Thursday, January 23, 2014

ထိုင်းနိုင်ငံ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး

သန်းစိုးနိုင်
ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၂ ခုနှစ် မှာပင် အရပ်ဘက်အစိုးရ၀န်ထမ်းတချို့နှင့် ထိုင်းစစ်တပ် တို့ပူးပေါင်း ပြီး ဘန်ကောက် မြို့တော်တွင် အာဏာသိမ်းပွဲတစ်ရပ် ဆင်နွှဲကာအကြွင်းမဲ့အာဏာပိုင် ဘုရင် 
စနစ် ကို ဖြိုချ ဖျက်ဆီးပစ်ခဲ့ကြသည်။ သို့ဖြင့် စစ်တပ်က အာဏာကို ချုပ်ကိုင်ထားသည့် စည်းမျဉ်းခံ ဘုရင်စနစ် onstitution Monarchy ထိုင်းနိုင်ငံတွင် ကျင့်သုံးခဲ့ကြ၏။ ထိုအချိန်မှစ၍ ထိုင်းစစ်တပ်သည် နိုင်ငံရေး လောက အတွင်းသို့ ၀င်ရောက်လာခဲ့ပြီး အာဏာကို ထိန်းသိမ်း ချုပ်ကိုင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့တော်သည် စစ်ရေးမဟာဗျူဟာအရ အရေးမပါလှသည့်တိုင် အာဏာ၏ အချက်အ ချာ ဖြစ်သည့်အလျောက် တစ်မြို့လုံးတွင် မလိုအပ်ဘဲ စစ်စခန်းများစွာ ဖြန့်ကြက်ချထားခဲ့၏။ မည်သို့ပင်ဖြစ် စေ ထိုင်းတပ်မတော်သည် စစ်အေးခေတ်ကာလ အင်ဒိုချိုင်းနားစစ်ပွဲတွင် အမေရိ ကန်နိုင်ငံ၏ ရှေ့တန်း ထောက်ပံ့ရေးစခန်းအဖြစ် ပါဝင်ခဲ့၏။ ထို့ပြင် တိုင်းပြည်တွင်း ကွန်မြူနစ် သူ ပုန်များနှင့် မွတ်စလင်ခွဲထွက် ရေး လှုပ်ရှားမှုများတွင် အမေရိကန်နိုင်ငံ၏ များစွာ ပံ့ပိုးကူညီမှု များကြောင့် ထိုင်းတပ်မတော်သည် ခေတ် မီ အင်အားတောင့်တင်းလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထိုင်းတပ်မတော်၏ အရှိန်အ၀ါသြဇာအာဏာ မြင့်မားလာသည့်အခါ သဘာဝကျစွာပင် စစ် ဘက် အရပ်ဘက် အာဏာလွန်ဆွဲပွဲမှာ ထိုင်းနိုင်ငံရေး၏ မုန်တိုင်းဗဟိုချက် ဖြစ်လာခဲ့၏။ အဆိုပါ မုန်တိုင်း ဗဟိုချက်ကို ရာဇပလ္လင်ပေါ်မှထိုင်၍ ကျွမ်းကျင်လိမ္မာစွာ ထိန်းကြောင်းချုပ်ကိုင်နိုင်စွမ်း ရှိသူမှာ တစ်ဦး တည်းသာရှိ၏။ ထိုပုဂ်္ဂိုလ်မှာ ၁၉၄၆ ခုနှစ်မှစ၍ ထိုင်းနိုင်ငံထီးနန်းကို ဆက်ခံလာခဲ့ သည့် ကမ္ဘာတွင် သက် တမ်း အရှည်ဆုံး ဘုရင်မင်းမြတ်ဖြစ်သော ဘူမိဘောအဒူရာဒက် (န၀ မမြောက်ရာမ)ပင် ဖြစ်၏။
ဘူမိဘောဘုရင်၏ အုပ်စိုးမှုသက်တမ်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပွဲ (၁၅)ကြိမ်အထိ ရင် ဆိုင် ဖြတ်သန်းခဲ့ရ၏။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၆)ကြိမ် ရေးဆွဲခဲ့ရပြီး ၀န်ကြီးချုပ် ၂၈ ဦး အပြောင်း အလဲကို တွေ့ကြုံခဲ့ရပေသည်။ အဆိုပါ ထိုင်းနိုင်ငံအပြောင်းအလဲများတွင် အပြောင်း အလဲမရှိ တစ်ပြည်လုံးက ရိုသေလေးစားခြင်းခံရသူမှာ ဘူမိဘောဘုရင်မင်းမြတ်ပင် ဖြစ်၏။ ဘူမိဘော ဘုရင်မင်းမြတ်သည် ထိုင်း နိုင်ငံ၏ နိုင်ငံရေးကံကြမ္မာကို နောက်ဆုံးစီရင် ဆုံးဖြတ်နိုင် သည့် တစ်ဦးတည်းသော ခုံသမာဓိလူကြီးမင်း ဖြစ်ပေသည်။

၁၉၇၃ ခုနှစ်တွင် လူထုအုံကြွ တော်လှန်မှုတစ်ရပ်ဖြင့် ထိုင်းစစ်အစိုးရကို အရပ်သားအစိုးရဖြင့် အစားထိုး ဖယ်ရှားပစ်နိုင်ခဲ့ကြသည်။ သို့တိုင် ထိုအရပ်သား အစိုးရသည်လည်း တိုင်းပြည် တည် ငြိမ်ရေး အတွက် စစ်တပ်၏ ကျောထောက်နောက်ခံပြုမှုကို ရရှိအောင် ကြိုးပမ်းခဲ့ရပေ သည်။ သို့ တိုင် ထိုအရပ်သားအစိုးရအုပ်စိုးမှုသည်လည်း သုံးနှစ်မျှသာ သက်တမ်းရှည်ကြာခဲ့၏။ ၁၉၇၆ ခုနှစ် တွင် ထန်မာဆက် (THA-NIMASAI) တက္ကသိုလ်မှ လက်ဝဲကျောင်းသားများ၏ ဆန္ဒ္ဒပြ အဓိက ရုဏ်း ကြီး ဖြစ်ပေါ်လာသည့်အခါ ထိုင်းစစ်တပ်က ပြင်းထန်ရက်စက်စွာ ၀င်ရောက် နှိမ်နှင်း ပြီးနောက် အရပ်သား အစိုးရပြုတ်ကျကာ စစ်အစိုးရ တက်ရောက်လာခဲ့ပြန်သည်။
နောက်ပိုင်း ၈၀ ခုနှစ်တစ်လျှောက်လုံးတွင် ထိုင်းစစ်တပ်အတွင်းရှိ ဂိုဏ်းအုပ်စုများ၏ အပြန်အလှန် အာဏာလုမှုများ၊ အာဏာသိမ်းပွဲများကြောင့် ထိုင်းစစ်အစိုးရများအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်စွမ်း အားနည်းလာခဲ့၏။ ထိုသို့ ထိုင်း စစ်ဘက်ထိပ်သီး ဗိုလ်ချုပ်ကြီးများအကြား အပြိုင်အဆိုင် အာဏာလုပွဲများ သည်းသန်ပြင်းထန်နေစဉ် ထိုင်းစီးပွားရေးဖွံ့ဖြိုးအောင် ဦးဆောင် ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၏အင်အားက လွှတ်တော် အတွင်း တိုးပွားများပြား လာခဲ့သည်။ အထူးသဖြင့် စစ်အေးခေတ်ပြီးဆုံးချိန် တိုင်းပြည်၏ စီးပွားရေး အရှိန် အဟုန်ကိုတိုးမြှင့်ရန် လူမှုစီးပွားရေး အနေအထား၏ တောင်းဆိုချက်ကို စစ်ခေါင်းဆောင်များအနေဖြင့် ဖြည့်ဆည်း
ပေးနိုင်စွမ်းမရှိတော့ကြောင်းကို ထိုင်းနိုင်ငံရေး လောကမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများက သဘောပေါက်လာခဲ့ကြ၏။ သို့ဖြင့် ထိုင်းနိုင်ငံရေးဘ၀သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်ဖြင့် အရပ်သား အုပ်ချုပ်ရေးစနစ်ဆီသို့ ဦးတည်ရွေ့လျားလာခဲ့သည်။

အသွင်ကူးပြောင်းရေးဖြစ်စဉ်
သို့သော် ထိုင်းဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်သည်လည်း ညင်ညင်သာသာ အေးအေး
ငြိမ့်ငြိမ့် ဖြစ်ပေါ်ပြောင်းလဲခဲ့ခြင်း မဟုတ်ပေ။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းအစိုးရအဖွဲ့အတွင်း အကျင့် ပျက်ခြစားမှု များပြားလွန်းသည်ဟု အကြောင်းပြ၍ စစ်တပ်မှ အာဏာသိမ်းလိုက် ပြန်သည်။
ထိုအာဏာသိမ်းအဖွဲ့က၁၉၉၂ခုနှစ်မတ်လတွင် ရွေးကောက်ပွဲကျင်းပ၍စစ်တပ်  ကျောထောက်   နောက်ခံပြုပါတီကို အနိုင်ရအောင် ဖန်တီးကာ ဗိုလ်ချုပ်ကြီး ဆူချင်ဒါကရာပရာရွန်(Suchinda Kra-prayoon)ကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြသည်။ ဤအပြောင်းအလဲမှာ ဗိုလ်ချုပ်ကြီးဟောင်း များ ၏ အစိုးရကို ဗိုလ်ချုပ်ကြီးသစ်များအစိုးရဖြင့် အစားထိုးခြင်းမျှသာဖြစ်၍ ထိုင်းပြည်သူလူထုက အပြင်းအထန် ဒေါသထွက်ခဲ့ကြသည်။ သို့ဖြင့် ၁၉၉၂ ခုနှစ် မေလ ၁၇ ရက်မှစ တင် ကာ မြို့နေ လူလတ်တန်း စားနှင့် ကျေးလက်ပြည်သူလူထုများ လက်တွဲပူးပေါင်းကာ“နိုင် ငံရေးလောကမှ စစ်တပ်ထွက်ခွာသွား ရေး” အတွက် တစ်ပြည်လုံးမှ တောင်းဆို တိုက်ပွဲဝင် ခဲ့ကြ သည်။ အဆိုပါ လူထုဆန္ဒပြပွဲကို ဆူချင်ဒါ အစိုးရက ရက်စက်ပြင်းထန်စွာ စစ်တပ်ကို အသုံးချနှိမ် နင်းခဲ့သဖြင့် ပြည်သူရာပေါင်းများစွာ ကျဆုံးဒဏ် ရာရခဲ့ပြီးထိုင်းနိုင်ငံသမိုင်းတွင်“အမည်းရောင်မေ လ” ဆိုသည့် နာမည်ဆိုးကြီးတွင်သွားခဲ့သည်။

“အမည်းရောင်မေလ” လူသတ်ပွဲကြီးက ထိုင်းနိုင်ငံရေးဘ၀တွင် ထိုင်းတပ်မတော်၏ ဦးဆောင်မှု အခန်း ကို လှည့်ပြောင်းဖယ်ရှားပစ်နိုင်ခဲ့သည်။ အဆိုပါ အရေးအခင်း၏ အကျိုးဆက်အဖြစ် ဆူချင် ဒါ၏ ယူနီ ဖောင်းချွတ် အစိုးရပြုတ်ကျသွားခဲ့ပြီး အာနန်ပညာရာချွန် (Annand Panyara Chun)  ခေါင်းဆောင် သည့် ကြားဖြတ်အရပ်သားအစိုးရ တက်ရောက်လာခဲ့သည်။ ၀န်ကြီးချုပ် အာနန်က “အမည်းရောင်မေလ” အရေးအခင်းတွင် တာဝန်ရှိသည့် စစ်အရာရှိအားလုံးကို ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တာဝန်မှဖယ် ရှားပစ်ခဲ့သည်။ လစ်လပ်သွားသော အရာရှိကြီး များနေရာတွင် နိုင်ငံရေး၌ ပါဝင်လိုစိတ်မရှိသော ဗိုလ်ချုပ် ကြီးများကို အစားထိုးခန့်ထားခဲ့သည်။ ဤသို့ဖြင့် ခေတ်သစ်ထိုင်းတပ်မတော်သမိုင်းတွင် စစ်တပ်ကို Professional Army အဖြစ် ပြန် လည် တည်ဆောက်ရေး ခြေလှမ်းကို ပထမဆုံးတက်လှမ်းလိုက်ခြင်း ဖြစ်သည်။

တကယ်တမ်း ထိုင်းနိုင်ငံ၏ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး အဆင်ပြေချောမွေ့ အောင် ဆောင် ရွက်ပေး ခဲ့သူမှာ (၁၉၉၂ ခုမှ ၂၀၀၁) ခုနှစ်အထိ အရပ်ဘက်အစိုးရအဖွဲ့ကို သက်တမ်းနှစ်ဆက် တိုင်အောင် ဦး ဆောင်မှုပေးနိုင်ခဲ့သူ ၀န်ကြီးချုပ်ချွန်လိခ်ပိုင် (Chuan Leek Pai) ပင်ဖြစ်သည်။ ချွန်လိခ်ပိုင်သည် ထိုင်း တပ်မတော်၏ နိုင်ငံရေး အီလစ် (Elite) များအပေါ် သြဇာ လွှမ်းမိုးမှု၊ ပြည် သူ့ရေးရာမူဝါဒများ ရေးဆွဲပြ ဋ္ဌာန်းရာတွင်ပါဝင်မှုနှင့် နိုင်ငံခြားရေးမူဝါဒ များ ချမှတ်ရာတွင် အရေးပါ မှုအခန်းများကို တဖြည်းဖြည်း လျှော့ ချခြင်းဖြင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို အဆင်ပြေအောင် ထိန်းညှိပေးခဲ့၏။ ထို့ပြင် ၁၉၉၆ ခုနှစ် တွင် အထက်လွှတ်တော် အမတ်နေရာ (၂၆၀) အနက် ဗိုလ်ချုပ်ဟောင်းများ (၁၅၂)နေရာ ရယူထားခြင်း ကို (၄၈)နေရာအထိ လျှော့ချ ပစ်ခဲ့၏။ ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ စစ်ဘက်အရာရှိများ၏ နေရာ မှာ (၁၈) နေရာသာ ကျန်တော့သည်။ သူ၏ ၀န်ကြီးချုပ် ဒုတိယသက်တမ်းတွင်မူ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ၀န်ကြီးချုပ် ကိုယ်တိုင်သော် လည်းကောင်း (သို့) ယုံကြည်စိတ်ချရသော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ကိုသော် လည်းကောင်း အပ်နှင်းပေးခဲ့၏။ မည်သို့ပင်ဖြစ်စေ စစ်တပ်၏ စစ်ရေးအစီအ စဉ်များနှင့် စစ်ရေး လှုပ်ရှားမှုများမှာမူ ကာကွယ်ရေးဦးချုပ်၏ လက်ထဲမှာပင်ရှိနေမြဲ ဖြစ်သည်။ ၀န်ကြီးချုပ် ချွန် လိခ်ပိုင်သည် စစ်ဘက်၏ နိုင်ငံရေးနယ်ပယ်တွင် တစ်စုံတစ်ရာ ပါဝင်မှုအခန်းကို အသိအမှတ်ပြု နေရာ ပေးထားသည်။ သို့သော် နိုင်ငံရေးနယ်ပယ်တွင် စစ်ဘက်က ခေါင်းဆောင် အခန်းမှဝါ၀င်ဦးဆောင်ခြင်း ကိုမူ တားဆီးကန့်သတ်ထားခဲ့ပေသည်။ တစ်ချိန်တည်းတွင် စစ် ဘက်ခေါင်းဆောင် အများကလည်း စစ်ရေးကိစ္စများနှင့် တပ်တွင်း ပြဿ နာများတွင် နိုင် ငံရေးခေါင်းဆောင် များ ပါဝင်စွက်ဖက်မှုမပြုနိုင်အောင် ကန့်သတ်ထားခြင်းဖြင့် စစ်တပ်၏ လွတ် လပ်စွာ လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းဆုပ်ကိုင်ထားခဲ့ကြသည်။

