Saturday, August 10, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများအား ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ခန်းမဆောင်ကြီး၌ တွေ့ဆုံ၍ အမှာစကား ပြော ကြားသည်။
တွေ့ဆုံပွဲ အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ် ထွန်း၊ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုရှေ့နေချုပ်၊ပြည်ထောင်စုစာရင်းစစ်ချုပ်၊ပြည်ထောင် စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိ ယရှေ့နေချုပ်၊ဒုတိယစာရင်းစစ်ချုပ်၊ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်  စီဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌-
အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်
ဒီနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက် ကဏ္ဍ အသီးသီးနဲ့ ဒေသအသီးသီးမှာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နေကြတဲ့ အစိုးရအ ဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများကို သီးသန့်ခေါ်ယူ တွေ့ဆုံရတဲ့ အဓိက အကြောင်းအရင်းကတော့-
-
ကျွန်တော်တို့အစိုးရ တာဝန်ယူရတဲ့ (၅) နှစ်တာကာလရဲ့ ပထမပိုင်း လ (၃၀) ကာလဟာ  ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး အတွက် သိသာထင်ရှားတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ်ချတဲ့ ကာလဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ပြည်တွင်းနိုင်ငံရေးနှင့် ပြည်ပနိုင်ငံရေး အခြေအနေတွေကို သိသာစွာ တိုးတက်အောင် ဆောင်ရွက် ခဲ့သလို အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး စေ့စပ်ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲရေး အပိုင်းမှာလည်း အခြေခံမူ‌ဘောင် ချမှတ်ပြီး ဥပဒေ လုပ်ထုံး လုပ်နည်း ပြင်ဆင်ပြောင်းလဲ ဖြေလျော့မှု အများအပြားကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာဈေးကွက် ဝင်ရောက်နိုင်တဲ့အဆင့်ကို စတင်နေပြီ ဖြစ်ပါတယ်။
-
ဒုတိယပိုင်းကျန်တဲ့ လ (၃၀) ကာလဟာ ပြည်သူတွေရဲ့ စားဝတ်နေရေး အခြေခံ လိုအပ်ချက်များကို ဦးစားပေးပြီး သိသာထင်ရှားတဲ့ လူမှုစီးပွားရေး အကျိုးရလဒ်များ ရရှိခံစားနိုင်အောင် ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ရမယ့် ကာလ ဖြစ်ပါတယ်။ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ လ (၃၀)မှာ လက်တွေ့ အကောင်အထည်ဖော်မယ့် (Integrated Action Plan) ရေးဆွဲပြီး လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ပြည်ထောင်စုဝန်ကြီး ဌာနကသပ်သပ်၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရက သပ်သပ် ရေးဆွဲဆောင်ရွက်တာမျိုး မဟုတ်ဘဲ ပြည်သူများအတွက် ဦးစားပေး လိုအပ်ချက်တွေကို အတူတကွ ပူးပေါင်းစီမံဆောင်ရွက်ရန် လိုအပ်လာတဲ့အတွက် ယခုလို တွေ့ဆုံ မှာကြားရခြင်း ဖြစ်တယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ခေတ်သစ်စနစ်သစ်တစ်ခုကို စတင်ပြုပြင် ပြောင်းလဲရတဲ့ တာဝန် ထမ်းဆောင် ရာမှာ မဟာဗျူဟာလုပ်ငန်းစဉ်အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးနှင့် လူ မှုရေး ပြုပြင်ပြောင်းလဲမှု၊ အစိုးရအုပ်ချုပ်ရေး ယန္တရား တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်း လဲမှု၊ ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးအောင် ပြုပြင်ပြောင်းလဲမှုစတဲ့ ပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ် (၄) ရပ်ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေဟာ ပြည်သူက ပြုပြင် ပြောင်းလဲစေချင်တဲ့ လုပ်ငန်းတွေဖြစ် ပါတယ်။ ပြည်သူ့ဆန္ဒဟာ အစိုးရရဲ့ ဆန္ဒ၊ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။ 
ဒီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် (၄) ရပ်ထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်း လဲမှုတွေကို သိသိသာသာ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ အုပ်ချုပ်ရေး ယန္တရား ရဲ့ စီမံခန့်ခွဲအုပ်ချုပ် လုပ်ကိုင်မှု စွမ်းဆောင်ရည်ကောင်းဖို့ လိုအပ်သလို နိုင်ငံစီးပွားရေး တစ်ခုလုံးရဲ့ (၉၀%) ခန့်ကို ပုဂ္ဂလိကကဏ္ဍက လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍရဲ့ လုပ်ကိုင်နိုင် စွမ်းမြင့်မားဖို့ လိုအပ်ပါတယ်။
နိုင်ငံတကာ ပြုပြင်ပြောင်းလဲမှု (Reform) အတွေ့အကြုံများအရ အစိုးရယန္တရား အတွင်းမှာရော အစိုးရယန္တရား ပြင်ပကပါ အတားအဆီး အခက်အခဲများနဲ့ စိန်ခေါ်မှုများစွာ တွေ့ကြုံရတာ ဓမ္မတာ ဖြစ်ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်ရေး မူဝါဒ ချ မှတ် ဆောင်ရွက်ခဲ့သော်လည်း  ပြီးခဲ့တဲ့ လ (၃၀) အတွင်းမှာ အစိုးရဌာန အချို့နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင်အချို့ရဲ့  ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင် သာမရှိခြင်း၊ပြည်သူ့အသံ၊ပြည်သူ့ဆန္ဒလိုအပ်ချက်များကိုတာဝန်သိမှုတာဝန်ယူမှုဖြင့်လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိလိုက်စားခြင်း တို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွေ့ခြင်း၊ အရေး ယူခြင်း များ ဆောင်ရွက်ခဲ့ရပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ဒုတိယဝန်ကြီးများဟာ အစိုးရအဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး အစိုးရအဖွဲ့ တစ်ဖွဲ့လုံးရဲ့ ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင် ညှိနှိုင်းပူးပေါင်း ဝိုင်းဝန်း အကောင်အထည်ဖော်ကြရမယ့် ပုဂ္ဂိုလ်များဖြစ်ပါတယ်။ သို့ရာတွင် အချို့သော ဌာနဆိုင်ရာ ပုဂ္ဂိုလ် များဟာ မိမိတို့ တာဝန်ယူရတဲ့ ဝန်ကြီးဌာန လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး အခြား ဝန်ကြီးဌာ နများနဲ့ ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှု မရှိဘဲ ဗဟိုမှ တိုက်ရိုက် အမိန့်ပေးကွပ်ကဲသည့်စနစ် ကျင့်သုံးနေခြင်း၊ လက်အောက်သို့ လုပ်ပိုင်ခွင့် အာဏာ ဖြန့်ခွဲမှု မရှိခြင်းစတဲ့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်တာကို တွေ့ရှိရတဲ့အတွက် မိမိတို့ရဲ့ စိတ်ဓာတ် (Mind-set) ပြင်ပြီး ဌာနက တာဝန်ယူရတဲ့ လုပ်ငန်းကဏ္ဍများ အဆင်ပြေချောမွေ့ တိုးတက်အောင် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်။ ဒါမှလည်း ပြည်သူ့ဝန် ကို ဆောင်ရွက်ပေးတဲ့ပြည်သူ့ဝန်ထမ်းကောင်းတွေဖြစ်လာပြီးပြည်သူ့အကျိုးသယ်ပိုး ထမ်းဆောင် နိုင်မှာ ဖြစ်ပါတယ်။
ကျန်တဲ့ လ (၃၀) အတွင်းမှာ ပြည်သူများရဲ့ စားဝတ်နေရေး၊ လူမှုစီးပွားရေး ဦးစားပေး လိုအပ် ချက်များဖြစ်တဲ့ -
-
လျှပ်စစ်မီး ရရှိရေး
-
သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး
-
အလုပ်အကိုင်များ တိုးတက်ရရှိနိုင်မည့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ ညှိနှိုင်းပြီး ပြည်သူလူထု သိသိသာသာ ရရှိခံစားနိုင်အောင် အကောင်အထေည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။
နိုင်ငံဖွံ့ဖြိုးမှု အကျိုးရလဒ် (Quick Win) ရအောင်ဆောင်ရွက်နိုင်မယ့် အဓိက မောင်းနှင်အား ကဏ္ဍ များဖြစ် တဲ့ -
-
လူဦးရေ ရာခိုင်နှုန်းအများဆုံး မှီခိုလုပ်ကိုင်နေကြသော စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးနဲ့ တောင်သူလယ်သမားများရဲ့ ဝင်ငွေတိုးပွားပြီး ဆင်းရဲမှု လျော့ချနိုင်မယ့် လုပ်ငန်း။
-
အချိန်တိုအတွင်း စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် ခရီးသွားလုပ်ငန်း။
-
နိုင်ငံစီးပွားရေး မောင်းနှင်အားဖြစ်တဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ရည်မှန်းချက် (Target) ထားပြီး တိုးတက်အောင် ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလိုချက်နှင့် ပြည်သူတို့၏ လူမှုစီးပွားရေး ဦးစားပေး လိုအပ် ချက်တွေ ကို အကောင်အထည်ဖော်တဲ့နေရာမှာ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာ ဖြည့်ဆည်း နိုင်မှသာ ထိရောက် အောင်မြင်မှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ငွေကြေးအရင်းအနှီးများ စီးဝင်ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဘဏ်လုပ်ငန်းနှင့် အသေး စား ငွေချေးလုပ်ငန်း ဖွံ့ဖြိုးရေး၊ ငွေကြေး ဈေးကွက် ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေး အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုဘဏ်နှင့် သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံး ပူးပေါင်းပြီး လိုအပ်တဲ့ လုပ်ငန်းကဏ္ဍနဲ့နယ်ပယ်ဒေသအလိုက်အထူးလုပ်ငန်းအဖွဲ့တွေနဲ့ကွင်းဆင်းပြီးအဆင်ပြေအောင်   ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းများ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသာမက အစိုးရ၊ ပုဂ္ဂလိက ယန္တရား တစ်ခုလုံး ဆက်သွယ်ဆောင်ရွက်မှု လျှင်မြန်ချောမွေ့ရေးအတွက် ဆက်သွယ်ရေး နှင့် သတင်းအ ချက်အလက်နည်းပညာကဏ္ဍကိုအရင်းအနှီးနဲ့နည်းပညာများရင်းနှီးမြှုပ်နှံပြီးဦးစားပေး ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်။ဦးစားပေးရမယ့်လုပ်ငန်း တစ်ခုအနေနဲ့ အာဆီယံပြူတင်းတစ်ပေါက်စနစ် (ASEAN SINGLE WINDOW) ကျင့်သုံးရေးအတွက် e-government လုပ်ငန်း အကောင်အထည်ဖော်မှုကို တစ်နှစ်အတွင်း ပြီးစီးအောင် ရည်မှန်းအကောင်အထည်ဖော်ဖို့ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက ဦးဆောင်ပြီး ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက် တွန်း ပြောကြားလိုပါတယ်။
မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှုနိမ့်ကျရခြင်းမှာ အရင်းအနှီးနှင့်နည်းပညာ မရှိတဲ့အတွက် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းဟာမိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး အရင်းအနှီးနှင့်နည်းပညာစီးဝင်အောင်ကြိုးပမ်းကြသလို၊အခြားနိုင်ငံထက်ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာအောင် ကြိုးပမ်းပြီး ပြည်သူ များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လျှပ်စစ်မီး အပါအဝင် အခြေခံ အဆောက်အအုံများ ပြည့်စုံလုံလောက်မှ သာလျှင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ် နှံမှုများ တိုးတက်ရရှိလာမှာ ဖြစ်တဲ့အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို ဒေသအလိုက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်ချောမွေ့ပြီး အဆင့်ဆင့် ကုန်ကျ စရိတ်များ သက်သာမှသာ အာဆီယံဒေသအတွင်း လွတ်လပ်သော ကုန်သွယ်မှု သာမက နိုင်ငံတကာ ကုန်သွယ်မှုမှာဈေးကွက်ယှဉ်ပြှိင်ဝင်ရောက်နိုင်စွမ်းရှိမှာဖြစ်တဲ့အတွက်ကုန်းကြောင်း၊ ရေကြောင်း၊   လေကြောင်း အခြေခံ အဆောက်အအုံများနှင့် ပို့ဆောင်ရေးကဏ္ဍကို တွက်ချက် ဆောင် ရွက်ကြ ရန် မှာကြားလိုပါတယ်။       
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ လုပ်ငန်းကဏ္ဍ အသီးသီးအတွက် လူသား အရင်းအမြစ် လိုအပ်ချက်များ ရှိလာတဲ့အတွက် လက်တလော အခြေအနေအတွက် သာမ က ရေ ရှည်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်ချိန် တည်း တစ်ပြိုင်တည်း ကဏ္ဍအလိုက်ရော၊ ဒေသအလိုက်ပါ စုစည်းလေ့ ကျင့် မွေး ထုတ်သွားနိုင်ရေး စီမံသွားကြရမှာ ဖြစ်ပါတယ်။ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍမှာ ဘတ်ဂျက် အသုံးစရိတ်ပိုမိုခွင့်ပြုသုံးစွဲနေတဲ့အပေါ်မှာအကျိုးရှိထိရောက်အောင်ဦးစားပေးမှန်ကန်အောင် ရွေးချယ်စီမံရန် မှာကြားလိုပါတယ်။ ပညာရေးစနစ်နဲ့ ကျန်းမာရေးစနစ်ဟာ တစ်မျိုးသားလုံးရဲ့ အနာဂတ် မျိုးဆက်သစ် များကို ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေများကို အမှီလိုက်နိုင်အောင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ဖို့ အလေးထားပြောကြား လိုပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၄)ရပ်နဲ့ အထက်က ပြောကြားခဲ့တဲ့ ဦးစားပေး လုပ်ငန်း တွေကို ကျန်တဲ့ လ (၃၀)အတွင်း  ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက သာမန်သမရိုးကျ ယခင်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မယ်ဆိုရင် ပြည်သူများရဲ့ လူမှုစီးပွာရေး လိုအင် ဆန္ဒအကျိုးရလဒ်ရဖို့ခဲယဉ်းမှာဖြစ်ပါတယ်။နိုင်ငံအုပ်ချုပ်ရေးယန္တရားရဲ့ထိပ်ပိုင်းကစပြီး အောက်ခြေ အထိ ဘုရင့်နောင် ဖောင်ဖျက် သလို နောင်ရိုးစိတ်ဓာတ်နဲ့ အဆင့်ဆင့်စုဖွဲ့ပြီး အားကြိုးမာန်တက် စီမံဆောင်ရွက်မှ ရည်မှန်းချက် တာဝန်တွေ ပြီးမြောက်အောင်မြင်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယခင်က စီမံကိန်းကော်မရှင်က သာ ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ် လမ်းညွှန်ဆောင်ရွက်ခဲ့ရာမှ ဒီနေ့ကစပြီး နိုင်ငံတော်အဆင့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီကိုသီးခြားဖွဲ့စည်းပြီးကျွန်တော်ကိုယ်တိုင်ဦးဆောင်အာရုံစိုက်လမ်းညွှန် ဆောင်  ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများမှာလည်း လုပ်ငန်း ကဏ္ဍ အလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည်အထိ ဦးဆောင်ဆွေးနွေး ညှိနှိုင်းပေါင်း စပ် ဆောင် ရွက်ပေးမယ့် (Delivery Unit/ Task Force) များနဲ့  အလယ်အလတ် အဆင့်မှ လုပ်ငန်း အကောင် အထည်ဖော်မယ့် လုပ်ငန်းအဖွဲ့ (Working Group) များ ဖွဲ့စည်းပြီး မြေပြင်ကွင်းဆင်း၍ အပြန်အ လှန် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် သွားကြဖို့ မှာကြားလိုပါတယ်။ ဆွေးနွေး ညှိနှိုင်း ရာမှာလည်း အစည်းအဝေး တစ်ရက် လုပ်ရုံနဲ့၊ ညှိနှိုင်းတဲ့ ပုံစံမဟုတ်ဘဲ လုပ်ဆောင်မယ့် အစီအမံ၊ ဆုံးဖြတ်ချက် အဖြေထွက်တဲ့အထိ တစ်နေရာထဲမှာဆုံပြီး (၃/၄/၅)ရက်၊ ရက်သတ္တ တစ်ပတ်၊ နှစ်ပတ် အချိန်ယူ ပူးပေါင်းညှိနှိုင်းတဲ့ ပုံစံနဲ့ ဆောင်ရွက်သွားကြရန် ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းများဟာ ပြည်တွင်းပြည်ပ ပညာရှင်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အသင်း အဖွဲ့များ၊ အရပ်ဖက် လူထုအ ဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းခြင်း ပြည်သူ့အသံနှင့် ဆန္ဒသဘောထား ရယူခြင်းများ ဆောင်ရွက် ကြပြီး လက်တွေ့ကျကျ ပြည်သူ့လိုအပ်ချက် ဦးစားပေး လုပ်ငန်းများကို လ (၃၀)အတွင်း ပြည်သူများအတွက် အကျိုးရလဒ်  ရရှိခံစားနိုင်ရေးအတွက် ပြီးမြောက်အောင်မြင်အောင် ကြိုးစားလုပ်ကိုင် သွားကြဖို့ အထူးအလေးထားမှာကြားလိုပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများရဲ့ အစီအမံ (Action Plan) များဟာ သီးခြားစီ ရေးဆွဲဆောင်ရွက်တာမျိုး မဟုတ်ဘဲ ပြည်သူများ အတွက် အဓိကလိုအပ်တဲ့ ဦးစားပေးလုပ်ငန်းများနဲ့ ဦးစားပေး ဖြည့်ဆည်း ပေးရမယ့် နယ်ပယ်ဒေသတွေကို ညှိနှိုင်းရွေးချယ်ပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီ အထောက်အပံ့ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှုတို့ကို လူအားငွေအား စုစည်း အကောင်အထည် ဖော်ရမှာ ဖြစ်တဲ့အတွက် လုပ်ငန်း ကဏ္ဍအလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည် အထိ ဦးဆောင်ဆွေးနွေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမယ့် (Delivery Unit/ Task Force)များရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်အောင် ပြည်ထောင်စုဝန်ကြီးများ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်များက အလေးထားစီမံပေးရန် ဖြစ်ပါတယ်။

ဘတ်ဂျက်ခွဲဝေ သုံးစွဲရာမှာလည်း ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြည်သူများရဲ့ လူမှုစီးပွားရေး တိုးတက်အောင် လက်တွေ့ အကောင်အထည်ဖော် ပေးနေရတဲ့ တိုင်းဒေသကြီး ပြည်နယ်များရဲ့ ဘတ်ဂျက်အချိုးကို နယ်မြေ အခြေအနေနဲ့ လုပ်ငန်း သဘာဝပေါ်မူတည်ပြီး ပိုမို ခွဲဝေပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြဖို့ ပြောကြားလိုပါတယ်။

အလားတူ အစိုးရအုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေးအတွက် ပြုပြင် ပြောင်းလဲမှု တစ်ရပ်ဖြစ်တဲ့ အစိုးရဌာနစီးပွားရေးလုပ်ငန်းများကို ပြန်လည် စိစစ်သုံးသပ်ပြီး ဘတ်ဂျက် အသုံးစရိတ်လိုငွေ လျော့နည်းရေးနဲ့ စီးပွားရေးလုပ်ငန်း စွမ်းဆောင်ရည် တိုးတက်ရေးတို့ အတွက် (Corporatization, Privatization) လုပ်ဆောင်ရန် အစီအစဉ်ရှိတဲ့ ဌာနများ အနေနဲ့ ဥပဒေမူဘောင် ရေးဆွဲပြဌာန်းရေးနဲ့ လုပ်ငန်းစီမံကိန်း ရေးဆွဲတင်ပြပြီး လာမယ့် ဒီဇင်ဘာ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးမှာ ဘဏ္ဍာရေးအစီအမံ (Financial Plan) တင်ပြဆောင်ရွက်နိုင်အောင် စီမံကြဖို့ မှာကြားလိုပါတယ်။

နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းရာမှာ နယ်မြေလုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလ ပဋိပက္ခ ဖြစ်စဉ်များကို ပြန်သုံးသပ်ကြည့်လျင် အသေးအဖွဲ့ခိုက်ရန်ဖြစ်ပွားမှု၊ လူအုပ်စုဖွဲ့ ရမ်းကားမှု တွေမှာ လက်ဦးမှု ရယူ တားဆီးထိန်းသိမ်းနိုင်မှုရှိရန် အရေးကြီးတာ တွေ့ရှိရတဲ့အတွက် ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်လုံခြုံရေး အင်အားများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ တိုက်ရိုက်ကွပ်ကဲ အမိန့်ပေးဆောင်ရွက်ကြရန် တာဝန် ပေးအပ်ပါတယ်။ ထိုသို့ကွပ်ကဲရာမှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက မိမိတို့ လမ်းညွှန်စီမံတဲ့ ကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ အသိပေး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဌာနကလည်း မြို့နယ်ရဲလုံခြုံရေးအင်အားနဲ့ ထိန်းသိမ်းဖို့ မလုံလောက်တဲ့ အချိန်မှာ ပြည်ထဲရေး ဝန်ကြီးဌာန တိုက်ရိုက်ကွပ်ကဲရတဲ့ ရဲတပ်ရင်း အင်အားများ ထပ်ဆောင်းဖြည့်တင်းပေးပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းသိမ်း နိုင်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရများအကြား အုပ်ချုပ်မှု ကိစ္စများ၊ အဆင်ပြေ ချောမွေ့စေရန်အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်များ ကတော့ -
-
တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ပြည်ထောင်စု ဝန်ကြီးဌာန များက တိုက်ရိုက် ကွပ်ကဲကြီးကြပ်ခြင်း မပြုဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရများက စီမံခန့်ခွဲ၊ လမ်းညွှန်၊ ကြီးကြပ်၊ စစ်ဆေး ဆောင်ရွက်သွားရန်။
-
ဌာနဆိုင်ရာ အရာထမ်း အမှုထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မား လာရေးအတွက် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက စွမ်းဆောင်ရည် အကဲဖြတ်ချက် အစီအရင်ခံစာအား ပြုစု၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြပြီး ပြည်ထောင်စု ဝန်ကြီးဌာန များသို့ မိတ္တူပေးလျက် ပြည်ထောင်စု ဝန်ကြီးဌာနများက ရာထူးတိုးမြှင့်ရေးနှင့် အပြောင်းအရွှေ့ စီမံရာတွင် ယင်းအကဲဖြတ် ချက်အပေါ် မူတည်ဆောင်ရွက်ရန်။
-
ပညာရေးဝန်ကြီးဌာနအနေနဲ့ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ခန့်ထားရာ၌ ဗဟိုမှ တိုက်ရိုက်ခန့်ထားခြင်းမပြုဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ခန့်ထား ခွင့်ပြုရန်။
-
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သူနာပြု၊ သားဖွားဆရာမများ ခန့်ထားရာ၌ ဗဟိုမှ စုစည်းလေ့ကျင့်သော်လည်း ခန့်ထားရာ၌ တိုင်းဒေသကြီး ပြည်နယ် အစီအစဉ်ဖြင့် ဒေသအလိုက် ဒေသခံများ ပြောင်းရွှေ့နေရာချထားနိုင်ရေး ညှိနှိုင်းစီစဉ်ရန် နှင့် ဝေးလံ ခေါင်းပါး ဒေသများအတွက် ဆရာဝန် ခန့်အပ် ချထားခြင်းကို ဗဟိုမှ တိုက်ရိုက် စီစဉ်သော်လည်း ပျက်ကွက်မှုများ ရှိနေသဖြင့် ဝေးလံခေါင်းပါး ဒေသများအတွက် တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဆရာဝန် လိုအပ်သော ဒေသများအတွက် သတင်းစာတွင် ကြေညာခေါ်ယူ လျှောက်ထားစေပြီး ခန့်အပ်တာဝန်ပေးသည့် စနစ် ကျင့်သုံးရန်။
-
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများမှ တိုက်ရိုက်ခွင့်ပြုရသည့် လုပ်ငန်းများအနက် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်သည့် လုပ်ငန်းများအား ခွဲဝေပိုင်းခြား လုပ်ကိုင်ခွင့်ပြုရန်။
တိုင်းဒေသကြီး ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များကို အဓိကထား မှာကြားလိုတဲ့ အချက်တွေ ကတော့-
-
မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ တွေဟာ မြို့နယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေး လိုအပ်ချက်တွေကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက် ပေးတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ညှိနှိုင်း အကောင်အထည် ဖော်ရေး အဖွဲ့တွေဖြစ်တဲ့အတွက် မြို့နယ်အတွက် ဦးစားပေးလုပ်ငန်းတွေကို ညှိနှိုင်းဆွေးနွေးတတ်၊ လုပ်တတ်ကိုင်တတ် ရှိအောင် သင်ကြား လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
-
တိုင်းဒေသကြီး ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ မြို့နယ်အဆင့်ဟာ အခြေခံကျပြီး ပြည်သူတွေရဲ့ တစ်ဦးကျဝင်ငွေ၊ သောက်သုံးရေ လိုအပ်ချက် လျှပ်စစ်မီး လိုအပ်ချက်၊ အလုပ်လက်မဲ့ အရေအတွက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး၊ မြို့ကွက်ရွာကွက် အကျယ်အဝန်းနဲ့ လူဦးရေ တိုးပွားမှု သိပ်သည်းမှုအရ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲပြီး လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့များ စာရင်းကောက်ယူ နေရာ ချထားရေး စတဲ့လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်  ကိန်းဂဏန်း စာရင်းဇယားများကို မြေပြင်စာရင်း ကောက်ယူ လေ့လာ သုံးသပ်ဆွေးနွေး စီမံ ဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒီနေရာမှာ တောင်သူလယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းတွေကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်တာနဲ့အမျှ ၎င်းတို့ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံခွင့်များ ရလာတာနဲ့ အမျှ ချေးငွေရရှိရေး၊ ငွေကြေး အရင်းအနှီးရရှိရေး ဆောင်ရွက်လာနိုင်မှာ ဖြစ်တဲ့အတွက် တောင်သူ လယ်သမားများရဲ့ လူမှုစီးပွားရေးဘဝ တိုးတက်လာမှာ ဖြစ်တဲ့အကြောင်း ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါလို မှာကြားလိုပါတယ်။
-
