Thursday, July 17, 2014

အပြစ်က အပြစ်၊ ကျေးဇူး က ကျေးဇူး

ဗုဒ္ဓဘုရားဟော တရားတော် ထဲက ပုံပြင် တစ်ပုဒ် ဖြစ်ပါတယ်။ သားလိမ္မာဟာ တစ်ဦးတည်းသာ ရှိတော့တဲ့ အမေ ကို လုပ်ကျွေး ပြုစု သတဲ့။ အမေ ဖြစ်သူ ကတော့ အခြား ယောင်္ကျား တစ်ဦးနဲ့ ဖောက်ပြန် နေပါတယ်။ ဒါကို သိတဲ့ သူ့ရဲ့ သူငယ်ချင်းက သူ့အမေ ဖောက်ပြန်နေတဲ့
အကြောင်းကို သတင်းပေး ပါတယ်။ သတင်းရပြီးတော့ ယင်း လူငယ်ဟာ ဘာမှ မျက်နှာ ထား ပြောင်း လဲခြင်း မရှိပဲ အခြားနေ့တွေမှာ သူ့ အမေကို ပုံမှန် အတိုင်း လုပ်ကျွေး ပြုစု ရှာပါတယ်။ ဒီတော့ ဘာလို ဒီလောက် သဘောထား ကြီးနိုင် သလဲ ဆိုတာကို သူငယ်ချင်း ဖြစ်သူက မေးတဲ့ အခါ သူက ပြန်ဖြေ ပါတယ်။

‘ဖောက်ပြန်တာက ငါ့ကိစ္စ မဟုတ်ဘူး။ ငါ့ကိစ္စက အမေ့ကို မသေခင် ကျေးဇူး ဆပ်သွားဖို့’

သင်ခန်းစာ -

လူတွေဟာ လောကမှာ ကျေးဇူး ရှိထားသူ မိဘ၊ ဆွေမျိုး၊ ညီအကို မောင်နှမ နဲ့ မိတ်ဆွေ များကို ကျေးဇူးဆပ်ဖို့ အကြောင်း ဖန်တဲ့ အခါ အကြောင်း အချက် အချို့ကြောင့် သွေဖယ် တ⁠တ်ကြ ပါတယ်။ ဥပမာ အထက်က ပေးခဲ့တဲ့ ဥပမာ ပုံပြင်ထဲကလို စိတ်ဓာတ် ဖောက်ပြန်မှုမျိုး၊ သဘောထား မတူလို့ ပြဿနာ ဖြစ် လမ်းခွဲရတဲ့ အခါ မျိုး၊ အကြောင်း ကိစ္စ တစ်ခုကြောင့် မကြည်တော့တဲ့ အခါမျိုး တို့ ကျရင် ‘ငါ့စေတနာ နဲ့ မထိုက်တန် ပါဘူးကွာ’ ‘အဲ့လိုလူမျိုးတွေ ငါ ပြန်မကူညီသင့်တော့ဘူး’ အစရှိသဖြင့် ဆုံးဖြတ် တ⁠တ်ကြ ပါတယ်။ ဒါဟာ မှားယွင်းပြီး ကျေးဇူး ကန်းခြင်း တစ်မျိုး ပဲ ဖြစ်ပါတယ်။ ကိုယ့်အပေါ်မှာ ကျေးဇူး ရှိထားသူ ဖြစ်ရင် ဘယ်လို အကြောင်း အမျိုးကြောင့်ပဲ ဖြစ်ဖြစ်၊ အခြေအနေ ကြောင့်ပဲ ဖြစ်ဖြစ် ယင်း ကျေးဇူးကို ပြန်လည် တုံ့ပြန် ပေးဆပ် ရမှာ ဖြစ်ပါတယ်။ ယင်းကသာ မှန်ကန်တဲ့ ဘဝနေထိုင်နည်းလမ်း ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment