Thursday, August 15, 2013

ဂျပန်နိုင်ငံက ငမိုးရိပ်တံတားသစ်၊ ပဲခူးမြစ်ကူးတံတား၊ သီလ၀ါစက်မှုဇုန် ရေနက်ဆိပ်ကမ်း လုပ်ငန်းများနှင့် အမြန်လမ်း အဆင့်မြှင့်တင်မည့် လုပ်ငန်းများ ဆောင်ရွက်မည်

L-14-8
ဂျပန်နိုင်ငံက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငမိုးရိပ် ချောင်းတံတားသစ်၊ ပဲခူးမြစ်ကူး တံတား၊ သီလ၀ါစက်မှုဇုန် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း
 ဆောက်လုပ်ရေး ၀န်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံမှ အိမ်ခြံမြေ၊ အခြေခံ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးဆိုင်ရာ ၀န်ကြီးဌာန (MLIT) ၀န်ကြီး H.E Mr.Akihiro Ohta ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆောက် လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် အဖွဲ့ကို သြဂုတ် ၁၂ ရက်က လာရောက်တွေ့ ဆုံဆွေးခဲ့ကြောင်း သတင်းရရှိသည်။
ငမိုးရိပ် ချောင်းတံတားသစ်ကို ဂျပန်-မြန်မာ ချစ်ကြည်ရေး တံတားအဖြစ် တည်ဆောက်မည်ဖြစ်ပြီး လက်ရှိ ပုဇွန်တောင်-ဒေါပုံ တံတား၏ ကပ်လျက်ရေဆန်ဘက်ခြမ်းတွင် တည်ဆောက်မည် ဖြစ် သည်။ ပဲခူးမြစ်ကူး တံတား တစ်စင်းကိုလည်း ထပ်မံတည်ဆောက်မည်ဖြစ်ပြီး ဂျပန်ဝန်ကြီးသည် ယခုခရီးစဉ်အတွင်း ငမိုးရိပ်ချောင်းတံတားသစ် စီမံကိန်းနေရာနှင့် သီလ၀ါစက်မှုဇုန် ရေနက် ဆိပ်ကမ်း တည်ဆောက်မည့် နေရာ တို့ကို သွားရောက်ကြည့်ရှုခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံသည် အသက်ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်နေသော ရန်ကုန် -နေပြည်တော်- မန္တလေးလမ်း အမြန်လမ်းမကြီး လမ်းဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လို အပ်သောကျွမ်းကျင်မှုဆိုင်ရာအကူအညီများ ပေးအပ်သွားရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရန်ကုန်မြို့၏ အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေးအတွက် ဒီဇိုင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ၀န်ကြီးက ပြောကြားသည်။
အဆိုပါ လမ်းတံတား စီမံကိန်းများ၊ စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်း၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်း စသည့်အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ဂျပန်အစိုးရ၏ ကူညီထောက်ပံ့ငွေ များ၊ ချေးငွေ များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသည် နိုင်ငံတကာ အကူအညီ ပမာဏ အမေရိ ကန်ဒေါ် လာ သန်း ၆၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယခု ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ချေးငွေအမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၈၆ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော် ထုတ်ချေးရန် ဂျပန်အစိုးရက သဘောတူထားသည်။

No comments:

Post a Comment