Monday, May 18, 2015

မြန်မာယူ ၂၀ နည်းပြချုပ် မစ္စတာဂတ်ဖရိုင်းဒရစ်ခ်ျ နှင့် မေးမြန်းချက်များ

May 16, 2015
နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲ ကို မေလ ၃၀ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်ရာ မြန်မာ့ဘောလုံး သမိုင်းတစ်လျှောက် ပထမ ဦး ဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာယူ ၂၀ ဘောလုံးအသင်း ၏ ပြင်ဆင် ထားမှု နောက်ဆုံးအခြေအနေကို သိရှိနိုင်ရန် ဂျာမနီနိုင်ငံသား နည်းပြချုပ် မစ္စတာဂတ်ဖရိုင်း ဒရစ်ခ်ျကို The Voice က တွေ့ဆုံ မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

 ကမ္ဘာ့ဖလားပြိုင်ပွဲကို အဆင့်မီမီ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဥရောပကို နှစ်ကြိမ်ထွက် လေ့ကျင့်ခြေစမ်း မှုတွေပြုလုပ်ခဲ့တယ်။ အဲဒီခြေစမ်းလေ့ကျင့်မှု ခရီးစဉ် တွေကနေ အသင်းအတွက် ဘယ်လို အကျိုး
အမြတ် တွေ ရခဲ့လဲ။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ကျွန်တော့်အနေနဲ့ ပထမအကြိမ်ကို ပိုမိုအားရတယ်။ ဒုတိယအကြိမ် ခရီးစဉ်က ရှည်လည်း ရှည်တယ်။ သွားတဲ့နေရာလည်း များတယ်။ နောက်ပြီး ကစားသမားတွေ အနေနဲ့ အိမ် သတိရတာတွေ၊ အစားအသောက် ပြဿနာတွေကြောင့်လည်း သူတို့ စိတ်အနှောင့်အယှက် ဖြစ် တာတွေ ရှိတယ်။ အခုချိန်မှာတော့ ကစားသမားတွေ အနေနဲ့ မိသားစုတွေနဲ့ တွေ့ခွင့်ရထား တယ်။ အသင်းအတွေ့အကြုံ တွေကိုတော့ ကျေနပ်မိတယ်။ အသင်းကောင်းတွေနဲ့လည်း ကစား ခွင့်ရခဲ့တယ်။ အသင်းလိုက် ကစားပုံတွေ စနစ်တကျ လေ့ကျင့်ခွင့် ရခဲ့တဲ့အတွက် ကျေနပ်စရာပါ။

Voice : မြန်မာအသင်းက ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရထားတဲ့အသင်း သုံးသင်း (ဖီဂျီ၊ ဆားဘီး ယား၊ ဟန်ဂေရီ) တို့နဲ့ ခြေစမ်းကစားခဲ့တယ်။ ဒါပေမဲ့ သမုဒ္ဒရာပိုင်းက ဖီဂျီအသင်းကိုပဲ နိုင်တယ်။ အုပ်စုတွင်းမှာ ကစားရမယ့် အသင်းတွေနဲ့ ဆင်တူတဲ့ ဥရောပက ဆားဘီးယား၊ ဟန်ဂေရီတို့ကို ရှုံးခဲ့တဲ့ အတွက် ပြိုင်ပွဲမှာ ရုန်းကန်ရမလား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ဥရောပနှစ်သင်းက ကျွန်တော်တို့နဲ့ အဆင့်ချင်းမတူဘူး။ သူတို့ခြေစွမ်းနဲ့ ကစား ပုံက ကျွန်တော်တို့ထက် ပိုကောင်းလို့ ချီးကျူးရမှာပါ။ ဆားဘီးယားဆိုရင် သူတို့အသင်းကို လိဂ်-၁ မှာ ထည့်သွင်း ယှဉ်ပြိုင်စေသလို ဟန်ဂေရီဆိုရင်လည်း ဥရောပမှာ ထွက်ကစားနေတဲ့ ကစားသ မားတွေ ကို အဓိကထားပြီး ဖွဲ့စည်းထားတာပါ။ အဲဒီအချက်တွေက ကျွန်တော်တို့ထက် သာတာ ကို တွေ့ရတယ်။ ဖီဂျီကတော့ အဲဒီအသင်းတွေနဲ့ နှိုင်းယှဉ်ပြောပလောက်တဲ့ အသင်းမဟုတ်ဘူး။ ကျွန်တော်တို့ တကယ့် ပြိုင်ပွဲမှာ ယူကရိန်းနဲ့ ကစားဖို့ရှိတယ်။ ဥရောပမှာတုန်း က ယူကရိန်း အဆင့်မြင့် ကလပ် ရှက်တာဒိုးနက် အသင်းနဲ့ ကစားဖူးလို့ သူတို့အထာကို သိနေတယ်။ ဟန်ဂေရီနဲ့ ယူကရိန်းတို့က ကစားပုံချင်းတူကြပေမယ့် မတူတာလေးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အတွက်တော့ သူတို့နဲ့ ခြေစမ်းခွင့်ရခဲ့လို့ သူတို့ဆီက အတွေ့အကြုံတွေ ရခဲ့ပါတယ်။

Voice : အခုယူ ၂၀ အသင်းက အာရှယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲက ကစားသမားအများစုကို အဓိက ထား ဖွဲ့စည်းထားတဲ့အသင်း ဖြစ်တယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲအပြီးမှာ ကစားသမားအချို့ အပြောင်း အလဲဖြစ်ခဲ့တယ်။ ထပ်မံရွေးချယ်ထားတဲ့ ကစား သမားတွေနဲ့ အရင်ကစားသမား အများစု ကို ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ အခါမှာရော အသင်းက ပြောင်းလဲမှုတွေရှိလား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : အာရှပြိုင်ပွဲကစားခဲ့တဲ့ အသင်းမှာကတည်းက ကစားသမားတွေဟာ တိုးတက် မှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က ပြိုင်ပွဲဖြစ်တဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာက မြင့်မားနေ တာကြောင့်ပါ။ အခုဟာက ရေရှည်အတွက် ဆိုတော့ သူတို့လေးတွေရဲ့ တိုးတက်မှုနှုန်း က နှေးနေပါသေးတယ်။ ကစားသမားသစ် ကတော့ အသင်းကို အခုမှရောက်တာ ဖြစ်လို့ အံဝင် ဖို့တော့ လိုသေးတယ်။ ဒါပေမဲ့ သူတို့တွေက ကြိုးစားကြလို့ တိုးတက်လာမှာပါ။

Voice : အာရှချန်ပီယံရှစ် ယှဉ်ပြိုင်နေစဉ်မှာ အသင်းအတွက် အဓိကကစားနိုင်တဲ့ ဒေါင်ဒေါင်မြည် ကစားသမားက ၁၆ ဦးပဲရှိတယ်လို့ ပြောခဲ့ဖူးတယ်။ အခုချိန်မှာရော အဲဒီကစားသမား အရေ အတွက် ထက် ပိုတဲ့ ကစားသမား အင်အားကို ပိုင်ဆိုင်နေပြီလား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ကျွန်တော်တို့ဆီမှာ ပါရမီအရရော ခြေစွမ်းရောကောင်းတဲ့ အမြဲတမ်း ပုံမှန် ပွဲထွက်နေတဲ့သူ ခုနစ်ဦးပဲရှိတယ်။ ကျန်တဲ့ကစားသမားတွေကလည်း ထူးချွန်ကြပါတယ်။ အရည် အချင်း ပိုင်းကလည်း မတိမ်းမယိမ်းပါပဲ။ အဲဒီတော့ ခုနစ်ဦးကို အဓိက ဦးတည်မယ်။ ကျန်တဲ့ ကစားသမားတွေကဝန်းရံမယ်။သူတို့မှာလည်းဒဏ်ရာသာမရှိခဲ့ဘူးဆိုရင်ဝန်းရံနိုင်တယ်။ ဘောလုံးကစားတဲ့ အရည်အချင်းပိုင်းအရ အတူတူပဲမို့ အရမ်းမကွာဟတော့ဘူးလို့ မြင်တယ်။