သက်ဆင်ခေတ်ဆက်ဆံရေး

၁၉၉၈ ခုနှစ်တွင် ထိုင်းရဲဗိုလ်မှူးကြီးဟောင်းတစ်ဦးလည်းဖြစ်၊ ထိုင်းနိုင်ငံ၏ အောင်မြင်မှုအရှိဆုံး၊ ချမ်း သာကြွယ်ဝမှု အရှိဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သော သက်ဆင်ရှင်နာဝါထရာ (Thaksin Shinawatra) က ထိုင်းရတ်ထိုင်း (Thai Rak Thai) ပါတီကို ထူထောင်လိုက်သည်။ ၂၀၀၁ ခုနှစ်၊ ဇန်န ၀ါရီလတွင်ကျင်းပသည့် ရွေးကောက်ပွဲ၌ အဆိုပါ ထိုင်းရတ်ထိုင်းပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး သက်ဆင်လည်း ၀န်ကြီးချုပ် ဖြစ်လာခဲ့တော့သည်။ ၀န်ကြီးချုပ်သက်ဆင် လက်ထက်တွင် ထိုင်းစစ်တပ် ကို ခါးပိုက်ထဲထည့်ထားလိုသော သဘောထားကြောင့် နိုင်ငံရေးတွင် ထိုင်းစစ်တပ်ပါဝင်မလာရန် ကန့် သတ်ရေးမူဝါဒမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ သက်ဆင်သည် ထိုင်းတပ်မတော်၏ နေထိုင်မှုအဆင့်အတန်းကို အကြီးအကျယ် မြှင့်တင်ပေးခဲ့ပြီး စစ်အသုံးစရိတ်ကိုလည်း အမြောက်အမြားတိုးပေး ခဲ့သည်။ ထို့ပြင် ထိုင်းဗိုလ်ချုပ်ကြီး ၅၅ ဦးကိုလည်း ၀န်ကြီးချုပ်၏ အကြံပေးအဖွဲ့အဖြစ် အဆင့်မြှင့်ခန့် အပ် တာဝန်ပေးခဲ့သည်။ ထိုသို့ ထိုင်းတပ်မတော်ကို ၀ယ်ယူလိုက်နိုင်သဖြင့် နာမည်ကျော်ကြား လူကြိုက် များလှသော ၀န်ကြီးချုပ် သက်ဆင်လက်ထက် တွင် ထိုင်းနိုင်ငံသမိုင်း၌ စစ်ဘက်အပေါ် အရပ်ဘက်၏ သြဇာလွှမ်းမိုးမှုအမြင့်မားဆုံး အနေအထား တစ်ရပ်ကို ရောက်ရှိလာခဲ့သည်။

