Wednesday, July 23, 2014

ဆောင်းပါးရှင် ဆရာစည်သူအောင်မြင့်ဖတ်ဖို

ဇူလိုင် ၂၀ ရက်က ရန်ကုန် MICT Park မှာ
 Community Forum on Responsible
 Social Media in Myanmar ဆိုတဲ့
 ဆွေးနွေး ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ 
အဆိုပါဆွေးနွေးပွဲအပေါ်မှာ "အကြမ်းဖက်မှု
 လျော့နည်းစေချင်တာလား၊ ဖေ့စ်ဘွတ်ကို ထိန်းချုပ်ချင်တာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာ စည်သူအောင်မြင့်က မဇ္ဈိမ မှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီး အစိုးရ
ကို မေးခွန်းထုတ်လိုက်တာဖတ်ရပါတယ်။ ခုပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဆရာစည်သူအောင်မြင့် ပြောခဲ့သလို Facebook ကို အစိုးရက တကယ်ပဲ ထိန်းချုပ်ချင်တာလား ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အရပ်ဖက် အဖွဲ့အစည်း ပညာရှင်တွေက အမုန်းစကားတွေ ဖြန့်ပြီး တာဝန်ယူမှုမရှိတဲ့ သုံးစွဲသူတွေကို ပပျောက်သွားစေချင်တဲ့စိတ်၊ ဖေ့စ်ဘွတ်ခ် ကြောင့် ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေရတာကို ရပ်တန့်စေချင်တဲ့ စိတ်နဲ့ ဆွေးနွေးခဲ့ကြတာလား ဆိုတာ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မေးခွန်းထုတ်ချင်တာက ဆရာစည်သူအောင်မြင့်အနေနဲ့ ဒီဆွေးနွေးပွဲကို လူကိုယ် တိုင်တက်ရောက်ခဲ့သလား။ ဒါမှမဟုတ် ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအပေါ် သုံးသပ်ပြီးဆောင်းပါးရေးခဲ့တာလားဆိုတာကိုပါ။ ဘာလို့ ဒီမေးခွန်းထုတ်ရသလဲဆိုတော့ ဆရာစည်သူအောင်မြင့်ရဲ့ရေးသားချက်တွေက ကိုယ်တိုင်တက်ရောက်ခဲ့ပုံမပေါ်ဘဲ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားကြတဲ့ သူတွေနဲ့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာကို သေချာမသိမဲ့ ပုံပေါက်နေ လို့ ပါပဲ။

ဆရာရေးခဲ့တဲ့ ဆောင်းပါးမှာ မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားလာတော့ ဒီအကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖြန့်ချိခဲ့တယ်လို့ သမ္မတရုံးက ယူဆတယ်လို့ ဆိုပါတယ် ဆိုပြီး

ရေးခဲ့ပါတယ်။ တကယ်တော့ ဒါကို အစိုးရသာမက မြန်မာ့နိုင်ငံရေး လေ့လာသူတွေ တတ်သိပညာရှင်တွေနဲ့သာမန်ပြည်သူလူထုကပါ သိတဲ့ အကြောင်းအရာပါ။ ဒါကြောင့်လဲ Facebook ပေါ်မှာ ဒီလို တာဝန်ယူမှုမရှိတဲ့ ရေးသားချက်တွေ အမုန်းစကားတွေကို ပပျောက်စေပြီး သုံးစွဲသူတွေကိုယ်တိုင်တာဝန်ယူမှုရှိလာစေဖို့အတွက် အစိုးရမဟုတ်တဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ တက်ကြွသူပြည်သူတွေကပါ ဒီဆွေးနွေးပွဲမှာ ၀ိုင်းဝန်းအဖြေရှာခဲ့ကြတာပါ။ ဒီပွဲကို ကမကထ လုပ်တာဟာ သမ္မတရုံးဝန်ကြီးဌာနကလို့ ဆိုပေမဲ့ တကယ့်တကယ့်ဆွေးနွေးပွဲမှာ သမ္မတရုံးကလာဖို့ မပြောနဲ့ တက်ရောက်လာတဲ့ အစိုးရဖက်ကတာဝန်ရှိသူတချို့တောင် နားထောင်ရုံသက်သက်သာ ဖြစ်ပြီး တခွန်းတပါဒမျှ ၀င်ရောက် ပြောဆိုခဲ့တာ မတွေရပါဘူး။ဘလော့ဂါ နေဘုန်းလတ်၊ ညီလင်းဆက်၊ သောင်းစုငြိမ်း၊ ရဲမြတ်သူ၊ မင်းတေဇာညွန့်၊ ဦးဇော်ထွန်း၊ ထူးမြင့်နောင် စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေအပြင် တက်ရောက်လာတဲ့ ပရိသတ်တွေကပါလွတ်လပ်စွာနဲ့ Facebook ပေါ်က ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ ဆွေးနွေးခဲ့ကြတာပါ။ဆွေးနွေးပွဲတ၀က်လောက်မှာ ၈၈ က ဦးကိုကိုကြီးတောင် တက်ရောက်လာပြီး ၀ိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။

နောက်ပြီး ဆရာစည်သူအောင်မြင့်က

"အခုကိုပဲ ဖေ့စ်ဘွတ်ခ် အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ စပြီး စကားစလာပါပြီ။ ဒါဆိုရင် အဲဒီ မိုဘိုင်းဖုန်းနံပါတ်တွေကို ဘယ်သူက အားလုံးသိခွင့်ရှိမလဲ၊ ဘယ်အကြောင်းအရာမျိုး တင်ရင် ဘယ်သူက တားမြစ်ခွင့်၊ ပိတ်ပင်ခွင့်ရှိမလဲ မေးစရာမေးခွန်း ရှိလာပါပြီ။ အားလုံးကို အစိုးရကပဲ သိ၊ အစိုးရကပဲ ထိန်းချုပ်မယ်ဆိုရင်တော့ လက်ရှိ သမ္မတရုံးရဲ့ လုပ်နေကိုင်နေတဲ့ ရည်ရွယ်ချက်ဟာ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။"

လို့ ဆရာရဲ့ အမြင်ကို ပြောဆိုခဲ့တာ ဖတ်ရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာက အစိုးရမဟုတ်တဲ့ ပညာရှင်တွေ၊ တက်ကြွတဲ့ ပြည်သူတွေသာဖြစ်ပြီးတော့ ဖေ့စ်ဘွတ်ခ် ပြဿနာအတွက် ဘယ်လိုအဖြေရှာခဲ့တယ် ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ဆရာစည်သူအောင်မြင့်လိုချင်ရင် အသံဖိုင်ပါ ပေးလို့ရပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ဆိုတာ အစိုးရက အကြံပြုခဲ့တာ မဟုတ်ပါဘူး။ တက်ရောက်လာသူထဲက တင်ပြခဲ့တဲ့ အကြံပြုချက်ဖြစ်ပါတယ်။ သူနိုင်ငံခြားမှာ နေစဉ်အခါက ဖေ့စ်ဘွတ်ခ်ကို ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုခဲ့ရကြောင်းကို ပြောပြီး ဒီလိုအကြံပေးခဲ့တာ ဖြစ်ပါတယ်။ သူပြောသလိုပဲ နိုင်ငံတကာမှာ လည်း ဖေ့စ်ဘွတ်ခ်မှာ အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက် အသုံးပြုကြရတာ ဖြစ်ပါတယ်။


သူ့ရဲ့အကြံပြုချက်ကို အရပ်ဖက် ပညာရှင်တွေ ၀ိုင်းဝန်းဆွေးနွေးပြီး Staetment တစ်ခုအနေနဲ့ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖေ့စ်ဘွတ်ခ်ကို ဖုန်းနဲ့ ချိတ်ဆက်ဖို့ က အရပ်ဘက်ပညာရှင်တွေတတ်နိုင်တဲ့ ကိစ္စမဟုတ်တဲ့ အတွက်ကြောင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကနေတဆင့် Facebook ကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ ညှိနှိုင်းခဲ့ကြတာပါ။ဒါဟာ အစိုးရရဲ့ အာဘော်မဟုတ်ဘဲ ပညာရှင်တွေ ဆွေးနွေးပွဲကနေ ရလာတဲ့ နည်းလမ်းတစ်ခုကိုအစိုးရက ကြားခံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို အဲဒီနေ့က ဆွေးနွေးပွဲ တက်လာသူတွေသိကြပါတယ်။ ဆွေးနွေးပွဲကို ရောက်ခဲ့ဟန်မတူတဲ့ ဆရာစည်သူအောင်မြင့်အနေနဲ့ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတဲ့ အမြင်တစ်မျိုး ရှိလာတာလည်း မဆန်းပါဘူး။
နောက်တစ်ခုက "အမုန်းတရားတွေ ဖြန့်ချိနေတာ၊ အကြမ်းဖက်မှုတွေ လုပ်နေတာတွေ ဟာ ဖေ့စ် ဘွတ်ခ်တစ်ခုတည်း ရှိသလားဆိုပြီး မေးရမလိုတောင် ဖြစ်နေပါတယ်။"လို့ အစိုးရအပေါ် မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။ မှန်ပါတယ် အမုန်းတရားတွေဖြစ်ပြီးအကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်နေတာ ဖေ့စ်ဘွတ်ခ် တစ်ခုတည်းမဟုတ်ပါဘူး။သို့ပေမဲ့ မြန်မာပြည်က လူဦးရေ ၂ သန်းကျော်သုံးနေတဲ့ ဖေ့စ်ဘွတ်ခ်ဆိုတဲ့ လူမှုကွန်ယက်ကြီးဟာသာမန် အရပ်ထဲမှာ တရားဟောမှု၊ စာရွက်တွေ ဖြန့်ချိပြီး လှုံ့ဆော်နေမှုထက် အချိန်တိုအတွင်းမှာတစ်နိုင်ငံလုံးအနှံ့ လူပေါင်းများစွာဆီကို ရောက်သွားစေနိုင်တဲ့ သတင်းကွန်ယက်ကြီးဆိုတာ ဆရာစည်သူအောင်မြင့်သတိမူမိခဲ့ဟန်မတူပါဘူး။