မြို့နယ်ကော်မတီ အသီးသီးအနေနဲ့ အစည်းအဝေးများကျင်းပရာမှာ ပြည်သူများက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် များကိုပါ ဖိတ်ကြားပြီး ပြည်သူများ၏  လူမှုစီးပွားရေး လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား အခြေခံအဆောက်အအုံ လိုအပ်ချက်များအနက် ဦးစားပေးများကို ရွေးချယ်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ လွှတ်တော်များသို့ အဆင့်ဆင့် တင်ပြသင့်သည်များကို ဘတ်ဂျက်၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု အလားအလာပေါ် မူတည်ရွေးချယ်ပြီး ညှိနှိုင်းတင်ပြတဲ့ အစီအစဉ်များ ဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။
-
ဒီလို ပြည်သူများပူးပေါင်းပါဝင်တဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် ရည်မှန်း ဆောင်ရွက်နေတဲ့ ပြည်သူဗဟိုပြု အုပ်ချုပ်မှုစနစ်သစ် တစ်ရပ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်မှသာ အစိုးရ အုပ်ချုပ်ရေးယန္တရားရဲ့ ပွင့်လင်း မြင်သာရှိမှု၊ ပြည်သူ့အသံနှင့် ဆန္ဒကို သိရှိဦးစားပေး၍ ထိရောက်စွာ အကောင်အထည်ဖော်မှု ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ လိုက်နာ ဆောင်ရွက်လျက် လာဘ်ပေးလာဘ်ယူ တားဆီး ထိန်းသိမ်းနိုင်မှု မြို့နယ် အေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှု၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများ ရရှိလာမှာ ဖြစ်တဲ့အတွက် အလေးထား ဆောင်ရွက်သွားကြဖို့ မှာကြား လိုပါတယ်။

နိဂုံးချုပ်အားဖြင့်-
ဒီမိုကရေစီနိုင်ငံသစ်အဖြစ် ပြုပြင်ပြောင်းလဲ ကြိုးပမ်းကြတဲ့ ကမ္ဘာ့နိုင်ငံအချို့ရဲ့ အတွေ့အကြုံအရ စီးပွားရေးပိတ်ဆို့မှုဒဏ် မခံရဘဲ စီးပွားရေး အခြေခံ အထိုက်အလျောက် ရှိတဲ့ နိုင်ငံတွေမှာတောင် ရည်မှန်းတဲ့ အဆင့်ရောက်ဖို့ (၁၅)နှစ်၊ အနှစ်(၂၀)ကြာ ကြိုးပမ်းခဲ့ကြရတာကို တွေ့ရှိရပါ တယ်။
ကမ္ဘာ့စီးပွားရေး ဖိုရမ်ကျင်းပစဉ်က မက်ကင်ဆေးအဖွဲ့က လေ့လာသုံးသပ် တင်ပြချက်အရ မြန်မာနိုင်ငံရဲ့ စီးပွာရေးအလားအလာဟာ ကုန်ထုတ်လုပ်မှုနှစ်ဆ တိုးတက်အောင် ကြိုပမ်းနိုင်လျှင် (၂၀၃၀) ပြည့်နှစ်မှာ စီးပွားရေး ထုတ်လုပ်မှု ဒေါ်လာ ဘီလီယံ (၂၀၀)ထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်ထုတ်လုပ်မှု (၂)ဆ တိုးတက်ရေး အတွက် အခြေခံကျတဲ့ မြို့နယ်တိုင်းမှာ ကုန်ထုတ်လုပ်မှု (၂)ဆ တိုးအောင် ဆောင်ရွက်နိုင်မယ့် ဦးစားပေး လုပ်ငန်းကဏ္ဍနယ်ပယ်တွေကို ကွင်းဆင်း လေ့လာ သုံးသပ်ပြီး တိုးတက်အောင် အကောင်အထည်ဖော်နိုင်ရေး စီမံသွားကြရန် တိုက်တွန်း လိုပါတယ်။
အစီအမံများ ရေးဆွဲအကောင်အထည်ဖော်ရာမှာ လူဦးရေရဲ့ (၇၀%) ရှိတဲ့ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ လက်လုပ်လက်စားများ၊ ဆင်းရဲသော ပြည်သူများအတွက် လိုအပ်နေတဲ့ စားဝတ်နေရေး အဆင်ပြေရန်နဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အခြေခံကျကျ လက်တွေ့ ဖြည့်ဆည်းပေးနိုင်မယ့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ပြီး ကျန်တဲ့လ(၃၀)အတွင်း သိသာထင်ရှားတဲ့ အကျိုးရလဒ်များ ရရှိအောင် အကောင်အထည်ဖော် ကြိုးပမ်းသွားကြပါလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

From:သမ္မတကြီး

No comments:

Post a Comment