နိုင်ငံရေးလောကတွင် အလွန်အောင်မြင်ထင်ရှားလာသူ သက်ဆင်သည် ၂၀၀၅ ရွေးကောက်ပွဲတွင် လည်း အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ၀န်ကြီးချုပ်သက်တမ်းကို ဒုတိယအကြိမ် ထမ်းဆောင်ခွင့် ရခဲ့ပြန်၏။ ထိုအခါ စစ်တပ်ကိုသာမက တော်ဝင် ထိုင်းရဲတပ်ဖွဲ့ကိုပါ သူ့လက်ထဲကရေဖြစ်အောင် ချုပ်ကိုင်ထားခဲ့ သည်။ ထို့ပြင် အာဏာပိုင် အဖွဲ့အစည်းသုံးရပ်ကိုလည်း သူထင်သလို ချယ်လှယ်ခွင့်ရရန် ချုပ်ကိုင်ထား ပြန်၏။ ပိုဆိုးသည်မှာ သူ့စိတ်ကြိုက် ထိုင်းဗိုလ်ချုပ်များကို ရာထူးတိုးမြှင့်ပြီး သူမလိုလားသည့် ဗိုလ်ချုပ် များကို ဖယ်ရှားခြင်းများ ပြုလုပ်လာသည့်အခါ ထိုင်းတပ်မတော်အတွင်း မကြေလည်မှုနှင့် ဂိုဏ်းအုပ်စု များ ကြီးထွားလာ၏။ တစ်ချိန်တည်းတွင် ၀န်ကြီးချုပ် သက်ဆင်သည် မြို့ပြမှာ သူ၏ နိုင်ငံရေး ရန်သူ များနှင့် စီးပွားရေး ပြိုင်ဘက်များကို ထိုးနှက်နိုင်ရေးအတွက် လယ်သမားများ နှင့် ကျေးလက်လူထု ဦးစားပေးသည့် မူဝါဒများ ကျင့်သုံးလာသည့်အခါ မြို့ပြနှင့် ကျေးလက်၏ ပဋိပက္ခများ မြင့်မားပြင်းထန် လာခဲ့သည်။

ထိုအခါ ၀န်ကြီးချုပ်သက်ဆင်၏ အာဏာအလွဲသုံးစားမှုများနှင့် ၀န်ကြီးအဖွဲ့၏ ခြစားမှုများအပေါ် ဖွင့်ချ တိုက်ခိုက်သည့် ဒီမိုကရက်များ ဦးဆောင်သည့် မြို့ပြလုပ်ငန်းရှင်များ၊ လူလတ်တန်းစားများ၏ ဆန္ဒ ပြပွဲများ ဘန်ကောက်မြို့တွင် ပေါ်ပေါက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်ဆန်းတွင် သက်ဆင်က သူပိုင်ရုပ်သံ ကုမ္ပဏီတစ်ခုကို ဒေါ်လာနှစ်ဘီလျှံ အခွန်ကင်းလွတ်ခွင့်ပေးကာ ပြည်ပသို့ ရောင်းချ လိုက်သည့်အခါ ယမ်းပုံ မီးကျဖြစ်သွားသော မြို့ပြလူထု၏ ဆန္ဒပြပွဲများဖြင့် ဘန်ကောက်တစ်မြို့လုံး တသိမ့်သိမ့် လှုပ်ခါ နေတော့သည်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလရောက်သည့်အခါ ၀န်ကြီးချုပ် သက်ဆင် ပြည်ပခရီးစဉ် ထွက်ခွာနေစဉ်မှာပင် ထိုင်းတပ်မတော်မှ (၁၆) ကြိမ် မြောက် အာဏာ သိမ်းပွဲကို သွေးထွက်သံယိုမှုမရှိဘဲ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည်။ ထိုင်းတပ်မတော်၏ အာဏာသိမ်းပွဲကို ဘုရင်မင်းမြတ်က ထောက်ခံ သကဲ့သို့ ဘန်ကောက်မြို့တော်သူများကလည်း သပြေပန်းနှင့် လက်ကမ်းကြိုဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ၏ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပြဿနာမှာ သံဝေဂယူစရာ ကောင်းလောက် အောင်ပင် သံသရာလည်နေတော့သည်။ ဤသို့ ဖြစ်နေရသည်မှာ ထိုင်းတပ်မတော်ကInstitution အားကောင်း သည်နှင့်အမျှ ဒီမိုကရေစီအင်အားစုအချင်းချင်း မပြေငြိမ်းနိုင်အောင် နိုင်ငံရေး စစ်ခင်းနေကြခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ဤသမိုင်းဘီးကို အရှိန်မသတ်နိုင်ခဲ့ပါလျှင် မကြာခင် ထိုင်းနိုင်ငံတွင် (၁၇)ကြိမ်မြောက် စစ်ဘက်အာဏာသိမ်းပွဲကိုပင် ထပ်တွေ့နိုင်စရာ ရှိပေသည်။


Mizzima - News in Burmese Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment