Thursday, May 28, 2015

မသမာသူအချို့ကြောင့် စွန်းထင်းလာသော အငှားယာဉ်လောက

အလုံမြို့နယ် အလုံလမ်းပေါ်တွင် အငှား ယာဉ်မောင်းတစ်ဦး ဦးဆောင်သော လူငါးဦးပါအဖွဲ့က နံနက်အစောပိုင်း အချိန် ရွှေတိဂုံဘုရားဖူးရန် လမ်းလျှောက် ထွက်လာသည့် လူငယ်သုံးဦးကို ဝိုင်းဝန်း ထိုးကြိတ်ကာ ကျောပိုးအိတ်တစ်လုံးကို လုယူထွက်ပြေးမှု မေလ ၂၁ ရက် နံနက် က ဖြစ်ပွားခဲ့သည်။ အလုခံရသူ လူငယ်များက အငှားယာဉ်အမျိုးအစား၊ အရောင်နှင့် ကားဘေးတွင် ကပ်ထားသော စီးတီးတက္ကစီနံပါတ်ကို မှတ်မိလိုက်ကြသည်။ အနီးအနားရှိ အလုံမြို့မရဲစခန်းတွင် လုယက်နာကျင်စေမှုဖွင့်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံ
စမ်းရာ မှ လုယက်မှုကျူးလွန်ခဲ့သူများကို ၂၄ နာရီအတွင်း ဖမ်းမိခဲ့သည်။
အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ ညအချိန် ကားငှားစီးသည့် ခရီးသည်များကို အငှား ယာဉ်မောင်း တစ်ဦးကပင် သုံးနှစ်အတွင်း လုယက်မှုခြောက်ကြိမ် ကျူးလွန်ခဲ့သဖြင့် အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်မောင်းအကူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က မေလ ဒုတိယပတ် အတွင်း ဖမ်းဆီးနိုင်ခဲ့သည်။
မေလ ၂ ရက်ကလည်း အမေရိကန်နိုင်ငံသူတစ်ဦးသည် ဗဟန်းမြို့နယ်မှ အငှားယာဉ်စီးလာပြီး ၎င်းတည်းခိုရာဟိုတယ်သို့ ပို့ပေးရန် ပြောကြားခဲ့သော်လည်း ယာဉ်မောင်းက လူရှင်းသောနေရာသို့ မောင်းသွားပြီး မုဒိမ်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံသူက ပြန်လည်ခုခံပြီး လွတ်မြောက်ခဲ့သော်လည်း ၎င်းပိုင် တန်ဖိုးရှိပစ္စည်းများကို ယာဉ်မောင်းက လုယူကာ မောင်းပြေးခဲ့သည်။


ယခင်က ခြိမ်းခြောက်လုယက်သူများ၏ ပစ်မှတ်မှာ အငှားယာဉ်မောင်းများ ဖြစ်လေ့ရှိသော်လည်း ယခုအခါ အငှားယာဉ်မောင်းအချို့က  ကိုယ်တိုင်လုယက်မှု  ကျူးလွန်လာသောကြောင့် ညအချိန်သွားလာသည့် ခရီးသည်များမှာ လုယက်သူများ၏ ပစ်မှတ်ဖြစ်လာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ လူဦးရေငါးသန်းကျော်ရှိပြီး တက္ကစီယာဉ်အစီးရေ ခြောက်သောင်းခန့်ရှိသော ရန်ကုန်မြို့တွင် အငှားယာဉ်မောင်းအချို့ ကိုယ်တိုင်ပြစ်မှုကျူးလွန်မှု ယခုနောက်ပိုင်း ပိုများလာသည်။

‘‘အငှားကားတွေနဲ့ လုယက်တာတွေ လူသတ်မှုကျူးလွန်တာတွေက အခုနောက်ပိုင်းမှာတော့ လုပ်လာကြတယ်။ ဒီလိုကျူးလွန်သူတွေကတော့ နည်းပါတယ်။ ဒီလိုတရားခံတွေကိုလည်း မိတာများတယ်။ ဒီလိုပြစ်မှုကျူးလွန်သူတွေကို ကြိုတင်ကာကွယ်ဖို့အတွက်လည်း စီမံချက်တွေနဲ့ လုပ်ဆောင်ပေးနေပါတယ်’’ဟု ခရိုင်မှူးရဲအရာရှိများက ပြောသည်။

မေလတစ်လအတွင်း အငှားယာဉ်မောင်းများက ခရီးသည်များကို လုယက်ခဲ့သော အမှုများတွင် နိုင်ငံခြားသားခရီးသည်များကို အကြမ်းဖက်ခြိမ်းခြောက်လုယက်မှုများလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံသံရုံးကလည်း ၎င်းတို့နိုင်ငံသားများ အငှားယာဉ်စီးသောအခါ သတိထားကြရန်နှင့် အငှားယာဉ်မောင်းအပြင် လူပိုများပါလာလျှင် အဆိုပါယာဉ်ကို ငှားမစီးကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်အထိ ဖြစ်ခဲ့ရသည်။

မေလ ၈ ရက်ကလည်း သြစတြေးလျနိုင်ငံသားတစ်ဦးသည် လမ်း ၅၀ မှ လှိုင်မြို့နယ်သို့ အငှားယာဉ်စီးလာစဉ် အိပ်ပျော်သွားခဲ့သည်။ အိပ်ပျော်နေရာမှ ပြန်နိုးလာသောအချိန်တွင် သူပိုင်အဖိုးတန်ပစ္စည်းများ မရှိတော့သဖြင့် ကားသမားကို ရဲစခန်းထဲသို့ လည်ပင်းညစ်ခေါ်ပြီး အပြန်အလှန်အမှု ဖွင့်ခဲ့ကြသည်။ သြစတြေးလျနိုင်ငံသား ပျောက်ဆုံးသွားသော ပစ္စည်းများကို ၂၄ နာရီအတွင်း ပြန်လည်ရရှိပြီး ခိုးယူမှုကျူးလွန်ခဲ့သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးပေးနိုင်ခဲ့သည်။

အငှားယာဉ်များဖြင့် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်မှုသည် ရန်ကုန်မြို့တွင် နှစ်မျိုးရှိပြီး အချို့ယာဉ်မောင်းများသည် လုယက်ရန် လွယ်ကူသဖြင့် လုပ်တတ်ပြီး အချို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုယက်မှုလုပ်ကိုင်သူများဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အနောက်ပိုင်းခရိုင်မှ စခန်းမှူးတစ်ဦးက ပြောသည်။

‘‘ဖမ်းမိလို့ စစ်တဲ့အခါမှာ တချို့က အုံနာကြေးတွေ မပေးနိုင်တော့ ပါလာတဲ့ ခရီးသည်ဆီကနေ လုတယ်။ နောက်တစ်မျိုးကတော့ လုဖို့အတွက် အငှားကားမောင်းပြီး ရှာနေတာ။ သူတို့ကတော့ အများအားဖြင့် နှစ်ယောက်မောင်းသမားတွေ များတယ်။ သူတို့တွေကို စစ်မေးလိုက်ရင် သူတို့မှာ အန္တရာယ်ရှိမှာစိုးလို့ သူငယ်ချင်းကို ခေါ်လာတာပါပဲ ဖြေတယ်’’ဟု အဆိုပါစခန်းမှူးက ပြောသည်။

‘‘ယာဉ်တင်သွင်းခွင့်ပုံစံတွေပြောင်းပြီးနောက်ပိုင်း ကားတွေများလာတယ်။ အငှားယာဉ်တွေလည်း များလာတော့ အရင်လို ရှာရတာမကောင်းတော့ဘူး။ ဆီဖိုးကားပြင်ခတွေအပြင် ကုန်ကျစရိတ်ရှိလာတော့ အငှားပေးလာတယ်။ အငှားမောင်းတဲ့သူဆိုတော့ လူပေါင်းစုံပါလာတာပေါ့။ ဒီခေတ် စပေါ်တင်မောင်းတဲ့သူတွေတောင် အတော်လေးနည်းလာပါပြီ’’ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

၂၀၁၄ ဇန်နဝါရီမှ ဧပြီအထိ လေးလအတွင်း လုယက်မှု ၁၁ မှု ဖြစ်ပွားခဲ့သည်။ သို့သော် အငှားယာဉ်ဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိပေ။ ၂၀၁၅ ပထမလေးလအတွင်း လုယက်မှု ၁၂ မှုဖြစ်ပွားခဲ့ရာ အငှားကားဖြင့် လုယက်ခဲ့သော အမှုမှာ နှစ်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးကပြောသည်။

‘‘ကျူးလွန်တဲ့ အမှုတွေထဲမှာတော့ အမျိုးသမီးတွေ အလုခံရတဲ့ အမှုတွေက ပိုများပါတယ်။ မိန်းကလေးလည်း ဖြစ်တယ်။ လုခံရတော့လည်း ပစ္စည်းအသာတကြည်ပေးတော့ ကျန်တဲ့မှုခင်းတွေ ထပ်မဖြစ်တော့ဘူး။ နေ့ဘက်တွေမှာ လုခံရတာမရှိဘူး။ ညပိုင်းတွေမှာပဲ အဖြစ်များပါတယ်’’ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်စဉ်အချို့ကြောင့် ယခုနောက်ပိုင်းတွင် ကားငှားစီးမည့် ခရီးသည်အများစုမှာ ယာဉ်မောင်းကိုကြည့်ပြီး ငှားစီးသူများလာပြီး လူပိုပါလာပါကလည်း ငှားသူနည်းသွားကြောင်း အငှားယာဉ်မောင်း ကိုကျော်မင်းထွန်းကပြောကြားသည်။

‘‘အရင်ကလို မဟုတ်ဘူး။ ကားငှားစီးတဲ့သူတွေက ကြည့်တယ်။ သောက်ထားလား၊ အပိုလူပါလားပေါ့ဗျာ။ တစ်ခုခုလုပ်ထားရင် မစီးတော့ဘူး။ ကားတွေလည်း ပေါတာလည်းပါမှာပါ။ ဘယ်သူဖြစ်ဖြစ် ပိုက်ဆံပေးစီးတာပဲ။ စိတ်အေးချမ်းစွာ ရောက်ချင်မှာပါ။ အခုလို သတင်းတွေကြားတော့ ညပိုင်းဆွဲရတာ အရင်လို အဆင်မပြေသလို စစ်ဆေးရေးတွေ ပိုများလာတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ညအချိန် အလုပ်လုပ်ကိုင်သည့် အမျိုးသမီးအများစုမှာ အငှားယာဉ်စီးရာတွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ကားငှားပေးရန် အကူအညီတောင်းခံပြီး ငှားစီးလေ့ရှိကြောင်း မရမ်းကုန်းမြို့နယ်နေ မဆိုဖီက ဆိုသည်။

‘‘ညီမတို့က ဘီယာဆိုင်ဆိုတော့ အရင်က ဖယ်ရီပေးတယ်။ ခုတော့ မပေးဘူး။ ကားခသက်သက်ပေးတယ်။ ကားသမားတွေမှာ နှမသားချင်းမစာနာသူတွေ ရှိသလို ကောင်းတဲ့ကားသမားတွေလည်းပါတယ်။ ဒီသတင်းတွေ ဒီလကြားပြီးကတည်းက ညီမတို့ဆိုင်က ပြန်တဲ့သူတွေ အကုန်လုံးစုပေါင်းငှားပြီး  ပြန်ကြတယ်။ ဘယ်ရောက်နေလဲဆိုတာ အချင်းချင်း ဖုန်းဆက်ပြီးပြောတယ်။ အခုချိန်ထိတော့ အန္တရာယ်မရှိဘူး။ လမ်းမှာလည်း စစ်ဆေးရေးရဲတွေ အရင်ကထက် ပိုပြီးများလာတာ တွေ့ပါတယ်’’ဟု မဆိုဖီက ပြောသည်။

အငှားယာဉ်မောင်းသူအချို့ ကျူးလွန်သော ပြစ်မှုများကို ဖော်ထုတ်ရာတွင် အငှားယာဉ်များမှာ ယခုနောက်ပိုင်းတွင် ခရိုင်အလိုက် တက္ကစီအမှတ်အသားများကို မထားရှိတော့ခြင်း၊ အငှားယာဉ်မောင်း ဘုတ်ပြားများမတပ်ဆင်ခြင်းတို့ကြောင့် ဖမ်းဆီးရာတွင် အခက်အခဲများရှိသည်ဟု ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ယင်းဆိုင်းဘုတ်တပ်ဆင်ခြင်းမရှိသဖြင့် ယာဉ်မောင်းနှင့် ပတ်သက်သည့် အချက်အလက်ကို ခရီးသည်က မသိရှိနိုင်ပေ။

ယခင်က ရန်ကုန်မြို့တွင် အငှားယာဉ်များကို အရှေ့ပိုင်းခရိုင်အတွက် E၊ အနောက်ပိုင်းခရိုင်အတွက် W၊ တောင်ပိုင်းခရိုင်အတွက် S နှင့်မြောက်ပိုင်းခရိုင်အတွက် N တို့ကိုရှေ့မှထားကာ နံပါတ်စဉ်အလိုက် ဂဏန်းအက္ခရာများ သတ်မှတ်ခဲ့သည်။

သို့သော်ယခုအခါ အိမ်ကားများကဲ့သို့ပင် အငှားကားများမှာလည်း YGN သင်္ကေတတစ်ခုတည်းဖြစ်သွားသည်။

ရန်ကုန်မြို့တွင် စီးတီးတက္ကစီ မှတ်ပုံတင်ထားသော ကားအရေအတွက် ၆၀,၀၀၀ နီးပါးရှိသော်လည်း မှတ်ပုံမတင်ဘဲ မောင်းနှင်နေသည့် အငှားယာဉ်အရေအတွက် မည်မျှရှိကြောင်း မသိရှိရပေ။

ရန်ကုန်မြို့အတွင်း လမ်းမများပေါ်တွင် နေ့စဉ်ကားအစီးရေ ခြောက်သိန်းမှ ရှစ်သိန်းထိ မောင်းနှင်နေပြီး အငှားယာဉ်အရေအတွက်သည် သိန်းဂဏန်းရှိနိုင်ပြီး ရန်ကုန်မြို့အတွက် သယ်ယူပို့ဆောင်မှုကဏ္ဍတွင်လည်း အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီမှာကတော့ ရှင်းပါတယ်။ အငှားကားတွေ အကုန်လုံးကို ကုမ္ပဏီပိုင်လုပ်ထားတာမရှိဘူး။ ကိုယ်ပိုင်ထောင်ပြီးငှားတယ်။ ဒါမှမဟုတ် ကိုယ်တိုင်မောင်းတယ်။ ပြီးတော့ မှုခင်းတစ်ခုခုဖြစ်လို့ ကားနံပါတ်ရရင်တောင်ပိုင်ရှင်အဆင့်ဆင့် ပြောင်းတော့ ဖမ်းရတဲ့နေရာမှာ မလွယ်ဘူး။ ပြောရမယ်ဆို ၀ယ်ပြီးရောင်းပြီးရင် အမည်ပြောင်း မလုပ်တာတွေများတယ်’’ဟု ယင်းယာဉ်ထိန်းအရာရှိက ပြောသည်။

‘‘စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ကြပါလို့ ညွှန်ကြားထားပြီးပါပြီ။ အရေးယူမှုကတော့ အသစ်ပြုစုထားတဲ့ ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်မှာပါ။ စစ်ဆေးဖို့က ယာဉ်ထိန်းရဲအဖွဲ့ဆယ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်။ နောက်ပိုင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပါ ဆက်လက်အရေးယူသွားမယ်’’ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။

သို့သော် ရန်ကုန်မြို့၌ အငှားတက္ကစီအဖွဲ့ဖွဲ့ပြီး နေရာသတ်မှတ် ဂိတ်ထိုးသော မင်္ဂလာဒုံလေဆိပ်ရှိ အငှားယာဉ်မောင်းများ၌ နာမည်၊ လိပ်စာနှင့် လေဆိပ်အငှားယာဉ်တံဆိပ်များ တပ်ထားသည်။ ထို့ကြောင့် အဆိုပါကားများ အသုံးပြုမှုတွင် ပြစ်မှုကျူးလွန်မှုမရှိကြောင်း ယာဉ်မောင်းများက ပြောသည်။

‘‘ဒုစရိုက်မှုကျူးလွန်ချင်တဲ့ ကားသမားတွေက ဒီလိုနေရာမျိုးတော့ လာမလုပ်ရဲပါဘူး’’ဟု ယာဉ်မောင်းကိုမြတ်သူက ပြောသည်။

အောင်မင်္ဂလာအဝေးပြေး၌ လုယက်မှုတွေ့ကြုံခဲ့ရသူ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးကလည်း လုယက်မှုကျူးလွန်သူများသည် ကားခဈေးဆစ်ရာ၌ အဆင်ပြေပြီး လူသူရှင်းသည့် နေရာရောက်မှ ခြိမ်းခြောက်ကာ ခရီးသည်တွင် ပါလာသည့်ပစ္စည်းများကို လုယက်လေ့ရှိကြောင်း ပြောသည်။

‘‘ကားလည်း မှောင်တဲ့နေရာရောက်တော့ ရပ်ပြီး အော်ရင်သေမယ်။ ပါသမျှထုတ်ဆိုပြီးလုတာ။ အသက်လောက်တော့ ဘာမှအရေးမကြီးပါဘူး။ ယောက်ျားနှစ်ယောက် ကျွန်မတစ်ယောက်တည်းဆိုတော့ ပြန်မခုခံရဲဘူး။ ရှိသမျှ ပေးလိုက်တယ်။ ကားကတော့ မီးတွေအကုန်မှိတ်ပြီး မျက်စိရှေ့က ပျောက်သွားတာပါပဲ’’ဟု ပြီးခဲ့သည့် ဧပြီလအတွင်း လုယက်ခံခဲ့ရသူ အမျိုးသမီးက ပြောသည်။

ထိုကဲ့သို့ ဖြစ်စဉ်များလာသည့်အတွက် ရန်ကုန်တိုင်းအတွင်း ညပိုင်းအချိန်များ၌ ယာဉ်စစ်ဆေးခြင်းများကို  ယခင်ကထက် တင်းကျပ်စွာ  လုပ်ဆောင်နေပြီး လုယက်နေသူအချို့ကိုလည်း ဖော်ထုတ်ဖမ်းဆီးနေကာ လွတ်နေသည့် တရားခံအချို့ကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီလကစပြီး ခရိုင်အလိုက် တက္ကစီသမားတွေရော ခရီးသည်တွေကိုရော ပညာပေးဖို့ကို ခရိုင်အလိုက် ညွှန်ကြားပြီးသွားပြီ။ ဘယ်အချိန်စမလဲဆိုတာတော့ မသိသေးဘူး။ ပြစ်မှုကျူးလွန်ပြီဆို ကျွန်တော်တို့သိရင် နာရီပိုင်း၊ ရက်ပိုင်းအတွင်းဖမ်းမိတယ်။ တချို့က အမှုတွေကျတော့ ဂျာနယ်တွေ စာစောင်တွေဖတ်မှပဲ သိရတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးပြည့်စုံကပြောသည်။

‘‘ညကားငှားစီးဖို့တော့ တစ်ယောက်တည်းမသွားရဲတော့ဘူး။ လူကိုဘာမှလုပ်မသွားတာပဲ ကံကောင်းလှပါပြီ။ ညီမတို့နယ်က လာတဲ့သူတွေကိုလည်း ညဘက်မှောင်နေရင် ဘယ်ကားမှငှားမစီးဖို့မှာနေမိတယ်’’ဟု လွန်ခဲ့သော တစ်လကျော်က လုယက်ခံခဲ့ရသောအမျိုးသမီးက ပြောကြားသည်။

သန်းဌေးဖိုးတုတ်(လှည်းတန်း)

No comments:

Post a Comment