း မီဒီယာ ဥပဒေကြမ်း ဥပဒေကြမ်းပါ အချက်များအနက် ၁၇ ချက်ကို ပြန်ကြားရေး ၀န်ကြီးဌာနမှ လက်မခံဘဲ ပြန်လည်ပြင်ဆင်ပေး ရန်၊ ပြင်ဆင်ခြင်းမရှိပါက ၀န်ကြီးဌာနအနေဖြင့် လွှတ်တော်သို့ တင်သွင်းပေးရန် မဖြစ်နိုင်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ငြင်းဆန် ခဲ့သဖြင့် စာနယ်ဇင်းကောင်စီ(ယာယီ)မှလည်း လွှတ်တော်သို့ ကိုယ်စားလှယ် များမှ တစ်ဆင့် သာ တင်သွင်းရန်ဆုံးဖြတ်ခဲ့ပြီးအဆိုပါဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ရန်  နိုင်ငံရေး ပါတီများနှင့် ညှိနှိုင်းရန် တွေ့ဆုံပွဲ ပြုလုပ်ရာတွင် ထိုကဲ့သို့ နိုင်ငံရေးပါတီများမှ မတက်ရောက်ခဲ့ သည့် အခြေအနေများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment