Wednesday, May 27, 2015

အမြင့်ဆုံးမှာ ပျံလိုက်စမ်းပါ မြန်မာယူ-၂၀

(ဓာတ်ပုံ-ဂျေမောင်မောင်
(အမရပူရ))
မြန်မာအသင်းအပါအ၀င် ပြိုင်ပွဲဝင် ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲသည်
 မေလ ၃၀ ရက်တွင် စတင်တော့ မည်ဖြစ်သည်။ ကမ္ဘာ့အဆင့်ဘော လုံး ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် သမိုင်းရေးထိုးထားသော မြန်မာ
ယူ-၂၀ အသင်းသည်လည်း မေလ ၂၄ ရက်တွင် ပြိုင်ပွဲလက်ခံကျင်းပမည့် နယူးဇီလန်နိုင်ငံသို့ ကြိုတင်ရောက်ရှိနေပြီဖြစ်သည်။
အုပ်စုခွဲဝေမှုအရ မြန်မာယူ- ၂၀ အသင်းသည် အိမ်ရှင်နယူးဇီလန်အပါအ၀င် အမေရိကန်၊

ယူကရိန်းအသင်းတို့နှင့် အုပ်စု (က)တွင် ကျရောက်နေသည်။ ခြေစွမ်းမြင့် တောင်အမေရိက အသင်းများနှင့် ဥရောပထိပ်သီးအသင်းကြီးများ မပါဝင်သည့်အတွက် မြန်မာအသင်းပါဝင်သည့် အုပ်စုသည် အခြားအုပ်စုများထက် ချောင်သည်ဟု သတ်မှတ်ကြသည်။
မြန်မာ ယူ−၂၀ အသင်း ခြေစစ်ပွဲအောင်မြင်စဉ်က (ဓာတ်ပုံ - MFF)

နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်က မြန်မာအသင်းအနေဖြင့် ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲတွင် အနည်းဆုံးပွဲစဉ်လေးပွဲကစားရန် ရည်မှန်းထားသည်ဟု ပြောကြားထားသည်။ အုပ်စုအဆင့်တွင် ပွဲစဉ်သုံးပွဲကစားရမည် ဖြစ်သည့်အတွက် မြန်မာအသင်း၏ မျှော်မှန်းချက်မှာ အနည်းဆုံးရှုံးထွက်အဆင့်သို့ တက်ရောက်ရန်ဖြစ်သည်ဟု နည်းပြချုပ်က ဆိုလိုခြင်းဖြစ်သည်။

ပြိုင်ပွဲဝင် ၂၄ သင်းကို လေးသင်းပါဝင်သည့် အုပ်စုခြောက်ခုခွဲခြားထားပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ (၁၂ သင်း)နှင့် အကောင်းဆုံး တတိယလေးသင်း (စုစုပေါင်း ၁၆ သင်း)က ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အချောင်ဆုံးဟု သတ်မှတ်ထားသည့် အုပ်စုတွင် ကျရောက်နေသော်လည်း အာဆီယံဒေသမှ မြန်မာအသင်း၏ လက်ရှိခြေစွမ်းပိုင်းအနေအထားအရ အုပ်စုအဆင့်တွင် ခက်ခဲစွာရုန်းကန်ရမည့် အခြေအနေရှိကြောင်း လေ့လာသူများက သုံးသပ်သည်။

‘‘ပထမဆုံးအနေနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲဝင်ခွင့်ရ မြန်မာယူ-၂၀ အသင်းကို ချီးကျူးလိုပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုတွေ ပိုကောင်းတဲ့ ပြိုင်ဘက်တွေကို ခက်ခဲစွာ ရင်ဆိုင်ရမယ့် အနေအထားပါ’’ဟု လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဆန်းဝင်းက ပြောသည်။ သို့သော် ပြိုင်ပွဲစည်းမျဉ်းအရ တတိယအကောင်းဆုံးအသင်းကလည်း နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိနေသည့်အတွက် မြန်မာအသင်းအတွက် မျှော်လင့်ခွင့်အနေအထားရှိနေကြောင်း အားကစားကလောင်ရှင် ကိုဟိန်းထက်အောင်ကဆိုသည်။

မြန်မာအသင်းသည် အုပ်စုအဆင့်အဖွင့်ပွဲအဖြစ် မေလ ၃၀ ရက်တွင် အမေရိကန်အသင်း၊ ဇွန်လ ၂ ရက်တွင် ယူကရိန်းအသင်းနှင့် ဇွန်လ ၅ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်နယူးဇီလန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
(ဓာတ်ပုံ - MFF)

‘‘မြန်မာအသင်းအနေနဲ့ တတိယအကောင်းဆုံးနေရာ မျှော်လင့်ခွင့်အတွက် အုပ်စုတွင်း အနည်းဆုံးနိုင်ပွဲတစ်ပွဲ ရှာဖွေနိုင်ဖို့ လိုအပ်သလို ရှုံးပွဲတွေမှာလည်း ဂိုးပြတ်မရှုံးနိမ့်ဖို့တော့ လိုအပ်ပါတယ်။ အမေရိကန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အနည်းဆုံးသရေ ရလဒ်ထွက်မယ်ဆိုရင် အခြေအနေကောင်းမယ့် အနေအထားပါ’’ ဟု ကိုဟိန်းထက်အောင်က သုံးသပ်သည်။

မြန်မာအသင်းကျရောက်နေသည့် အုပ်စုတွင် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ (၁၄) ကြိမ်မြောက် ၀င်ပြိုင်မည့် အမေရိကန်အသင်းက အုပ်စုပထမနေရာအတွက် ရေပန်းစားနေပြီး သုံးကြိမ်မြောက်ယှဉ်ပြိုင်ခွင့်ရ ယူကရိန်းအသင်းက ဒုတိယနေရာတွင်ရှိပါသည်။ နယူးဇီလန်အသင်းမှာ ခြေစွမ်းပိုင်းအဆင့်မြင့်ခြင်းမရှိဟု သုံးသပ်ကြသော်လည်း ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲကို ယခင်က သုံးကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင် အိမ်ရှင်အခွင့်အရေးအပြည့်အ၀ကို ဆုပ်ကိုင်ထားသည့် အသင်းဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ်ကလည်း အုပ်စုတွင်း အရေးကြီးဆုံးပွဲမှာ အမေရိကန်အသင်းနှင့် အုပ်စုအဖွင့်ပွဲဟုဆိုထားပြီး ရှုံးရန်မဖြစ်ဟု ကြိုတင်ပြောကြားထားသည်။ မြန်မာနည်းပြချုပ်သည် ပြိုင်ပွဲမတိုင်မီ အမေရိကန်ယူ-၂၀ နှင့် သြစတြေးလျယူ-၂၀ အသင်းတို့ ခြေစမ်းပွဲကိုလည်း လေ့လာခွင့်ရရှိထားသည်။

‘‘နည်းပြကြီးကတော့ အမေရိကန်နဲ့ အုပ်စုအဖွင့်ပွဲကို တော်တော်ပြင်ဆင်ထားပုံရတယ်။ ဘာလို့လဲဆိုတော့ အုပ်စုအဖွင့်ပွဲမှာ ရလဒ်ကောင်းရင် နောက်ပွဲတွေအတွက် စိတ်ဓာတ်ပိုင်းအရပါ အားသာချက်ဖြစ်ပြီး အဖွင့်ပွဲမှာ ရလဒ်မကောင်းရင်တော့ လက်ကျန်ပွဲတွေအတွက် စိတ်ဓာတ်ပိုင်းပါ ထိခိုက်နိုင်ပါတယ်’’ဟု အားကစားကလောင်ရှင် အလင်းဖြူက ပြောသည်။

နည်းပြချုပ်ဂတ်အနေဖြင့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အနည်းဆုံးရှုံးထွက်အဆင့်တက်ရောက်ရန် ရည်မှန်းထားသော်လည်း မြန်မာပရိသတ်များအား မျှော်လင့်ချက်မကြီးရန် ကြိုတင်သတိပေးထားသည်။ ထို့ပြင် မြန်မာအသင်းအတွက် အဓိကအခက်အခဲက ပထမဦးစားပေးကစားသမားများနှင့် အရန်ကစားသမားများ၏ ခြေစွမ်းကွာဟမှုပင်ဖြစ်ကြောင်း နည်းပြချုပ်ကဆိုသည်။

ထိုသို့အခြေအနေတွင် မြန်မာအသင်း၏ အဓိကတိုက်စစ်မှူးသန်းပိုင်နှင့် ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်တို့ ဒဏ်ရာရရှိမှုက မြန်မာအသင်းအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် သန်းပိုင်နှင့် ငြိမ်းချမ်းအောင်တို့မှာ အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်သော်လည်း အဓိကကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်မှာ ပွဲချိန်ပြည့်ပါဝင်ရန် မသေချာသေးပေ။ ငြိမ်းချမ်းအောင်သည် ပြီးခဲ့သည့် အာရှယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းတိုက်စစ်မှူးများ ဂိုးသွင်းနိုင်ရန်အတွက် အဓိကဖန်တီးပံ့ပိုးပေးခဲ့သော အဓိကကွင်းလယ်ကစားသမားဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲကာလတွင်လည်း မြန်မာအသင်းမှ ပထမပွဲထွက်ကစားသမားများ ဒဏ်ရာရခဲ့ပါက နည်းပြချုပ်ဂတ်အတွက် အကျပ်ရိုက်ဖွယ်ရှိနေသည်။

အကြိမ် (၂၀) မြောက် ကျင်းပမည့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲဝင် မြန်မာအသင်းအတွက် အခက်အခဲများရှိနေသော်လည်း နည်းပြချုပ်၏ ဗျူဟာပိုင်းကောင်းမွန်မှု၊ အသင်းလိုက်နှင့် ကစားသမားတစ်ဦးချင်း ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ပိုင်းအကောင်းဆုံးဖြင့် ယှဉ်ပြိုင်မှုတို့နှင့် ကံတရား၏ ဖေးမမှုတို့ဖြင့် ပေါင်းစပ်ပါမှ နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်မည်ဖြစ်သည်။

ထို့ပြင် နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသည် ဘောလုံးလောကအတွက် လူငယ်ကစားသမားကောင်းများ မွေးထုတ်ပေးနေသည့် ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ဘောလုံးပရိသတ်များက စောင့်ကြည့်နေမည် ဖြစ်သည့်အတွက် မြန်မာလူငယ်ဘောလုံးသမားများအတွက် တစ်ကြိမ်မှ မကြုံဖူးသော အခွင့်ထူးဖြစ်နေသည်။

နာမည်ကြီး မာရာဒိုနာ၊ လက်ရှိ ကမ္ဘာ့အကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် မက်ဆီ၊ မန်စီးတီးအသင်း၏ ဂိုးသွင်းစက် အဂွီရိုနှင့် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၃ ချန်ပီယံပြင်သစ်အသင်းမှ ပေါ်ထွက်ခဲ့သူ လက်ရှိ ဂျူဗင်တပ်ကစားသမား ပေါ့ဂ်ဘာတို့မှာ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲမှ ထွန်းတောက်လာသည့် နာမည်ကျော်ကစားသမားများစွာအနက် အချို့ဖြစ်သည်။

ပြီးခဲ့သည့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲတစ်လျှောက်တွင် အာဆီယံဒေသမှ အင်ဒိုနီးရှားနှင့် မလေးရှားအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၁၉၇၉ ခုနှစ်ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ၁၉၉၇ ခုနှစ်တွင် အိမ်ရှင်လက်ခံကျင်းပခဲ့သည့် မလေးရှားအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သင်းစလုံးမှာ အုပ်စုအဆင့်တွင် နိုင်ပွဲမရရှိခဲ့ဘဲ ထွက်ခဲ့ရသည်။

ထို့ကြောင့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲတွင် တတိယမြောက်အာဆီယံဒေသမှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာအသင်းအတွက် လက်ရှိခြေစွမ်းအဆင့်အတန်းအရ ပြိုင်ပွဲတွင် ခက်ခဲစွာရုန်းကန်ရနိုင်သော်လည်း အုပ်စုအဆင့် ကျော်လွန်ခဲ့ပါက အင်ဒိုနှင့် မလေးရှားတို့၏ စွမ်းဆောင်ချက်ကိုကျော်ကာ အာဆီယံအသင်းများထဲတွင် ရှုံးထွက်အဆင့်တက်သော ပထမဆုံးအသင်း ဖြစ်လာပါမည်။

၂၀၁၅ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ အရှေ့တောင်အာရှမှ မြန်မာအသင်းအပါအ၀င် အာရှကိုယ်စားပြု အခြားအသင်းများအဖြစ် အရှေ့အာရှမှ မြောက်ကိုရီးယား၊ အာရှအလယ်ပိုင်းမှ ဥဇဘက်ကစ္စတန်နှင့် အနောက်အာရှမှ ကာတာအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ မြန်မာယူ-၂၀ အသင်းအနေဖြင့် အာရှဒေသကိုယ်စားပြု လေးသင်းအနက် အမြင့်ဆုံးစွမ်းဆောင်နိုင်ခဲ့ပါက အရှေ့တောင်အာရှ၏ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်နိုင်မည့် အခွင့်အရေးရှိနေသည်။

‘‘လက်ရှိမြန်မာယူ-၂၀ အသင်းက စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်းအကောင်းဆုံးလို့ သတ်မှတ်ထားပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာဘောလုံးအသင်းတွေအနေနဲ့ အနီကတ်တွေ မကြာခဏရတဲ့အတွက် ဒိုင်တွေကလည်း မြန်မာဘောလုံးသမားတွေကို ဆိုးတယ်လို့ သတ်မှတ်ထားကြတာပါ။ မြန်မာ ယူ-၂၀ အသင်းအနေနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ကိုယ့်ထက်အင်အားကြီးအသင်းတွေကို မနိုင်ခဲ့ဘူးဆိုဦးတော့ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်းအကောင်းဆုံးနဲ့ အသန့်ရှင်းဆုံးယှဉ်ပြိုင်ခဲ့မယ်လို့ ယုံကြည်ပါတယ်’’ဟု ဦးဆန်းဝင်းက ဆိုသည်။

မြန်မာယူ-၂၀ အသင်းအနေဖြင့် အသင်းလိုက် စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ပါက ထွက်ပေါ်လာမည့် အဖြေကို လက်ခံမည် ဖြစ်သော်လည်း ကြိုးစားအားထုတ်မှုနှင့် စည်းလုံးမှုမရှိဘဲ ယှဉ်ပြိုင်ခဲ့သည့် ရလဒ်ကို ခွင့်လွှတ်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုတင်ပြောကြားထားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ပထမဆုံးယှဉ်ပြိုင်ခွင့်ရရှိသည့် မြန်မာဘောလုံးအသင်းအတွက် ဒေါ်လာနှစ်သန်းခွဲကျော် အကုန်ကျခံကာ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ဥရောပနိုင်ငံများသို့ သွားရောက်လေ့ကျင့်ကာ ပြည်တွင်းပြည်ပခြေစမ်းပွဲပေါင်း ၂၀ ခန့် ကစားစေခဲ့သည်။

မြန်မာအသင်းအနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများနှင့် ခြေစွမ်းပိုင်းနှင့် အခြားကွာဟချက်များစွာ ရှိနေသေးသော်လည်း နာမည်ကြီးစပိန်၊ ပြင်သစ်၊ နယ်သာလန်၊ အီတလီ၊ အင်္ဂလန်အသင်းတို့ပင် ခြေစစ်ပွဲ မအောင်မြင်၍ ပါဝင်ခွင့်မရသည့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲတွင် ၀င်ပြိုင်ခွင့်ရရှိနေပြီ ဖြစ်သည်။ မြန်မာဘောလုံးပရိသတ်များအတွက် ကမ္ဘာ့အဆင့်ဘောလုံးပြိုင်ပွဲဝင် မြန်မာအသင်းပွဲများက ကြိုတင်ရင်ခုန်မှုပေးနေပြီ ဖြစ်သည်။

‘‘မြန်မာယူ-၂၀ အသင်းကတော့ အခုမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို စ၀င်ရမှာဆိုတော့ အတွေ့အကြုံသိပ်မရှိသေးပါဘူး။ သူတို့ရဲ့ ကြိုးစားမှုက ဘယ်လောက်ရှိလဲဆိုတာတော့ ပွဲကြည့်မှ သိရမှာပါ။ ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲမှာ ကိုယ့်မြန်မာအသင်းကိုတော့ နိုင်စေချင်တာပေါ့။ မြန်မာယူ-၂၀ အသင်းကို အားပေးပါတယ်။ နိုင်လည်း နိုင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရအောင် စွမ်းဆောင်ထားပေးလို့ပါ။ ကြိုးစားကြပါလို့ ပြောချင်ပါတယ်’’ဟု မြန်မာအသင်းပရိသတ် မတင်ဇာက ပြောသည်။

မြန်မာ-အမေရိကန် မေ ၃၀ နံနက် ၁၀း ၃၀
မြန်မာ-ယူကရိန်း ဇွန် ၂ နံနက် ၇း ၃၀
မြန်မာ-နယူးဇီလန် ဇွန် ၅ ညနေ ၁း ၃၀

No comments:

Post a Comment