Wednesday, August 7, 2013

မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့


ကျွန်တော်နိုင်ငံရေး မလုပ်ပါ။ ဒါပေမယ့် နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိုတော့ မျက်ခြည်မပြတ် လေ့လာပါတယ်။ “သူခိုး ဓားရိုးကမ်း၊ အဆိပ်ပင် ရေလောင်း၊ ဖွတ်ထွက်မှ တောင် ပို့မှန်းသိ” ဆိုတဲ့ ကိုယ်တိုင် အသုံးမကျတာကို ဖော်ညွှန်းတဲ့ စကားပုံတွေထဲမှာ ရောပြီး အပါမခံနိုင်ဘူး၊ ဒါနိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ပဲလို့ ကျွန်တော် ခံယူတယ်။ အခုရက်ပိုင်း အပ်ကြောင်းထပ်နေတဲ့ သတင်းတွေ တွေ့နေရပါတယ်။ သတင်း အခြေအမြစ် မတူပေမယ့် သတင်းရဲ့ ရည်ရွယ်ချက်တွေ တူနေတာ ဖြစ်ပါတယ်။
ဗြိတိန် အောက်လွှတ်တော် ဥက္ကဌ Mr John Bercow က သြဂုတ်လ ၁ ရက် ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့် မပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ နိုင်ငံတကာ အသိုက်အဝန်းမှာ လှောင်ရယ်စရာ တစ်ခု ဖြစ်နေပါ လိမ့်မယ်တဲ့။ နောက် တစ်ယောက်ကတော့ အမေရိကန် လွှတ်တော်အမတ် Mitch Mc Connell က ကွန်ဂရက် လွှတ်တော် ကို တင်ပြချက်နဲ့ သြဂုတ်လ ၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်မှာ- မြန်မာပြည်သူတွေ အနေ နဲ့ကိုယ်ကြိုက်တဲ့သူကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခွင့် ပေးဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင် ဆင်ရန်နဲ့ သမ္မတ ဖြစ်ဖို့ အတွက် လိုအပ်တဲ့ ကန့်သတ်ချက်တွေဟာ အရမ်းကျဉ်းမြောင်းပြီး အဓိပ္ပါယ် ကင်းမဲ့ နေပါတယ်တဲ့။ ဒါအပြင် မြန်မာဟာ ဖွံ့ဖြိုးမှု နောက်တစ်ဆင့် တက်ချင်တယ်၊ အမေရိကန် နိုင်ငံနဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံချင် တယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါ လိမ့်မယ်လို့ အပျော့ဆွဲနဲ့ ခြိမ်းခြောက် သွား ပါသေးတယ်။ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် စတင်တာ ဝန် ထမ်းဆောင်မဲ့ ဦးရွှေမန်းနဲ့ ပတ်သက်ပြီး သတင်းတွေ မှာ ဖော်ပြမှု အနှစ်ချုပ်ဟာလည်း ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက် သွား မည့် သူဖြစ်ကြောင်း နှပ်ကြောင်းပေး ဖော်ပြ ထားကြတယ်။

ဒါ့အပြင် သြဂုတ်လ ၁ ရက်နေ့မှာ သတင်းသမားတွေရဲ့ မေးမြန်းချက်ကို ဒေါ်စု ဖြေကြားသွား တာက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ကယ်ပြောင်းလဲ ပြင်ဆင် လိုစိတ်ရှိတယ် ဆိုရင် ရက် ၃၀ အတွင်း ဆောင်ရွက်နိုင်သလို NLD ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်ရဲ့ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီက တစ်ဆင့် ကြိုးပမ်းသွားမယ် ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်သူလူထုကို ချပြပြီး ရှင်းလင်းပွဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမယ်” တဲ့။ နောက်တစ်ဖွဲ့ ကတော့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဇူလိုင်လ ၁ ရက်နေ့ ညီလာခံရဲ့ ဆုံးဖြတ်ချက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မ ခံကြောင်း ဖက်ဒရယ်မူကို အခြေခံသည့် ဥပဒေသစ် ရေးဆွဲပြဌာန်းရန်ဟု ဆုံးဖြတ်ချက် တစ်ချက် ပါဝင် နေကြောင်းကိုလည်း တွေ့ရှိရပါတယ်။

သတင်းတွေရဲ့ အဓိက ဆိုလိုချက် ဘာလဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ဆိုတာ တွေ့ရတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်တာ ဘာကြောင့်လဲ ဆိုတော့ တစ်ခြား အကြောင်း အချက်အလက်များ ရှိသော်လည်း အဓိက အနေဖြင့် ဒေါ်စု သမ္မတ မဖြစ် ဖြစ်အောင် ကြိုးစား တင်မြှောက်ရေး ဆိုတာ တွေ့ရတယ်။ ပြည်တွင်း၊ ပြည်ပရဲ့ တစ်ချိန်တည်း အချိန်ကိုက် ထုတ်ဖော်/ တွန်း အားပေးခြင်း တွေကို ထပ်မံ ခြုကြည့်မယ်ဆိုရင် တိုင်ပင် ညှိနှိုင်း ဆောင်ရွက်ချက်များလားဟု မြင်မိပါတယ်။ ဒါဆိုဘယ်လို ညှိနှိုင်းကြတာလဲ ဇာတ်ညွှန်းရေး ဆရာရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာက လှုပ်ရှားမှုတွေနဲ့ ပုံဖော်စီစဉ် ညွှန်ကြားသလို မင်းသမီး ကိုလည်း လိုက်ပါစေတာလား၊ ဒါမှမဟုတ် ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသမီး အချို့၏ ထုံးစံအတိုင်း ဒါရိုက်တာက မင်းသမီး အလိုကျ လိုက်ကာ ဇာတ်ညွှန်းကိုပါ အဆင်ပြေအောင် စီစဉ်ပေး ရတာလား။

ဘယ်သူ သမ္မတဖြစ်ဖြစ် မြန်မာ နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက် ဖို့က အဓိက မဟုတ်ပါလား။ နိုင်ငံကြီးအချို့က တစ်ဦး တစ်ယောက်ကို သမ္မတဖြစ်အောင် ဖိအားပေးမှု တွေက Diplomacy မဆန်ပါ။ အိမ်နီးချင်း နိုင်ငံတစ်ခုဟာ တစ်ချိန်က ဗြိတိသျှ၊ ဂျပန်၊ ပြင်သစ် တပ်ဖွဲ့တွေ ကျူးကျော်သိမ်းပိုက်မှု အောက်က လွတ်ကင်းကာ သူ့ကျွန်ဘဝ မရောက်ခဲ့ဘူး။ အခုလည်း သူတို့နိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံထက် အများကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်နေပါတယ်။ သာမန်အားဖြင့် အထင်ကြီး စရာပါ။ ဒါပေမယ့် သူတို့ အစိုးရဟာ ထိုင်ဆိုရင်ထိုင်၊ ထဆိုရင်ထ၊ စားဆိုရင်စား အမိန့်နာခံ နေရတဲ့ အခြေအနေ ကိုလည်း သတိပြု မိဖို့လိုပါတယ်။ ဒါကြောင့်လည်း အစိုးရနှင့် နိုင်ငံအကြီးအကဲ ပြောင်းလဲမှုများ အကြား စစ်တပ်က မကြာခဏ ကြားဝင်ခြင်းများနဲ့ လည်ပတ်နေတယ်။ အနောက်တိုင်း ယဉ်ကျေးမှု ဖုံးလွှမ်းသွားပြီး သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများဟာ ဝင်ငွေတစ်ခု အဖြစ် ကမ္ဘာလှည့် ခရီးသည်များကို ပြစားတဲ့ အဆင့်သာ ရှိတော့ကာ ကမ္ဘာလှည့် ခရီးသည်များ နှုတ်ဖျားမှာ အပန်းဖြေရာ နိုင်ငံကြီး အဖြစ် အဓိက လူသိများ ကျော်ကြားလျက် ရှိတယ်။

ကျွန်တော်တို့ကတော့ ကြိုးဆွဲခံ အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံသားများ မဖြစ်ချင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ သမ္မတ အရည်အချင်းမှာ မိမိကိုယ်တိုင်သော် လည်းကောင်း တရားဝင် ဇနီး/ ခင်ပွန်း၊ သမီး/သား တစ်ဦးဦးသော် လည်းကောင်း ထိုသားသမီး၏ ဇနီး/ ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားသား ခံယူထား သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်း တစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရလို့ ထည့်သွင်း ထားချက်သည် များစွာ အဓိကကျပါသည်။ ဒါကြောင့် ဗြိတိန်အောက် လွှတ်တော် ဥက္ကဌ Mr John Bercow ပြောသလို ဒေါ်စု သမ္မတ မဖြစ်ရင် သူတို့အတွက် လှောင်ရယ်စရာ တစ်ခုဖြစ်မယ် ဆိုတာ လုပ်ကြံပြောဆိုတာ ဖြစ်ပါလိမ့်မယ်။ သူတို့ဖြစ်စေ ချင်သူ မဖြစ်ခဲ့မူ သူတို့ အတွက် ရယ်စရာ မဟုတ် ငိုစရာသာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အပိုင်းများ ရှိမယ်ဆိုတာ လက်ခံပါသည်။ ဥပဒေ လမ်းကြောင်း အတိုင်းသာ သွားကြရပါ လိမ့်မည်။ တစ်ဦးတစ်ယောက် အတွက်/ ဖိအားပေး ခံရမှုတွေ အတွက် ရည်ရွယ် ပြင်ဆင်ခြင်း မပြုလုပ် သင့်ပါ။ ဒုသမ္မတလောင်း အရည်အချင်းများသည် ၂၀၀၈ ဖွဲ့စည်းပုံတွင် ဒေါ်စု သမ္မတ မဖြစ်စေရန် ရည်ရွယ်ရေးဆွဲ ထားသည်ဟု မထင်ပါ။ မိမိနိုင်ငံနှင့် လူမျိုးအပေါ် သစ္စာ စောင့်သိမှုကို အခြေခံစေပြီး တိုင်းတစ်ပါးကို အထင်ကြီးကာ မိမိနိုင်ငံကို ပစ်ပယ်၊ အမျိုးဂုဏ်ကို မစောင့်ဘဲ တိုင်းတစ်ပါးသားနှင့် အိမ်ထောင်သားမွေး၊ မိမိ မြန်မာ့မျိုးဆက် (တရားဝင်) မရှိသူများ အတွက်တော့ အတားအဆီး တစ်ခု ဖြစ်နိုင်ပါတယ်။

မြန်မာ နိုင်ငံတော်ကြီးသည် ဗုဒ္ဓရှင်တော်မြတ် ဘုရားများ၏ အငွေ့ အသက်များနှင့် လွှမ်းခြုံရာ ဗုဒ္ဓသာသနာ ထွန်းကားသော နိုင်ငံတော်ကြီး ဖြစ်ပြီး ဝံသာနု ရက္ခိတဆိုတဲ့ အမျိုးဘာသာ သာသနာကို စောင့်ထိန်းကြ သူများလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အနေဖြင့် ခြုံငုံကြည့်ပါ က ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည် ကိုးကွယ်ပြီး ဗုဒ္ဓဘုရားရှင်၏ တရားတော်များနှင့် အညီ လိုက်နာကျင့်သုံး နေထိုင်ကြခြင်းကြောင့် တရားကို နတ်စောင့်ဆိုသလို နိုင်ငံတော်ကြီး ကိုလည်း နတ်ကောင်း နတ်မြတ်များ စောင့်ရှောက်နေ ပါတယ်။ ဒါကြောင့် ဘယ်သူတွေ ဘာပြောပြော လိုလားသည် ဖြစ်စေ၊ မလိုလားသည် ဖြစ်စေ နိုင်ငံတော် သမ္မတ ဖြစ်သင့် ဖြစ်ထိုက် သူကို ပြည်သူလူထုက ရွေးချယ်ကြ ပါလိမ့်မယ်။ ထို့အတွက်ကြောင့် ရယ်စရာ ရှိလည်း ရယ်နိုင် ပါတယ်၊ ငိုလိုပါက ငိုနိုင်ပါတယ်၊ အစိုးရသစ်ရဲ့ ယန္တရား လည်ပတ်မှုကိုတော့ အနှောင့် အယှက် မဖြစ်စေလိုပါကြောင်း မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့လို့ မေတ္တာရပ်ခံ ပါရစေ။

လူသစ်(IR)
Today

No comments:

Post a Comment