Tuesday, October 15, 2013

စတုတ္ထမဏ္ဍိုင်အတွက် ပေါ်ပေါက်လာတဲ့ ပဉ္စမ မဏ္ဍိုင်လေလား???

ကျနော် သာဗြောတစ်ယောက် အိမ်မှာ
 ကော်ဖီတစ်ခွက် သတင်းစာတစ်စောင်နဲ့
 ဇိမ်ယူနေခိုက် အာဘောတစ်ယောက် ကျနော့် အိမ်ကို ရောက်ချလာသည်။
အာဘော။ ဟေး သာဗြော. ဘာတွေလုပ်။ အံမယ် ကိုယ့်လူက ဇိမ်ကျနေပါလား။
သာဗြော။ အေး ဇိမ်ကြဆို ဒီနေ့ ကိုယ့်အားလပ်ရက်လေကွယ်။ ဆို ဘာကိစ္စ။
အာဘော။ ထူးထူးထွေထွေ မဟုတ်ပါဘူးကွာ။ အိမ်မှာ မဟေသီတစ်ယောက် ပူညံပူညံလုပ်နေတာနဲ့ နားမခံနိုင်တော့လို့ မင်းဆီထွက်လာတာ။
သာဗြော။ အေးကွာ... ငါတို့လည်း ဟိုတစ်ခေါက် လွှတ်တော်ကိစ္စပြောပြီးတည်းက မတွေ့တော့တာ။
အာဘော။ အေးကွ.. ဒီကြားထဲ သတင်းတွေကတော့ တော်တော်ဂယက်ရိုက်သွားတယ် ငါ့မောင်။
သာဗြော။ ဆိုပါအုံး အာဘောရ။
အာဘော။ မင်းလည်း သတင်းတွေဖတ်နေတာ သိမှာပါ။ ဟိုကွာ ၁၁ ဘီလီယံတို့။ လူတွေ အရူးလုပ်တာတို့။အခြေခံဥပဒေ ပြင်မယ်တို့။
သာဗြော။ အေးဟုတ်ပါ့ အာဘောရေ အဲကိစ္စတွေက တော့ တော်တော် ဂယက်ရိုက် ခဲ့တာ ပဲ။ နောက်ကျန် ပါသေးတယ်တို့ သမ္မတကြီး အာဆီယံဥက္ကဋ္ဌ ဖြစ်သွားတာ။ နောက် ဟိုအလှမယ် ကိစ္စလေး တော်တော်နာမည်ကြီးသွား တယ်ဟေး။
အာဘော။ ဘာလဲ ပြိုင်ကားစီးတဲ့ ကောင်မလေးလား။
သာဗြော။ ဟုတ်ပါ့ ကိုယ့်လူ အစုံပါပဲကွာ သတင်းစုံ အတင်းစုံနဲ့ တော်တော်ဂယက်ရိုက်သွားတာပါပဲ။
အာဘော။ ဟုတ်တယ် ကိုယ့်လူ ငါ့မလဲ သတင်းစာပေါင်းစုံ ၀ယ်ဖတ်လိုက်ရတာ လက်ဖက်ရည် ဖိုးတောင် မိန်းမကိုမနည်းတောင်းရတာ ဟ..ဟဟ။ ဒါနဲ့ ငါတစ်ခုတော့ စိတ်ဝင်စားတယ်ကွ။ ဟို ၁၁ ကြီးက စရေးတဲ့ ၁၁ ဘီလီယံဆိုတာလေ။
သာဗြော။ အင်း အကောင့် ၅ ခုနဲ့ ၁၁ ဘီလီယံ တို့နိုင်ငံမှာ ရှိတယ်ဆိုပဲ။ အစိုးရ အဲလောက် ချမ်းသာမယ်လို့ ငါတော့ မထင်ပေါင်။ 
အာဘော။ အေး အဲတာကိုပဲပြောချင်တာ။ ၁၁ ကြီးက ဖွလိုက်တာ အဲကိစ္စ လွှတ်တော်မှာတောင် အစိုးရက လိုက်ရှင်းရတယ်ကိုယ့်လူရေ။ အစကတော့ ငါလည်း ၀မ်းသာနေတာ ဒီလောက်ပိုက်ဆံများတာ ငါတို့နိုင်ငံတယ်ဟုတ်ပါလား။ အကြွေးတွေလည်းဆပ်နိုင်တော့ မယ်ပေါ့။ နောက်တော့မှ ရှင်းလင်းချက်တွေ ချေပချက်တွေ ထွက်လာတော့ တို့ ၁၁ ကြီးကတော့ လုပ်ချလိုက်ပြန်ပြီလို့။
သာဗြော။ အေး အာဘောရ ၁၁ ကြီးက ဖွတာဖြစ်စေ၊ အမှန်ဖော်ထုတ်တာဖြစ်စေ ဒီ ၁၁ ဘီလီယံနဲ့ ပတ်သက်လို့နောက်ဆက်တွဲတွေက ခုထိမဆုံးသေးဘူး ကိုယ့်လူ။ ဖတ်လိုက်ရသေးလား။ ရန်ကုန်တိုင်းမ်သတင်းစာမှာ ဆောင်းပါးရှင်စည်သူအောင်မြင့် ပြန်ရေးတဲ့ ဒေါ်လာ ၁၁ ဘီ လီယံ ရှင်းတမ်းဆိုတာလေ။
အာဘော။ ဖတ်လိုက်ရပါ့ ငါ့မောင်။ ခု အဲဆောင်းပါးရှင် ကို ၁၁ ကြီး ကတရားပြန်စွဲလိုက်ပြီဆို။ သူ့ဆောင်းပါးက ဂုဏ်သိက္ခာထိခိုက်စေလို့ ဆိုလားပဲ။
သာဗြော။ ဟုတ်ပါ့။ ရန်ကုန်တိုင်းမ်သတင်းစာနှင့် ဆောင်းပါးရှင်ကို ၁၁ ကြီးက တရားစွဲမယ်လုပ်နေတာ။
