Monday, December 16, 2013

မြန်မာ့ရွှေ ပြည်ပတရားဝင်တင်ပို့မှု ၂၀၁၄ တွင် စတင်မည်

လာမည့် ၂၀၁၄ ခုနှစ်မှစတင်ကာ ပြည်ပသို့ရွှေကို တရားဝင်တင်ပို့ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော် က ပြောကြား လိုက်သည်။
ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင်ကျင်းပသော မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ဦးသူတော်က အထက်ပါကဲ့သို့ ပြောကြား ခဲ့သည်။
“လာမည့် ၂၀၁၄ ခုနှစ်မှာ တင်ပို့နိုင်အောင် ဆောင်ရွက်သွားမှာပါ။ အိတ်စပို့လုပ်ဖို့အတွက် ဈေးကွက် ဆောင်ရွက်နိုင်မယ့်နေရာကို ရှာနေပါတယ်။ ဒါကိုတော့ အများ ပိုင်ကုမ္ပဏီအနေနဲ့ ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။မြန်မာနိုင်ငံအနေဖြင့် ရွှေကိုပြည်ပသို့တင် ပို့ခြင်းအား တရားဝင်ခွင့်ပြုထားခြင်းမရှိသေးသော်လည်း ပြည်ပသို့ ရွှေတင်ပို့မှုများရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က အဆိုပါ အခမ်း အနားတွင် ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာလဲ တရားဝင်မဟုတ်ပေမယ့် ရွှေတင်ပို့မှုကတော့ ရှိနေပါတယ်။ အဲဒါကို တရား ၀င်ဈေး ကွက်ဖြစ်အောင်လုပ်ရမယ့် သဘောပေါ့” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ရွှေကိုပြည်ပသို့ တရားဝင်တင်ပို့ခြင်း မရှိသည့်အပြင် တရား ၀င် ၀ယ်ယူမှုလည်းမရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦကျော်ဝင်းက ပြောသည်။
“တရားမ၀င် ကုန်သွယ်မှုရှိနေတာကိုတော့ ထိန်းချုပ်ဖို့ခက်တယ်။ ကုန်သည်ဆိုတာက ဈေးကောင်း ရတဲ့နေရာကို သွားမှာပဲ။ တရားမ၀င်ပို့လို့ရတဲ့ဈေးက ပြည်တွင်းမှာဖြစ်သွားတဲ့ တရားဝင် ဈေး ကွက် ဈေးနှုန်းနဲ့အတူတူဆိုရင်တော့ ဘယ်သွားတော့မလဲ။ အဲဒီတော့ ဈေးကွက်ဈေးနှုန်းမှုဝါဒအ ရပဲ ထိန်းချုပ် ပြီးသား ဖြစ်သွားမှာပေါ့” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဂျပန် ၊ ဗီယက်နမ်နှင့် အိနိ္ဒယနိုင်ငံများမှ မြန်မာ့ရွှေများအား တရားဝင်ဝယ်ယူရန် ကမ်းလှမ်း မှုများရှိနေပြီး အိနိ္ဒယနိုင်ငံမှာမူ ရွှေအရောင်းအ၀ယ် နှစ်မျိုးစလုံး လုပ်ဆောင် သည့် နိုင် ငံဖြစ်ကြောင်း ယင်း က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းရွှေဈေးကွက်ဈေးနှုန်းများသည် ကမ္ဘာ့ရွှေဈေး၊ နိုင်ငံခြားငွေ လဲဈေးနှုန်းနှင့် လစဉ်ရွှေထွက်ရှိမှုအနေအထားများအပေါ်မူတည်ကာ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဦးကျော်ဝင်းကဆို သည်။
မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးရဲသူအောင်က “အခုပြောနေ ကြတာကတရားဝင်ဈေးကွက်မရှိလို့ ဈေးကွက်တည်ငြိမ်နေတယ်လို့ပြောနေကြတယ်။တကယ်တော့ အဲလို မဟုတ် ဘူး။ တရားဝင်ဖြစ်သွားရင် ဈေးကွက်အနေအထားကတော့ လုပ်ကိုင်ရပိုလွယ်သွား တဲ့အတွက် ဈေးနှုန်း က ပိုပြီးတည်ငြိမ်သွားမှာပါ” ဟု ပြောသည်။
ထို့အပြင် ထိုင်း၊ ဗီယက်နမ် နိုင်ငံများအနေဖြင့်လည်း မြန်မာ့ရွှေများကို ဟောင်ကောင် စတော့ အိတ်ချိန်း ဈေးကွက်မှတစ်ဆင့် ပြန်လည်ဝယ်ယူနေရခြင်းဖြစ်ကာ အဆိုပါနိုင်ငံများအား တရား ၀င်တင်ပို့နိုင်ပါက လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်သည့်အပြင် နိုင်ငံတော် အခွန်ငွေ ရရှိမှု ပိုမိုများပြားလာ နိုင်ကြောင်း ယင်းကပြောသည်။
လက်ရှိအချိန်တွင် ပြည်ပသို့ ရွှေတင်ပို့လျက်ရှိသော်လည်း တရားဝင်ဈေးကွက်မဟုတ်ခြင်းကြောင့် ဈေး ကွက်ပေါက်ဈေးများထက်လျှော့ကာ ရောင်းချနေမှုများရှိနေကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

No comments:

Post a Comment