Voice : ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရတော့မယ့် မြန်မာယူ ၂၀ အသင်းရဲ့အားနည်းချက်၊ အားသာ ချက်တွေက ဘာတွေလဲ။ အသင်းမှာ လက်ရှိရွေးထားတဲ့ ကစားသမား တွေရဲ့ ခြေစွမ်းတွေ အပေါ် မှာ ဘယ်လို သုံးသပ်ချင်သလဲ။

ဂတ်ဖရိုင်းဒရစ်ခ်ျ : အားသာချက်ကတော့ အသင်းလိုက် (Team Work) ပါပဲ။ တိုက်စစ်ကို လိုက် ပါတဲ့ အချိန်မှာလည်း အသင်းလိုက် စုစုစည်းစည်းနဲ့ ကစားနိုင်တယ်။ ပြိုင်ဘက်က ဖိအား ပေးလာ ရင်တောင် ကိုယ့်ဘက်က စုစည်းမှုကောင်းကောင်းနဲ့ ဆိုတော့ အကောင်းဆုံး တုံ့ပြန်နိုင်တယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းတော့ အားနည်းနေတယ်။ နောက်တစ်ခုကတော့ ခံစစ်ပိုင်းပါ။ အဲဒါ ကတော့ တစ်ဦးချင်း အာရုံစိုက်တာ အားနည်းမှုပေါ့။ ပေးရတဲ့ ဂိုးအများစုကလည်း လက်ဆောင် လိုဖြစ်နေ တာကို တွေ့ရတယ်။ ဒါပေမဲ့ အဲဒီအမှားတွေက ပြင်ဆင်လို့ရတဲ့ အတွက် လက်ကျန် အချိန်မှာ ပြင်ဆင်မှုတွေ လုပ်သွားမှာပါ။

Voice : လက်ရှိမှာအသင်းက ကစားသမားအချို့ ဒဏ်ရာရနေကြတယ်။ တကယ်လို့များ ပြိုင်ပွဲအတွင်းမှာ အဓိကကစားသမား အချို့ ထပ်ပြီး ဒဏ်ရာရခဲ့မယ် ဆိုရင် အစားထိုးဖို့အ တွက် ပြင်ဆင်ထားတာရှိလား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ကျွန်တော်တို့အတွက် အဓိက အခက်အခဲတစ်ခုပါပဲ။ တကယ်လို့ပေါ့လေ ပြိုင်ပွဲ အတွင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ နန္ဒကျော်၊ အောင်သူ အစရှိတဲ့ ကစားသမားတွေသာ ဒဏ်ရာရခဲ့မယ်ဆိုရင် သူတို့နေရာ အစားထိုးဖို့ လူလဲစရာမရှိဘူး။ အခြားကစားသမားလဲလို့ ရပါတယ်။ ဒါပေမဲ့ အရည်အချင်းပိုင်းမှာတော့ မတူညီနိုင်ပါဘူး။

Voice : ကစားသမား အစားထိုးဖို့ မလုံလောက်ဘူး ဆိုတော့ ပြိုင်ပွဲရဲ့ရလဒ်ပိုင်းကို ထိခိုက်စေနိုင် တယ်လို့ ဆိုလိုတာလား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : တကယ်လို့ အဲဒီလိုသာဖြစ်ခဲ့မယ် ဆိုရင်တော့ အသင်းရဲ့ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ ထိခိုက်စေမှာပါ။

Voice : လက်ရှိအချိန်မှာ ဒဏ်ရာရနေကြတဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ သန်းပိုင်နဲ့ ငြိမ်းချမ်းအောင် တို့ရဲ့ အခြေအနေကရော။ သူတို့ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကစားနိုင်ပါ့မလား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : နှစ်ယောက်စလုံး ဒဏ်ရာရပုံချင်းက မတူညီဘူး။ အကောင်း ဆုံးတော့ ပြင် ဆင်ထား တယ်။ အရိုးအကြော ဆရာဝန်တွေနဲ့ပါ ပြပြီးတော့ အမြန်ဆုံး ပျောက်ကင်းအောင် ကုသနေတယ်။ နှစ်ယောက်စလုံးရဲ့ ဒဏ်ရာကပြင်းထန်ပေမယ့် အခုတော့ တိုးတက်လာတာ ကို မြင်နေရပြီ။ သူတို့ကို အချိန်တစ်ခုပေးရမယ်။ မီဖို့တော့ များပါတယ်။ ရာခိုင်နှုန်းတွေနဲ့တော့ မပြောနိုင်ဘူး။ အမြန်ဆုံး ပျောက်ဖို့ဆိုတာက ကုသမှုတင်မကဘဲ ကစားသမားရဲ့ ကိုယ်ခံအား၊ စိတ် ဓာတ်တွေနဲ့လည်း ဆိုင်နေတဲ့အတွက် ဘယ်အချိန်ပျောက်ဖို့ဆိုတာ အတိအကျ ပြောမရဘူး။

Voice : အနားယူခွင့် ပေးထားတဲ့ရက် ပြည့်သွားပေမယ့်အသင်းနဲ့ပူးပေါင်းမှု နောက်ကျခဲ့ တဲ့ နောက် ခံ ကစားသမား သီဟထက်အောင်ကိုရော အရေးယူဖို့ ရှိလား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : သီဟထက်အောင်က ရင့်ကျက်ဖို့ လိုသေးတဲ့ ကစားသမားပေါ့။ ခွင့်ပေး ထားတဲ့ရက်ကိုအခြားနေရာသွားတယ်။ ပြန်မလာဘူး။အဲဒါကအသင်းရဲ့စည်းကမ်းရော အဖွဲ့ချုပ်ရဲ့ စည်းကမ်းကိုရော ဖောက်ဖျက်တာ။သူ့ကိုအပြစ်ပေးဖို့ပြင်ဆင်ထားတယ်။သူရထားတဲ့ ခံစားခွင့်တွေ ကို ရပ်ဆိုင်းထားမယ်။ ထုတ်ခွင့်မပြုတော့ဘူး။ သူရဲ့ အမူအကျင့်တွေ (ဥပမာ - စိတ်ဓာတ်ပိုင်းဆိုင် ရာရော၊ ခြေစွမ်းပိုင်းရော) တိုးတက်ပြောင်းလဲလာမှပဲ ခံစားခွင့်ထဲက အချို့ကို ပေးမယ်။ စည်း ကမ်း က စည်းကမ်းပဲ။ တကယ်လို့သာ မပြောင်းလဲဘူး ဆိုရင်တော့ လုံးဝမပေးဖို့ စီစဉ်ထားတယ်။

Voice : အသင်းစည်းကမ်းကို ဖောက်ဖျက်တဲ့သူကို အသင်းကနေ ထုတ်ပယ်ဖို့အထိ စီစဉ်ထား တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်။ အဲဒါကရော ဟုတ်ပါသလား။ အခုလို ဖြစ်ရပ်မျိုးကြောင့် အသင်းသားတွေ အကြား စည်းလုံးမှုပိုင်းကို ရိုက်ခတ်မှုရှိနိုင်လား။

