Monday, July 21, 2014

သံဃာတော်များ၊ တပ်မတော်သားဟောင်းများနှင့် ကြံ့ခိုင်ရေးပါတီထောက်ခံသူများအား NLD ပါတီက ခွေးနှင့်နှိုင်း ပြောကြား

From : .. PP™
မြန်မာလူမှုကွန်ရက် အသုံးပြုသူများအနက် သံဃာတော်များ၊ တပ်မတော်သားဟောင်းဟု ယူဆရသူများ၊ ကြံ့ခိုင်ရေးပါတီ ထောက်ခံ သူများအား NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း က ခွေးနှင့်နှိုင်း၍ ရိုင်းစိုင်းစွာ ပြောကြား လိုက်ကြောင်း သတင်း ရရှိသည်။
NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ ဘာသာရေး အစွန်းရောက်စာသားများ၊ သမ္မတဦးသိန်းစိန်အား သနား စ ရာကောင်းသဖွယ် ရေးသားမှုများ၊ ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများအား တိုက်ခိုက်ရေး သားမှုများ၊ သတင်းသမားများအား တိုက်ခိုက် ဝေဖန်ထားမှုများကြောင့် ယခုကဲ့သို့ ခွေးနှင့်နှိုင်း၍ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အပတ်စဉ်ထုတ်ဂျာနယ်အချို့တွင် ဖော်ပြထားသည်။
NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ဖွတ်ခွေး ဟု လည်းကောင်း၊ ဖွတ်စွမ်းအားရှင် ဟုလည်းကောင်း၊ အမျိုးသားသစ္စာဖောက်ဟုလည်းကောင်း ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားဖော်ပြခဲ့သည်။
“အကြမ်းဖျင်းအားဖြင့် ဖော်ပြတဲ့အထဲမှာ လက်ရှိအစိုးရကို ထောက်ခံသူတွေ၊ တပ်မတော် ကို ထောက်ခံ သူတွေ၊ ဗုဒ္ဓဘာသာကို ထောက်ခံသူတွေ၊ အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးကို ထောက်ခံသူတွေ အများစုကို ဖွတ်ခွေး၊ အမျိုးသားသစ္စာဖောက် ဆိုပြီး သတ်မှတ်ထားတာ တွေ့ရှိရပါတယ်။ အချို့ဆိုရင် စိတ်မကောင်းစရာ ဘယ်လို ဖြစ်သလဲ ဆိုတော့ ဆရာတော် သံဃာတော်အချို့ ကိုလည်း ဖွတ်ခွေး ဆိုပြီး ပြောထားတာှ်ေတွ့ရတယ် လို့ ပြောကြပါတယ်။ NLD ပါတီ ဆိုလိုချင်တာက သူတို့ ပါတီကို မထောက်ခံရင်၊ ဒေါ်အောင်ဆန်းဟုကြည်ကို မထောက်ခံရင်၊ အမျိုး ဘာသာ သာသနာကို ကာကွယ်ရင် ဖွတ်ခွေးလို့ တံဆိပ်ကပ်တဲ့ သဘော ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဆိုရင် မေးစရာ ရှိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေကို ပရိုဖိုင်း သုံးပြီး အစိုးရကို ဆဲနေတာတွေ၊ တပ်မတော်ခေါင်းဆောင်တွေကို ဆဲနေတာတွေ၊ တိုင်းရင်းသားချင်း ပဋိပက္ခ ပွားအောင် လှုံ့ဆော်နေတာတွေ၊ ဒါတွေကိုကျတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူများကို လက်ညိုးထိုးတာဟာ ဒီမိုကရေစီဟာ မေးချင်ပါတယ်။ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ဒီလို ဆက်လက်ပြီး လုပ်ဆောင်နေမယ် ဆိုရင် တူညီတဲ့ တုံ့ပြန်မှုတွေ ရရှိလာလိမ့်မယ် ဆို့ ပြောချင်တယ်” ဟု ဖွတ်ခွေး ဟု အမည်ပေးခြင်း ခံရသော သံဃာတော်တစ်ပါးက မိန့်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံတွေ ကိုင်တွယ်နေတယ် ဆိုပြီး အများစု သိရှိထားကြတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ ဒီချစ်သူ၊ ငရဲသား၊ ဂိန်ပုရစ် အစရှိသည့် လူမှုကွန်ယက် အကောင့်များမှာ တပ်မတော်ခေါင်းဆောင်များကို ဆဲရေးတိုင်းထွာနေခြင်း၊ သမ္မတနှင့် အစိုးရ၀န်ကြီးများကို ဆဲရေးတိုင်းထွာနေခြင်း၊ သံဃာတော်များကို ရှုတ်ချနေခြင်းတို့အတွက် NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းအနေဖြင့် မည်သို့ ဖြေရှင်းပေးမည် ကို သိရှိလိုကြောင်း ဖွတ်ခွေးဟု အမည်ပေးခြင်း ခံရသည့် အငြိမ်းစား တပ်မတော်အရာရှိဟောင်း တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က အမည်ရင်းနဲ့ ပရိုဖိုင်းအမှန်နဲ့ သုံးနေတာ။ ကျွန်တော်တို့ကို ဖွတ်ခွေး၊ အမျိုးသားသစ္စာဖောက် ဆိုပြီး ပြောတယ်။ ရတယ်။ ကျွန်တော်တို့တင်မကဘူး။ သံဃာတော်တချို့ကိုပါ အမျိုးသားသစ္စာဖောက် ဆိုပြီး ကင်ပွန်းတပ်လာတာကတော့ သံဃာတော်တွေကို စော်ကားတာ ဖြစ်လာပြီ။ ဒီမိုဘက်နဲ့ စစ်ခွေးဘက် ဆိုပြီး အွန်လိုင်းမှာ အမြင်မတူတာတွေ အငြင်းပွားနေတာ ကြာလှပြီ။ NLD ပါတီ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဒီလိုမျိုး သံဃာတော်တွေ၊ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေ၊ တပ်မတော်ကို ထောက်ခံသူတွေ၊ အမျိုး ဘာသာ သာသနာကို ထောက်ခံသူတွေကို ခွေးနဲ့ နှိုင်းပြီး ပြောတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလား၊ NLD ပါတီရဲ့ သဘောထားလား ပွင့်ပွင့်လင်းလင်း သိချင်ပါတယ်။ အလားတူပါပဲ သံဃာတော်တွေ၊ တပ်မတော်နဲ့ အစိုးရ၊ ကြံ့ခိုင်ရေးပါတီကို ဆဲဆိုနေတဲ့ NLD ပါတီက ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သူတွေ၊ NLD ပါတီဝင်တွေကို ဘယ်လို သဘောထားပါသလဲ။ ဘယ်လို အရေးယူမှာလဲ သိချင်ပါတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်ပါတီကို မကောင်းမပြောနဲ့၊ မဝေဖန်နဲ့ ဆိုပြီး လုပ်နေတာဟာ ဒီမိုကရေစီလား၊ ကိုယ့်ဘာသာကိုယ် အသုံးမကျလို့ ထောင်ကျ ဘူးတာနဲ့၊ ထောင်ထွက်ဖြစ်ဘူးတာနဲ့ ကိုယ့်ကိုယ်ကို မြင့်မြတ်လှပြီ တွက်မနေဖို့ ပြောချင်တယ်” ဟု ၄င်းက ပြောသည်။