ဖြစ်ခဲ့တဲ့ ရခိုင်အရေး၊ မိတ္ထီလာအရေး၊ မန္တလေးအရေးတွေဟာ စာရွက်တွေဖြန့် တရားတွေဟောပြီး ဖြစ်ပေါ်လာတာလို့ ဆိုရမှာထက် ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မမှန်တဲ့သတင်းတွေဖြန့် ၊ ဓာတ်ပုံတွေဖြန့်၊ တချို့မှန်သော်လည်းပဲ ကျင့်ဝတ်မရှိ တာဝန်ယူမှုမရှိတဲ့ ရေးသားဖော်ပြချက်တွေကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်။ ပြောရမယ်ဆို ဖေ့စ်ဘွတ်ခ်တစ်ခုတည်းကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်လို့ မဆိုနိုင်ပေမဲ့ လူသုံးများပြီး အချိန်တိုအတွင်း စားသုံးသူထံသတင်းတွေပို့ပေးနိုင်တဲ့ ဒီဖေ့စ်ဘွတ်ခ်ကြီးက တခြားအရာတွေထက် အန္တရာယ်ပို ကြီးနေပြီ ဆိုတာလက်ခံကြရမှာပါ။ ဒါကြောင့်လည်း ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုပြီး "တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူမှုကွန်ရက်" အမည်နဲ့ ဆွေးနွေးပွဲမှာနယ်ပယ်အသီးသီးက ပညာရှင်တွေကတက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့ ပြောရမယ်ဆို ဆရာစည်သူအောင်မြင့် ပြောသလို ဒီဆွေးနွေးပွဲဟာ အစိုးရက ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်တာဆိုတဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ပါဘူးလို့ ဆိုချင်ပါတယ်။ ဒါဟာ အစိုးရဘက်ကို လိုက်ပြောတာမဟုတ်ဘဲ မြန်မာ့လူမှုနယ်ပယ်မှာသတိထားလာရမဲ့ ဖေ့စ်ဘွတ်ခ်အန္တရာယ်ကို ပြည်သူတွေအနေနဲ့ ဘယ်လိုဝိုင်းဝန်းဖြေရှင်းကြမလဲဆိုတဲ့အမြင်နဲ့ ထောက်ပြဝေဖန်လိုက်ရခြင်းဖြစ်ပါတယ်။ အစိုးရကသာ ထိန်းချုပ်ဖို့ လုပ်မယ်ဆို အဲဒီဆွေးနွေးပွဲကိုတက်ရောက်ဆွေးနွေးခဲ့တဲ့ ပညာရှင်တွေဟာ ဘလော့ဂ်ဂါ နေဘုန်းလတ်တို့ ညီလင်းဆက်တို့ ဦးကိုကိုကြီးတို့လို လူတွေမဟုတ်ဘဲ အစိုးရပဲ နာမည်ကောင်းအောင် ကမကထလုပ် အစိုးရဘက်ကတာဝန်ရှိသူတွေပဲ ဆွေးနွေးပြီး Statement တွေ ထုတ်သွားကြမှာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီဆွေးနွေးပွဲကို ဆရာစည်သူအောင်မြင့်ကိုယ်တိုင်တက်ရောက်ခဲ့သူ ဖြစ်မယ်ဆိုရင် ဒီဆွေးနွေးပွဲဟာ အစိုးရက ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ချင်လို့ မဟုတ်ဘဲ ဖေ့စ်ဘွတ်ခ် ကြောင့် ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစေချင်တဲ့ ပန်းစကားလှုပ်ရှားသူ ကိုနေဘုန်းလတ်တို့လို လူတွေနဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ စေတနာအမှန်ကို သိပြီး ဆရာရဲ့ ဆောင်းပါးကို ရေးမိလိမ့်မယ် မထင်ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။





သူရမျိုးဝေ

No comments:

Post a Comment