ဂတ်ဖရိုင်းဒရစ်ခ်ျ : အဲဒီလို နောက်ကျနေတဲ့အတွက် သူ့ကိုထုတ်ဖို့ ကျွန်တော်တို့ အကြောင်းကြား မှုတွေ လုပ်ခဲ့ရတယ်။ သတ်မှတ်ထားတဲ့ရက်သာ မလာရင် ထုတ်မလို့ဘဲ။ ဒါပေမဲ့ သူအရောက် လာခဲ့ပါတယ်။ တကယ်လို့သာ မလာဘူးဆိုရင်တော့ ဒီ (မြန်မာနိုင်ငံ) မှာလည်း ကစားခွင့်ရမှာ မဟုတ်တော့ဘူး။ အခုလို ဖြစ်ရပ်မျိုးကြောင့်တော့ အသင်းကို မရိုက်ခတ်ပါဘူး။ သူက ရိုးပါတယ်။ ကျွန်တော်နဲ့လည်း အဆင်ပြေတယ်။ တခြားကစားသမားတွေကလည်း သူလိုမျိုး ပြုမူကြမှာ မဟုတ် ပါဘူး။

Voice : မြန်မာ့လက်ရွေးစင် အသင်းတွေရဲ့ ကစားသမားတွေဟာ ကွင်းအတွင်းမှာ မလိုလား အပ်တဲ့ အပြုအမူတွေကြောင့် အထုတ်ခံရတာတွေ ရှိခဲ့တယ်။ လူအင်အားလျော့ပြီး ရလဒ်ပိုင်းပါ ထိခိုက်စေခဲ့တာ မျိုးဖြစ်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့တယ်။ ယူ ၂၀ အသင်းကိုရော အဲဒီလိုအပြု အမူတွေ မဖြစ်ဖို့ ဘယ်လိုစီစဉ် သင်ကြားထားလဲ။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ကျွန်တော်တို့မှာ ကစားခဲ့တဲ့ ပွဲတွေရဲ့ ဗီဒီယိုအခွေတွေ ရှိပါတယ်။ အဲဒါတွေကို ကစားသမားတွေကို သူတို့ ပြစ်ဒဏ်ကျူးလွန်တာတွေက အစပြန်ပြပြီးတော့ နောက်တစ်ခါ မဖြစ်စေ ဖို့ အတွက် ဥက္ကဋ္ဌရော၊ အသင်းနည်းပြတွေကပါ မကျူးလွန်ဖို့အတွက် သင်ကြားပြောဆို မှုတွေ လုပ်ထား တယ်။

Voice : မြန်မာယူ ၂၀ အသင်းကို အဖွဲ့ချုပ်က ထောက်ပံ့ပေးမှုတွေမှာ ဘာလိုအပ်ချက်တွေ ရှိလဲ။ ကစားသမားတွေရဲ့ အသင်းဂျာစီအတွက် အဆင်မပြေ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ်မှာရော ဘာပြောချင်လဲ။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ဥက္ကဋ္ဌရဲ့ ပံ့ပိုးမှုက ပြောစရာမရှိအောင် ကောင်းပါတယ်။ တချို့နေ ရာ တွေ မှာတော့ လုပ်ဆောင်တာတွေ နောက်ကျတာတော့ ရှိတယ်။ ဒီနေ့မနက် (မေ ၁၂) မှာတော့ တချို့ ပစ္စည်းတွေ ရနေပြီလို့ ပြောတယ်။ ကစားသမားတွေအတွက် လောလောဆယ်မှာ ခရီးစဉ်အတွက် ယူဖို့ ပစ္စည်းတွေတော့ မရသေးဘူးပေါ့။ ရောက်နေပြီလို့တော့ ကြားတယ်။

Voice : အုပ်စုတွင်း ယှဉ်ပြိုင်ရမယ့် အသင်းတွေ အပေါ်မှာ ဘယ်လောက်ထိ လေ့လာထားလဲ။ ပြိုင်ဘက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်ပေးပါဦး။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ဒီအုပ်စုမှာတော့ အမေရိကန်ဟာ တစ်ဦးချင်းမှာ ကျွန်တော်တို့ထက် ပိုကောင်း တဲ့ အတွက် ကျွန်တော်တို့က အသင်းလိုက်စုဖွဲ့မှုနဲ့ ကစားမယ်။ ယူကရိန်းကတော့ ကြံ့ခိုင် မှုပိုင်း ပိုတောင့်တယ်။အသင်းကလည်း စုဖွဲ့မှုကောင်းတဲ့ အတွက် အဲဒီပွဲက အသင်း လိုက်စုဖွဲ့မှု ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ကျွန်တော်တို့နဲ့ ပြိုင်ရမယ်။ နယူးဇီလန်ကတော့ အိမ်ရှင်ဖြစ်တဲ့ အားသာ ချက် က ရှိပြီးသား။ ကျွမ်းကျင်မှု ပိုင်းမှာတော့ ကျွန်တော်တို့က သာတယ်။ သူတို့က လူကောင်ကြီး တယ် သန်မာတဲ့အတွက် အဲဒီအချက်ကို ချေဖျက်ဖို့ ကြိုးစားရမယ်။

Voice : မြန်မာ့ဘောလုံး အသိုင်းအဝိုင်း ကတော့ မြန်မာအသင်း နောက်တစ်ဆင့် တက်မယ်လို့ ခန့်မှန်းထားကြတယ်။ နည်းပြချုပ်တစ်ယောက် အနေနဲ့ရော နောက်တစ်ဆင့် တက်မယ်လို့ ယုံကြည်လား။

ဂတ်ဖရိုင်းဒရစ်ခ်ျ:ကျွန်တော့်ရည်မှန်းချက်ကကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ လေးပွဲက စား နိုင်ဖို့ပါပဲ။ အုပ်စုပွဲ သုံးပွဲရယ်၊ နောက်တစ်ပွဲရယ်ပါ။ ဘယ်လိုနေရာကပဲ ဖြစ်နေဖြစ်နေ လေး ပွဲကစားရဖို့က အဓိကပါပဲ။

Voice : သြစတြေးလျခရီးစဉ် အတွက် ပြင်ဆင်မှု အသေးစိတ်ကရော။

ဂတ်ဖရိုင်းဒရစ်ခ်ျ : ကျွန်တော်တို့ ခြေစမ်းပွဲ သုံးပွဲ ကစားမယ်။ အသင်းတွေကတော့ အဖွဲ့ချုပ်က ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်။ ဟိုမှာ နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းအတွက် လေ့ကျင့်မှုတွေ လုပ်မယ်။ ကျွန်တော်နဲ့ ချိတ်ဆက်ထားတာက ကာတာယူ ၂၀ အသင်းပါပဲ။ အဖွဲ့ချုပ်ချင်း ညှိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။

Voice : မြန်မာဘောလုံးပရိသတ်တွေက မြန်မာ့ဘောလုံး သမိုင်းတစ်လျှောက် ပထမဦးဆုံးအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာ ယူ ၂၀ အသင်းကို အရမ်းအားပေးကြတယ်။ နည်းပြချုပ် တစ်ယောက်အနေနဲ့ ဘာများပြောချင်လဲ။

ဂတ်ဖရိုင်းဒရစ်ခ်ျ : မြန်မာအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဟာ မြန်မာ့ဘော လုံးလောက အတွက် အမြင့်ဆုံးဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အများကြီး မမျှော်လင့်စေ ချင်ဘူး။ အသင်းတိုင်းကို နိုင်မယ်လို့ မမျှော်လင့်ထားကြပါနဲ့။ အာဖရိကတို့၊ တောင်အမေရိကနဲ့ ဥရောပကအသင်းတွေကို ယှဉ်ကစားနိုင်ဖို့ဆိုတာ မလွယ်ကူဘူးလေ။ အကောင်းဆုံးတော့ ကြိုးစားခဲ့မယ်။ မြန်မာအသင်းက လက်လျှော့ အရှုံးပေးခဲ့တာမျိုး မဖြစ်စေရဘူးလို့ ကတိပေးတယ်။

စည်သူအောင်မျိုးကျော်

No comments:

Post a Comment