အာဘော။ ဒါတော့မဟုတ်သေးဘူးထင်တယ် ကိုယ့်လူ။ ၁၁ ကြီးက ၁၁ ဘီလီယံကိစ္စကို မမှန်ဘဲရေး တယ်ဆိုတာဟိုဆောင်းပါးရှင်က စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီ ပြန်ထောက်ပြထားတယ် လို့ ဆိုတယ် မ ဟုတ်လား။
သာဗြော။ အေး ၁၁ ဘီလီယံ ကိစ္စကတော့ ၁၁ ကြီးက စလိုက်တာ တော်တော်ပွဲဆူသွားတာတော့ အမှန်ပဲ။
အစိုးရခမြာ ဖြေရှင်းချက်တွေ ပြန်ထုတ်ပေးရ။ ရှင်းလင်းရနဲ့ အလုပ်ရှုပ်သွားတယ်မဟုတ်လား။ အစကတော့တို့လို ငမွဲပြည်သူတွေလည်း ၁၁ ဘီလီယံကြီး ဟုတ်နိုးနိုးနဲ့ မစားရပေမယ့် အား ကျနေကြ တာမဟုတ်လား။ခုလို အစိုးရကဖြေရှင်း။ ၁၁ ဘီလီယံနဲ့ ပတ်သက်တဲ့ ရှင်းလင်း ချက်ဆောင်းပါးတွေလည်း ထွက်လာတော့ငါတို့ ခမြာ ဟင် ကနဲ သက်ပြင်းချယုံပဲတတ်နိုင်တာ မဟုတ်လား။
အာဘော။ ဒါတော့ ဟုတ်တယ်ကိုယ့်လူရာ မီဒီယာဆိုတာလည်း အလုံးစုံမယုံရသေးဘူးဆိုတာ ငါတော့ တဖြည်းဖြည်း သိလာရပြီမောင်။ 
သာဗြော။ သူတို့အချင်းချင်း စတုတ္ထမဏ္ဍိုင်တွေ ဆော်ကြနှက်ကြနဲ့ ကြားထဲက ငါတို့ပြည်သူတွေက ဘယ်သူ့ အားကိုးလို့အားကိုးရမှန်းမသိတော့ပါဘူးကွာ။ 
အာဘော။ ခုလည်း ၁၁ ကြီးက တရားစွဲမယ်ဆိုတဲ့ ကိစ္စကို ယာယီဖွဲ့ထားတဲ့ စာနယ်ဇင်းကောင်စီက အတွင်းရေးမှူး ဦးကျော်မင်းဆွေတော့ ပြောရှာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မီဒီယာအချင်းချင်း ညှိညှိနှိုင်းနှိုင်းဆွေးနွေးဖို့ပေါ့။
သာဗြော။ ပြောလည်းပြောချင်စရာပဲလေ ကိုယ့်လူရ။ ပြည်သူအားကိုးရတဲ့ စတုတ္ထမဏ္ဍိုင်ဆိုပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတည့်ကြ ခြေထိုးကြ တရားစွဲကြနဲ့ လုပ်နေတော့ ငါတို့ ကြားက ပြည်သူတွေက ဘာကိုသွား ယုံရမလဲ။ အားကိုးရမလဲ။ 
အာဘော။ ဒီလိုဖြစ်နေရင်တော့ စတုတ္ထမဏ္ဍိုင်လည်း မဟန်ဘူးငါ့မောင်။ နောက်ထပ် ပဉ္စမ မဏ္ဍိုင် ထပ်ပေါ်လာဖို့လိုနေမလားဘဲ။
သာဗြော။ ဘယ်လိုကိုယ့်လူ ပဉ္စမ မဏ္ဍိုင် ဟုတ်လား။ ရှင်းပါအုံး အထူးအဆန်းပါလား။
အာဘော။ ဆန်းတာမဟုတ်ဘူး ငါ့လူ။ လိုအပ်လာတာ။ စတုတ္ထမဏ္ဍိုင် က ဒီလို ပြည်သူတွေအတွက် အားမကိုးရတော့ဘဲ ထင်ရာစိုင်းနေခဲ့ရင်တော့ ပဉ္စမ မဏ္ဍိုင်ကလိုတယ်ငါ့လူ။
သာဗြော။ မင်းဆိုလိုတာ ပဉ္စမ မဏ္ဍိုင်ဆိုတာ စတုတ္ထမဏ္ဍိုင် ကိုထိန်းချုပ်ဖို့လား။
အာဘော။ နိုးနိုး... ထိန်းချုပ်ခိုင်းတာမဟုတ်ဘူး။ တည့်မတ်ပေးတာ။ စတုတ္ထမဏ္ဍိုင် က ရေးချင်တာရေးပါ။
စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီရေးမယ်ဆို ပဉ္စမ မဏ္ဍိုင် ဆိုတာမလိုဘူး။ တကယ်လို့ စာနယ်ဇင်း ကျင့်ဝတ်နဲ့
မညီဘူး။ ကိုယ့်ကိုကိုယ်တာဝန်ယူမှုမရှိဘူးဆိုရင်တော့ ပဉ္စမ မဏ္ဍိုင် ဆိုတဲ့ 
ဆောင်းပါးရှင် စည်သူအောင်မြင့်တို့လို လူတွေ လိုတယ် ကိုယ့်လူ။ စတုတ္ထမဏ္ဍိုင်က ဘာတွေမှားနေလဲ။ 
ဒီအမှားတွေကို ထောက်ပေးနိုင်ရမယ်။ တည့်မတ်ပေးနိုင်ရမယ်။ ထိန်းချုပ်ရမှာ မဟုတ်ဘူး။ တိုက်ခိုက်ရမှာ မဟုတ်ဘူး။

