Sunday, May 10, 2015

တောထဲဝင်နေတဲ့ ကျားကို အမြီး မဆွဲနဲ့

အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ပြေးအပြီး ဂျပန် တပ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဦးဆောင်တဲ့ BIA၀င်လာတော့ တိုင်းပြည်က ခေတ်ပျက်နေပြီ။ သူခိုး၊ဓါးပြအလွန်ပေါသလို ရွာတွေဟာလည်း ကိုယ့်ရွာလုံခြုံရေးကို ကိုယ့်ဟာကိုယ် လုပ်နေကြရ တယ်။ လူစိမ်းတယောက်ကို တွေ့ရင်ကို ဓါးတွေ လှံတွေနဲ့ ၀ိုင်းလိုက်ကြ၊ မမေးမမြန်းပဲ သတ်ကြ ဖြတ်ကြတာတွေအထိ ရှိခဲ့ဖူးတယ်။ BIAတပ်တွေကပဲ ရောက်လေရာ အရပ်မှာ မြို့ပြ အုပ်ချုပ်ရေးကို တာဝန်ယူရတယ်။ အဲလို တာဝန်ယူတော့ အင်္ဂလိပ်ခေတ်တုန်းက အင်္ဂလိပ်နဲ့ အကြောင်းအပေါင်းသင့်ပြီး ချမ်းသာလာသူတွေ အင်္ဂလိပ်လက်ထက်တုန်းက ရာထူးရာခံရှိသူတွေကပဲ မြို့ပြအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ကြတယ်။ တချို့ဒေသတွေမှာ BIAတပ်မှူးတွေကို ခါးပိုက်ထဲ ကောက်ထည့်လိုက်တဲ့ အထိ ရှိခဲ့တယ်။ နိုင်ငံရေးစားဖားကြီးတွေလို့ ဆိုရမယ်။ ငွေ၊ ဂုဏ်၊ အာဏာ အမြဲရှိကြတယ်။
မြန်မာပြည်ကို ၀င်လာတဲ့ ဂျပန်တပ်မကြီး၃ခုဟာ တိုက်ရည်ခိုက်ရည်နဲ့ ရဲရင့်မှုပြည့်ဝလှပေမယ့် အုပ်ချုပ်ထောက်ပံ့မှု ညံ့ဖျင်းမှုကြောင့် အိန္ဒိယနိုင်ငံ၊ အင်ဖာလွင်ပြင်မှာ စစ်ရှုံးတယ်။ နောက်တော့ မဟာမိတ်တပ်တွေ မြန်မာပြည်ကို ပြန်ဝင်လာတယ်။ ဂျပန်တွေ ယိုးဒယားနိုင်ငံထဲကို ဆုတ်ပြေးတယ်။ ၃ပုံ၁ပုံလောက်ပဲ ယိုးဒယားထဲကို ပြန်ရောက်တယ်။ ကျန်တာတွေက ဆုတ်ရင်း ပြေးရင်းနဲ့ စစ်တောင်းမြစ်ဝှမ်းမှာ သေကြတယ်။

အင်္ဂလိပ်တွေ(မဟာမိတ်တွေ)ပြန်ဝင်လာတော့လည်း မြို့ပြအုပ်ချုပ်ရေးကို ပြန်ထူထောင်ကြတယ်။ သူတို့ရဲ့ လူဟောင်းတွေကိုပဲ ရာထူး၊ရာခံပေးပြီး နေရာပေးတယ်။ အဲဒီလူတွေဟာ BIAခေတ်မှာလည်း နေရာရခဲ့ကြတယ်။ အင်္ဂလိပ်သခင်ကြီးတွေ ပြန်ဝင်လာတော့လည်း နေရာရတာပဲ။

တဖန် လွတ်လပ်ရေးရအပြီး ဖဆပလခေတ်မှာလည်း အဲဒီလူတွေက ရှင်သန်ပြန်တယ်။ တချို့ဆို ဖဆပလမှာ နေရာကောင်းတွေအထိ ရကြတယ်။

ပြန်ဖတ်ကြည့်အုံးနော်။ BIAခေတ်၊ အင်္ဂလိပ်ပြန်ဝင်လာတဲ့ခေတ်၊ လွတ်လပ်ရေးရအပြီး ဖဆပလခေတ်။.ခေတ်၃ခု ဆက်တိုက် ရှင်သန်ကြတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ်၆၀လောက်က အခြေအနေတွေ။ အခုကလည်း အဲလိုတွေ ရှိတာပဲ။

တပ်မတော်အစိုးရလက်ထက်မှာ တပ်နဲ့ အကြောင်းအပေါင်းသင့်ပြီး ချမ်းသာလာသူတွေ ဒုနဲ့ဒေးပဲ။ တပ်မတော်က အရပ်ဘက်အုပ်ချုပ်ရေးကို တာဝန်ယူတာမို့ BIAခေတ်တုန်းကလိုပဲ ခါးပိုက်ထဲ ကောက်ထည့်ခံလိုက်တဲ့ အရာရှိကြီးတွေလည်း အများကြီးပဲ။ ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးကို ဖျက်သိမ်းလိုက်တော့ ပိုဆိုးလာတယ်။ ၂၀၀၄နောက်ပိုင်းမှာ ပိုဆိုးလာတာပေါ့။ ခေတ်ပျက်သူဌေးတွေ ဒင်းကြမ်းပဲ။ ထောက်လှမ်းရေးပျက်တော့ ကြံ့ခိုင်ရေးအသင်းလည်း ပိုထိပ်ရောက်လာတယ်။ ပါဝါပိုမြင့်လာတယ်။ ကြံ့ခိုင်ရေးနဲ့လည်း ပေါင်းကြတာပဲ။

နောက်တော့ ၂၀၁၀ရွေးကောက်ပွဲ။ NLDက ရွေးကောက်ပွဲ သပိတ်မှောက်သမို့ နှစ်ဘက်ခွတာတွေ ဘာတွေ သိပ်မရှိကြသေးဘူး။ ရှိလာတာက ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကို NLD၀င်တော့ ရှိလာကြတာပဲ။ အရင်ခေတ်တုန်းက လာသမျှ တိုင်းမှူးရှေ့မှာ ဟုတ်ကဲ့ .. အဘဆိုပြီး လက်ကလေးနောက်ပစ်၊ ခါးညွတ်ခဲ့တဲ့လူတယောက်ဆို ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ NLDအောင်နိုင်ရေးအဖွဲ့ထဲ ပါလာတာကိုတောင် မြင်ဖူးသေးရဲ့။

ကြားဖြတ်ရွေးကောက်ပွဲကို NLDလည်း နေရာပြည့်နီးပါးနိုင်သွားကော NLDမှ NLDကြတယ်။ NLDရုံးဟူသမျှဟာ စည်းကားသိုက်မြိုက်နေတာပဲ။ အဲဒီလို ၀ိုင်းလာကြတဲ့ လူတွေထဲက တ၀က်လောက်က အရင်ခေတ်တွေတုန်းက တပ်နဲ့၊ ထောက်လှမ်းရေးနဲ့၊ ကြံ့ခိုင်ရေးနဲ့ ပေါင်းခဲ့၊ ချမ်းသာခဲ့ကြသူတွေပဲ။

တချို့ဒေသတွေဆို အတော်လေးကို ဆိုးဝါးတယ်။ အနှစ်၂၀လောက် ဘ၀ပျက်ခံ၊ ထောင်ကျခံပြီး NLDအတွက် အလုပ်လုပ်ခဲ့ကြသူတွေက ဘေးရောက်သွားပြီး ၂၀၁၂နောက်မှ ၀င်လာကြသူတွေက နေရာဝင်ယူကြလေရဲ့။ စိတ်မကောင်းစရာပါ။ အမတ်နေရာမှန်းနေကြသူတွေကလည်း ရိုက်သတ်လို့ မကုန်ဘူး။

အခုအတိုင်းက ဒေါ်အောင်ဆန်းစုကြည်ရှိနေတုန်းတော့ ထိန်းထားနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်မရှိတော့ရင်တော့ ကွဲကြ၊ ပြဲကြ၊ ဆဲကြ၊ ကလော်ကြပြီး NLDဟာ ပျက်စီးလိမ့်မယ်။

တကယ် စေတနာမှန်ကို ပြောရရင်တော့ NLDကို ဆက်လက်တည်တံ့နေစေချင်ပါတယ်။ ဒီမိုကရေစီသက်တမ်းရင့်မာလာတဲ့အခါမှာ အမေရိကားမှာလိုပဲ အဓိက အင်အားကြီး ပါတီကြီး၂ခု(ပြည်ခိုင်ဖြိုးနဲ့NLD)နဲ့ တခြားပါတီငယ်တွေ ရှိပေါ့။ ပြည်ခိုင်ဖြိုးတခုထဲ အင်အားကြီးပြီး ကျန်ခဲ့ရင်လည်း မကောင်းနိုင်ဘူးကိုး။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါအုံးမယ်။ NLDကို အဓိက မကြိုက်ရတဲ့အချက်က NLDက လူအများစုဟာ တပ်မတော်ကို သွားပြီး တိုက်ခိုက်နေတတ်တာကိုပဲ။

ဒါဟာ လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့နိုင်ငံရေးရဲ့ မဟာ့မဟာအလွဲကြီးပဲ။ အခုထိလွဲနေကြတုန်းပဲ။ တပ်မတော်အစိုးရအုပ်ချုပ်နေတုန်းက တပ်မတော်ကို တိုက်ခိုက်ကြတာကို လက်ခံပါတယ်။ ပြည်သူက ရွေးချယ်ထားတဲ့အစိုးရမဟုတ်ဘူးဆိုတဲ့ တချက်နဲ့တင် ငါနဲ့ပဲ ကိုင်တုပ်တုပ်၊ လက်နက်ကိုင် သူပုန်ထထ၊ ဆန္ဒပဲ ပြပြ၊ နိုင်ငံခြားမှာပဲ အတင်းပြောပြော၊ လက်ခံပါတယ်။

ဒါပေမယ့် အခုက ခေတ်ပြောင်းနေပြီလေဗျာ။ သေချာတွေးကြည့်ရင် ခေတ်ကို နောက်ပြန်ဆွဲနေကြတာက အဲဒီNLDက လူအများစုပဲ။

အခုက အရပ်သားအစိုးရအုပ်ချုပ်နေပြီ။ အရင်ခေတ်ကလို တပ်မတော်က အုပ်ချုပ်ရေးထဲ မပါတော့ဘူး။ ခင်ဗျားတို့ မျက်စိမှိတ်အော်မနေနဲ့။ ပတ်ဝန်းကျင်ကိုလည်း ကြည့်ကြအုံး။

ဥပမာပြောပြမယ်။ အရင်က ကန့်ဘလူကို တိုင်းမှူးလာတယ်ဆိုရင် အကုန်လုံး ပြာယာခတ်နေရတယ်။ တိုင်းမှူးယဉ်တန်းကလည်း တခမ်းတနားပဲ။

လွန်ခဲ့တဲ့ ၃နှစ်လောက်က ကား၃စီး မြို့လယ်လမ်းက ဖြတ်သွားတယ်။ ဘယ်သူပါလိမ့်လို့ တွေးနေတာ။ ညနေရောက်မှ အသိရဲတယောက်ကို အဲဒီကား၃စီးက ဘယ်သူတွေလဲလို့မေးတော့ တိုင်းမှူးတဲ့။

အဲဒီလို ပြောင်းလဲနေပါပြီ။ တပ်ဟာ အရပ်ဘက်နဲ့ လုံးဝ ကင်းကွာသွားပါပြီ။

နိုင်ငံရေးသမားတွေရဲ့ ပန်းတိုင်ဟာ တိုင်းပြုပြည်ပြုလုပ်ဆောင်ဖို့ မဟုတ်ပဲ .. တပ်မတော်ကို တိုက်ခိုက်ဖို့ပဲ ဖြစ်နေကြတာကို ပြင်သင့်ပြီ။

တောထဲ ပြန်ဝင်သွားနေတဲ့ ကျားကို အမြှီးလိုက်မဆွဲကြပါနဲ့။

ဥက္ကရွှေဝင်း

No comments:

Post a Comment