Thursday, January 2, 2014

ရဲဘော်စိတ်ဟူသည်...

၁၉၉၅ ခုနှစ် အဖေက တပ်ရင်းမှုးဘ၀နဲ့  ခမရ (၄၃၂) ဘုတ်ပြင်းမြို့ ကလေးမှာတာဝန် ကျနေချိန်ပေါ့။ ကျတော်တို့ အမွှာညီ ကိုနှစ်ကောင်ကတော့ အမေနဲ့ အတူ ဘုတ်ပြင်း မှာလိုက်နေရတယ်။ အဖေကတပ်ရင်းမှုး ဆိုတော့ လက်ဖြောင့်တပ်စိတ် က အိမ်နောက် မှာရှိတယ်။ စစ်သား ၁၅ ယောက်လောက်ပေါ့။ သူတို့ အားလုံးကတော့ ကျတော် တို့ နှစ်ယောက်ကို နာမည်ပေးထားတာ ဗျက်ဝိ၊ ဗျတ်တ တဲ့။ ကျတော်တို့ ကိုတော်တော်ချစ်ကြတယ်။ ကျတော်ကတော့အားလုံးကိုချစ်တယ်ဗျ။ အဲထဲမှာ အချစ်ဆုံးကိုပြပါဆိုရင်တော့ အဖေ့ရဲ့ Best Man တာဝန်ထမ်းဆောင်တဲ့ရဲဘော် ကြီး မြင့် သန်း (ကျတော်တို့ ကတော့ဦးဗလကြီးလို့ ခေါ်တယ်) နောက်တစ်ယောက်ကတော့ ရဲဘော်လေးပဲ အသက်က ၁၈ လောက်ပဲရှိတာ ကျတော်တို့ က အဲတုန်းက ၃တန်းဆိုတော့ အသက်ကွာတယ် ရဲဘော်လေး သန်းဇော်ထွေး (ဦးအသေးလေး) အဲနှစ်ယောက်ကိုအချစ်ဆုံးပဲ။ ကျတော်တို့ အနွံတာ ကိုတော်တော်ခံတယ်။ မျောက်သားစားချင်တယ်ဆိုလို့  ဦးအသေးလေး တောင်ပေါ် တက်ပြီးမျောက် ပစ်ပေးရတယ်။ ကျောင်းကို မာစတာဂျစ်နဲ့ လိုက်ပို့ ရင်မသွားဘူး ဦးအသေးလေး နဲ့ တူတူလယ်ကွင်းထဲကဖြတ်သွားပြီး လောက်လေးဂွနဲ့ တွေ့ ကရာပစ်တယ်။သူတို့ ကတော့ ကျောင်း ကဆရာမတွေကို စာပေးခိုင်းတယ်။ (အပေးယူပေါ့) ။
ကျတော်တို့ ကို ဦးဗလကြီးက ပုံပြောပြတယ်။ သူကစာမတတ်ပေမယ့် ကျတော်တို့ က ပုံပြောမပြ ရင်ငို တတ်တော့ တပ်က UA ကြီးဆီ ပုံပြောဘို့ သွားသွားသင်ရတယ်။ ဦးအသေးလေးကတော့ ကျတော်တို့ နဲ့ ဆော့ဖော်ဆော့ဘက် တစ်နေ့ တစ်နေ့ ဒချိ ဒချိနဲ့ သိုင်းချည်းချနေကြတာ။ ဒီကြားထဲ အလတ်ကောင်က မာစဒါ ဂျစ်ကို ဂီယာဖြုတ်ပြီး တောင်ပေါ်ကတွန်းချတော့ အဖေကဒေါသူပုန် ထပြီး ဘယ်ကောင်လုပ်တာလဲမေးတော့ ဦးအသေးလေးက ကျတော်ကားရေဆေးရင်းဖြစ် တာပါ ဆိုပြီး အစားဝင်ခံပေးတယ်။ ဒီလိုနဲ့ ကျတော်တို့ အဲတပ်ကလေးမှာ ၄နှစ်လောက်နေရ တယ်။ နောက်တော့ အဖေ လဲ G1 ဖြစ်တော့ သထုံကိုပြောင်းရတယ်။ အဖေက ဦးဗလကြီး ကိုခေါ် သွား တယ်ဗျ ။ ဦးအသေးလေးကတော့ သွားခါနီး ကျတော်တို့ ညီကိုနှစ်ယောက်ကို သူ့ လည်ပင်းက
စတီးကြိုးလေးချွတ်ပေးတယ်။ (ကျတော့်ဆီမှာခုထိရှိတယ်) ငါ့ လက်ဆောင်ပါကွာလို့ ပြောသေး တယ်။ အဲတုန်းက ကျတော်တို့ ညီကိုနှစ်ယောက် ငိုလိုက်တာပြောမနေနဲ့ ။ ဦးသေးလေးကိုခေါ်ခဲ့ ဦးသေးလေးကိုခေါ်ခဲ့နဲ့ ငိုနေတာ။ပင်လယ်ထဲမှာ လှေစီးရတဲ့ နှစ်ရက်လုံးအငိုမတိတ်ဘူး။ အမေ မနည်းချော့ယူရတယ်။
ဒီလိုနဲ့ ကျတော်တို့  ဘုတ်ပြင်းကပြောင်းပြီး တစ်နှစ်ကျော်ကြာ ကျတော်တို့ ၆ တန်းဘ၀မှာ နွေရာ သီကျောင်းပိတ်လို့  ကျတော်တို့ နှစ်ယောက်ကိုအမေကရန်ကုန်ပို့ ထားတာ။ အလုံက ဆင်မင်းအိမ် ယာကတိုက်ခန်းလေးမှာပေါ့။ ဦးဗလကြီးနဲ့ တူတူနေရတယ်။ အဲမှာတစ်နေ့  တော့ ကျတော်တို့ ညီကို နှစ်ယောက် အိမ်ထဲမှာ ကာတွန်းကားကြည့်နေတုန်း တံခါးခေါက်သံကြားရတယ်။ ဦးဗလကြီးက တံခါး ထ ဖွင့်ပေးတယ်။ ကျတော်တို့ တွေ့ လိုက်ရတာ ဦးအသေးလေးညီကိုနှစ်ယောက်လုံး ခုန်ပေါက်ပြီးပြေးသွားတာဗျ။ ဒါပေမယ့် ဦးအသေးလေးမှာခြေထောက်နှစ်ဘက်မပါတော့ဘူး။
ခြေကျင်းဝတ်ကစပြီးပြတ်နေတာဗျ။ သူက ဗျတ်ဝိ ၊ ဗျတ်တ နေကောင်းလားလို့ နှုတ်ဆက်တယ်။ ကလေးဆိုတော့ ခြေပြတ်နေတဲ့ဦးသေးလေးကို သနားရမှန်းမသိဘူး။ သူ့ ခြေထောက်အပြတ်နားက အသားပိုလေးတွေကို ကိုင်ကြည့်ပြီး သဘောကျနေတာ။ဦးဗလကြီးကတော့
"ဘယ်လိုဖြစ်ရတာလဲကွာ"လို့ မေးနေသံကြားတယ်။ဦးသေးလေးကတော့ဦးဗလကြီးနဲ့ စကားပြောနေ  တယ် ။ ကြီးကြီးမေ မရှိဘူးလားတဲ့။တပ်တွေမှာ တပ်ရင်းမှုးကတော်ကို အစ်မလို့ ခေါ်ကြပေမယ့် ။အဖေတပ်ရင်းမှုးဘ၀မှာ တပ်ကရဲဘော်တွေအကုန် အမေ့ ကို ကြီးကြီးမေပဲ ခေါ်ကြတာ။

