Thursday, August 8, 2013

ရာသီဥတုအပြောင်းအလဲနှင့် အကြမ်းဖက်မှုများမြင့်တက်မှု ဆက်နွယ်မှုရှိ


ရာသီဥတု အပြောင်းအလဲများသည် ကမ္ဘာတလွှားတွင် အကြမ်း ဖက်မှုများ မြင့်တက်လာခြင်းနှင့် ဆက်နွယ်နေကြောင်း ပညာရှင် များ က ပြောကြားလိုက်သည်။ အမေရိကန် သုတေသီများသည် အပူချိန်၊ မိုးရေချိန် စသည်တို့တွင် အတန်ငယ်မျှ အပြောင်းအ လဲလေး များ ရှိရုံမျှဖြင့် ဆူပူ အကြမ်းဖက်မှုများ မြင့်တက်လာမှုနှင့် ဆက်နွယ်နေစေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အကြမ်းဖက်မှုဆိုသော အသုံးအနှုန်းအတွက် အကြမ်းဖက် တိုက်ခိုက်မှု၊ မုဒိမ်းမှု၊ လူသတ်မှုများမှ အစပြုကာ ပဋိပက္ခများနှင့် စစ်ပွဲများထိ ရည်ညွှန်းကြောင်း ပညာရှင်များက ဆိုသည်။
ရာသီဥတုတွင် အပြောင်းအလဲ သက်ရောက်မှုများသည် ကမ္ဘာ့တိုက်ကြီးများ အားလုံးတွင် အကြမ်းဖက်ခြင်းများ ကို မြင့် တက်စေသော ဆက်နွယ်မှုမျိုး ရှိနေကြောင်း ၎င်းတို့က Science ဂျာနယ်ပါ ဆောင်းပါးတွင် အခိုင် အမာ ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဘာကလေရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သူ မာရှယ်လ်ဘာ့ခ်က "ကျွန်တော်တို့ အနေနဲ့ အချိန်ကာလ အကြာကြီး အတွင်းမှာ ကမ္ဘာပေါ်က အထင်ကရ တိုက်ကြီးတွေ အားလုံးက အပြောင်းအလဲတွေကို လေ့လာခဲ့ပါတယ်။ ရာသီဥတု အခြေအနေမှာ ပြောင်းလဲတာတွေ ဖြစ်လာတာနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာ တဲ့ကြားက ဆက်စပ်မှုဟာ အင်မတန် ကြီးမားတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်ခဲ့တယ်" ဟု ပြောကြားခဲ့သည်။
၎င်းတို့သည် ယခင်သုတေသန လုပ်ငန်း (၆၀)မျှ၏ နှစ်ပေါင်း(၁၀၀)အတွင်း ခြေရာခံထားသော ရလဒ်များကိုလည်း ပြန်လည်စုရုံး လေ့လာခဲ့သည်။ ဘာ့ခ်က အပူချိန် အပြောင်းအလဲများသည် လူမျိုးရေး စစ်ပွဲများ၊ ဥရောပတွင် ဆင်နွှဲသော စစ်ပွဲများနှင့် အာဖရိက နိုင်ငံများမှ ပြည်တွင်းစစ် များ ဖြစ်ပေါ်စေရန် သေးငယ်သော အစိတ်အပိုင်း တစ်ခု အနေဖြင့်မျှ ဖြစ်စေ၊ ကျိုးကြောင်း ဆက်စပ်နေကြောင်း ဆိုသည်။ သို့သော်လည်း ယင်းဆက်စပ်မှု၏ အကြောင်းရင်းကို တိတိကျ ကျ ဖြေရှင်းပြရန် ခက်ခဲနေဆဲဟု ဘာ့ခ်က ဝန်ခံခဲ့သည်။
"ကျွန်တော်တို့ ဂရုတစိုက် ချဉ်းကပ်ချင်ပါတယ်။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေဟာ ရာသီဥတု အပြောင်းအလဲဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကြောင့်တော့ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သုတေသန ရလဒ်တွေကတော့ စိတ်ဝင်စားစရာပါပဲ"ဟု ၎င်းက ဆိုသည်။ ဘာ့ခ်က "ဘာကြောင့် ခုလို သက်ရောက်မှု ရှိသလဲဆိုတာ ကျွန်တော်တို့ အဖြေရှာနေဆဲပဲ။ ဖြစ်နိုင်ခြေ တချို့ကိုတော့ တွေးမိတယ်။ အဓိက အကြောင်းတရား တစ်ခုက စီးပွားရေးအပေါ် သက်ရောက်မှုပါ။ ရာသီဥတု အပြောင်းအလဲဟာ နိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေကို သက်ရောက်မှု ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြတယ်။ စီးပွားရေး အခြေအနေ အပြောင်းအလဲဟာ လူတွေရဲ့ ဆုံးဖြတ်ချက်ကို ထပ်ဆင့် သက်ရောက်တယ် ဆိုတာ သာဓကတွေ အများကြီးပဲ။ ဥပမာ ပြောရရင် ပုန်ကန်ထကြွတာမျိုး ဆိုပါတော့"ဟုလည်း မှတ်ချက်ပြုခဲ့သည်။
သုတေသီများသည် လက်ရှိ လေ့လာမှု ပရောဂျက်ကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အနာဂတ်ကာလတွင် ရာသီဥတု အပြောင်းအလဲ များပြားလာလေလေ၊ လူသားတို့၏ ခက်ထန်မှုကို ပိုမို ဆိုးရွားလာစေလေလေ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ၎င်းတို့က ကမ္ဘာ့အပူချိန် (၂)ဒီဂရီ ဆဲလ်ဆီးရပ်စ် မြင့်တက်လာတိုင်း လူတစ်ဦးချင်းစီအတွက် ဒုစရိုက်မှု တစ်ခုခု ကျူးလွန်ရန် ဖြစ်နိုင်ခြေကို (၁၅)ရာခိုင်နှုန်း မြင့်တက်လာစေပြီး အချို့ဒေသများတွင် (၅၀)ရာခိုင်နှုန်းထိ သက်ရောက်စေနိုင်ကြောင်း သတိပေးထားသည်။

From: Planet Myanmar Network

No comments:

Post a Comment