Thursday, October 31, 2013

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့

ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်၌ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေး ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
အောက်တိုဘာ ၂၉ ရက် ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးပြီး ပေးပို့ခဲ့သော အဆိုပါ သ၀ဏ်လွှာတွင် လိုင်ဇာ ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် အပါအ၀င် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် တို့ အတွက် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူများကို "တိုင်းရင်းသား ညီနောင်များ"ဟု သမ္မတ ဦးသိန်းစိန်က ခေါ်ဝေါ် သုံးစွဲခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ကချင်ပြည်နယ် လိုင်ဇာ အစည်းအဝေး တွင် ဆွေးနွေး ဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့် ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန် လည် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ချမှတ်နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်တို့အတွက် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါသည်ဟု သ၀ဏ်လွှာတွင် ဖော်ပြခဲ့သည်။
ထို့အပြင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံးက စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ လိုင်ဇာအစည်းအဝေး အောင်မြင်ပါစေကြောင်း သမ္မတက ဆုတောင်းခဲ့သည်။

No comments:

Post a Comment