ဦးဗလကြီးက ကြီးကြီးမေက မနက်ဖြန်မှရန်ကုန်ရောက်မည်ဖြစ်ကြောင်း၊ သူ့ မှာ ဒီကလေးနှစ်ကောင်နဲ့ တူတူစောရောက်နေကြောင်းပြောပြတယ်။ ခဏကြာတော့ဦးဗလကြီး ကို ခင်ဗျားမှာ ပိုက်ဆံနဲနဲလောက်မရှိဘူးလားလို့ ဦးသေးလေးကမေးတယ်။ကျတော် မင်္ဂလာဒုံစစ်ဆေးရုံကနေ
ဟောဒီအလုံကို လမ်းလျှောက်လာတာတဲ့။ဦးဗလကြီးတော်တော်အံ့သြသွားတယ်။ သူကလဲ ရဲဘော်လေဗျာ ဘယ်ကပိုက်ဆံရှိမှာတုန်း။ နေအုံးဆိုပြီး အောက်ဆင်းသွားတယ်။ ခဏနေတော့ ပိုက်ဆံ ၃၀၀၀ ဦးသေးလေးကိုပေးတယ်ဗျ။ နောက်တော့ ဦးသေးလေးက ဦးဗလကြီးကို ထိုင်ကန်တော့တယ် ။ကျတော်တို့ ကိုနှုတ်ဆက်ပြီးပြန်သွားတယ်။ကျတော်တို့ ၈ တန်းရောက်မှသိရတာက ဦးဗလကြီးက သူ့ ရဲ့ ပုဆိုးတစ်ထည်နဲ့ သူစီးတဲ့ဖိနပ်ကို ဆင်မင်းဈေးက ကုလားဆီသွားရောင်းလိုက်တာဗျ။ ၃၀၀၀ ရတယ်တဲ့။

အဲတုန်းက ရဲဘော်စိတ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ကျတော်ခုချိန်နားလည်လာတဲ့အခါမှာ အဲအကြောင်းကိုပြန်တွေးတိုင်းရင်ဘတ်က တစ်ဆစ်ဆစ်နာတယ်။

ဒီလိုမှန်းသိရင် ဦးသေးလေးရယ် အဲတုန်းက သားမှာ စုထားတဲ့ မုန့် ဘိုး ၂၅၀ ကို ဦးသေးလေးကိုသားပေးလိုက်ပါတယ်။

ဟိုးတစ်ချိန်တုန်းက ဘုတ်ပြင်းဆိုတဲ့ ပရှး မြို့ လေးက ဗျတ်ဝိ၊ဗျတ်တ ဆိုတဲ့  အမွှာညီကိုနှစ်ယောက်ကို ဦးသေးလေး ခုချိန်ထိ မမေ့သေးဘူးဆိုတာသားတို့ ယုံကြည်ပါတယ်။

အခု ဗျတ်တ ဆိုတဲ့ ဗိုလ်ကြီးထူးဝေအောင်က ၁၉၉၅ ခုနှစ်တုန်းက ရဲဘော်သစ်လေး သန်းဇော်ထွေး (ခေါ်) ဦးသေးလေးကို ဒီနေရာကနေ ထိုင်ကန်တော့ရင်း လေးစားစွာ အလေးပြုလိုက်ပါတယ်။

ထူးဝေ

No comments:

Post a Comment