သာဗြော။ ပေါက်ပြီ ကိုယ့်လူရေ ကိုယ့်လူပြောသလိုဆို စတုတ္ထမဏ္ဍိုင်က အမှားရှိခဲ့ရင် သူ့ကို ပဉ္စမ မဏ္ဍိုင်ဆိုတဲ့အဖွဲ့အစည်းမဟုတ်တဲ့ လူတစ်ဦးဦး ပညာရှင်တစ်ဦးဦးက ထောက်ပြဝေဖန်တည့်မတ်ပေးဖို့ ကိုဆိုလိုတာမဟုတ်လား။

အာဘော။ ဒါပဲလေ စတုတ္ထမဏ္ဍိုင်က သမာသမတ်ကျရင် ပဉ္စမ မဏ္ဍိုင် မလိုဘူး။ ဒီလိုမှမဟုတ်ရင် အမှန်ကို
ထောက်ပြပြောဆိုတည့်မတ်ပေးနိုင်တဲ့ သမာသမတ်ကျတဲ့ ပဉ္စမ မဏ္ဍိုင်လူတွေလိုတယ်ငါ့မောင်။ ဒါဟာ တစ်ယောက်အမှားကို တစ်ယောက်ကြည့်ပြီး တိုက်ခိုက်တာလည်း မဟုတ်ဘူး။ အမှန်တရားကိုရောက်အောင် တည့်မတ်ပေးတာ
ပဲဖြစ်တယ် ကိုယ့်လူ။ စတုတ္ထမဏ္ဍိုင် က ပြည်သူတွေ ယုံကြည်အားကိုးရတဲ့အထိ သမာသမတ်ကျနေရင်
ပဉ္စမ မဏ္ဍိုင် ဆိုတာ ရှိကိုရှိမှာ မဟုတ်ဘူး ကိုယ့်လူရေ။

သာဗြော။ ဟ..ဟဟ နားလည်သဘောပေါက်ပါပြီ အာဘောရေ။ မင်းပြောမှပဲ မဏ္ဍိုင်လေးမျိုးကနေ နောက်တစ်မျိုးတိုးပြီးငါးမျိုးဖြစ်လာတော့တယ်။ ဟုတ်ပါပြီ ဟုတ်ပါပြီ ပဉ္စမ မဏ္ဍိုင်ကြီးရယ်။ ဒီကိစ္စဒီမှာပဲ ရပ်ရအောင်။ တော်ကြာဝေဖန်ရေးနဲ့ လေကန်ရေးလုပ်လို့ တို့ပါ 
ကြားထဲက တရားစွဲခံရအုံးမယ် အာဘောရေ။ 

အာဘော။ ဟ..ဟ.. ဟုတ်ပါပြီ ကိုရင်သာဗြောရေ ပဉ္စမ မဏ္ဍိုင်တွေထပ်ပဲ တိုးလာမလား။ 
စတုတ္ထမဏ္ဍိုင်ရဲ့ သမာသမတ်ကျ ပြည်သူတွေရဲ့ယုံကြည် အားကိုးမှုကြောင့် ပျောက်ပဲပျောက်သွားမလား ဆိုတာကတော့...

သာဗြော။ ပိတ်ကားပေါ်မှာ စောင့်ကြည့်ယုံပေါ့ ကိုရင်အာဘောရယ်။ ဟ ....ဟဟ ...ဟ။

No comments:

Post a Comment