“ဒါဆိုရင် ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို မိုက်မိုက်ရိုင်းရိုင်း ပြောနေတဲ့ စာမျက်နှာတွေကို ဘာဖြစ်လို့ လက်ညိုးမထိုးသလဲ။ ဥပမာ လွင်သန္တာစိုး၊ ရဲရင့်သစ္စာ၊ ဒေါက်တာကိုကိုကြီး၊ ကရ၀ိတ်မောင်မောင် အစရှိတဲ့ အကောင့်ပေါင်းစုံကို NLD ပါတီအနေနဲ့ ဘာဖြစ်လို့ ထောက်ပြခြင်း မပြုသလဲ မေးချင်ပါတယ်။ ဝေဖန်ရင် အားလုံးကို မျှမျှတတ ဝေဖန်ဖို့ ထောက်ပြပေးဖို့ လိုပါတယ်။ ကိုယ့်ပါတီက ဖွင့်ထားတဲ့ ပြန်ကြားရေးနဲ့ စည်းရုံးရေး အကောင့်တွေကို ဖယ်ထား၊ ကိုယ့်ပါတီဝင်တွေကို ချန်လှပ်ထား၊ မိုက်ရိုင်းလှတဲ့ ဘာသာခြားအကောင့်တွေကိုတော့ မသိချင်ယောင် ဆောင်ထားပြီး တစ်ဘက်သတ် စွပ်စွဲပြောကြားချက်တွေက NLD ပါတီ ဘာလဲ ဆိုတာကို ဖော်ပြနေပါတယ်။ ကိုမျိုးရန်နောင်သိမ်းကို မေးချင်ပါတယ်။ စစ်ခွေး၊ ဖွတ်ခွေး၊ အမျိုးသားသစ္စာဖောက် ဆိုပြီး ပြောဆိုနေတာက တရားမျှတပါရဲ့လား။ မှန်ကန်ပါရဲ့လား။ ဒါဆိုရင် ဒေါ်စုခြံထဲက လူတွေ သုံးနေတယ် ဆိုပြီး လူအများ သိထားကြတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ ဒီချစ်သူ၊ ငရဲသား၊ ပုရစ် ဆိုတဲ့ အကောင့်တွေကို ဘယ်လိုလုပ်ပေးမှာလဲ။ ဒီအကောင့်တွေကနေ သံဃာတော်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ သမ္မတနဲ့ ၀န်ကြီးတွေ၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေ၊ မျိုးချစ်လူငယ်တွေကို ဆဲဆိုနေတာကို NLD ပါတီက ဘယ်လို ဖြေရှင်းပေးမှာလဲ။ ဘယ်လို တာဝန်ယူမှာလဲ မေးချင်တယ်” ဟု အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ဆိုသည်။

ဦးမျိုးရန်နောင်သိမ်းသည် NLD ပါတီ သုတေသနဌာန အတွင်းရေးမှူး ဖြစ်ပြီး ဗေဒါသင်တန်းကျောင်းများကို တာဝန်ယူဆောင်ရွက်နေသူ တစ်ဦး ဖြစ်သည်။
 

.. www.MyanmarExpress.net
 

No comments:

Post a Comment