Friday, December 27, 2013

လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်ပိုင် မြေကွက်ပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုကို ထိပ်တိုက်ရင်ဆိုင်မှု မပြုတော့ဘဲ ဥပဒေအရသာ အရေးယူသွားမည်

DSC 0069
ရွှေလင်ဗန်း ချောင်းဘေးရှိ မြေကွက်
များပေါ်တွင် ကျူးကျော်တဲများ ဆောက် လုပ်နေသည်ကို ဒီဇင်ဘာ ၂၆ ရက် က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် ရွှေလင် ဗန်းချောင်း ကမ်းဘေးရှိ အိုးအိမ် ပိုင် မြေ ကွက်လွတ်များပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုအပေါ် ဥပဒေအရသာ အရေးယူသွားမည်ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သတင်းစာ သို့ ပြော ကြားသည်။
၎င်းက “ကျွန်တော်တို့ ဘက်ကတော့ ဒီနေရာဟာ မြေလွတ်မဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ် ဆိုတာ ကို အကြိမ်ကြိမ် အသိပေး ကြေညာထားပြီးပါပြီ။ ဒါပေမဲ့ သူတို့ဘက်က ဒါကိုလက်မခံဘဲ ကျူးကျော် တဲတွေ ဆက်ထိုးနေတဲ့အတွက် ဥပဒေအရ တရားစွဲဆို အရေးယူသွားလို့ ရပါတယ်။ နောက်ပြီး ကျူးကျော်တဲ ထိုးတဲ့သူတွေက တုတ်၊ ဓားတွေနဲ့ အုပ်စုဖွဲ့ ကင်းစောင့်နေရင် လက်နက်ဥပဒေနဲ့ အရေး ယူသွားမယ်” ဟု ပြောကြားသည်။
ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော်တဲများကို ဒီဇင်ဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်နှင့် သက်ဆိုင်ရာတို့မှ လာရောက် ဖယ်ရှားခဲ့သော်လည်း ဒီဇင်ဘာ ၂၅ ရက်မှ စတင်၍ ကျူးကျော်တဲပေါင်း ၂၀၀ ကျော် ဆက်လက် ဆောက်လုပ်နေပြီး သက်ဆိုင်ရာနှင့် အခြားသူများ ၀င်ရောက် မလာစေရန် ကျူးကျော်တဲ ဆောက်လုပ်သူများက တုတ်၊ ဓားများဖြင့် ကျူးကျော် တဲများ ဆောက်လုပ်နေသည့် လမ်းဝင်ပေါက်တွင် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းထိ လုံခြုံရေး ရယူထား သည်။ ထို့ပြင် ကျူးကျော်တဲများ ဆောက်လုပ်နေစဉ်အတွင်း ကျူးကျော်သူများအကြား နှစ်ဖက်နေရာ လုမှုကြောင့် အချင်းများမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျူးကျော်တဲ ဆောက်လုပ်သူ တစ်ဦးက “ဒီနေရာမှာ ဆောက်နေတဲ့ လူတွေက မြေပိုင်အိမ်ပိုင် မရှိတဲ့ သူတွေပါ။ ဒါပေမဲ့ တချို့တွေက အိမ်လည်းရှိရဲ့သားနဲ့ ဒီနေရာကို လာလုပြီး တဲထိုးတာကို လက်မခံလို့ စကားများတာပါ။ သူတို့က ဒီပြင့်နေရာမှာလည်း ကျူးကျော်တဲ ထိုးထားတာ ရှိတယ်။ ခုဒီနေရာမှာလည်း ထပ်လာထိုးချင်တာ” ဟု ဆိုသည်။
12.26.1
ရွှေလင်ဗန်း ချောင်းဘေးရှိ မြေကွက်
များပေါ်တွင် ကျူးကျော်တဲများ ဆောက် လုပ်နေသည်ကို ဒီဇင်ဘာ ၂၆ ရက် က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အဆိုပါ ကျူးကျော်တဲ လာရောက်ထိုးသည့် အိမ်ထောင်စုပေါင်းမှာ ၂၀၀ ကျော်ခန့်ရှိပြီး ၎င်းတို့မှာ ၁၅ ရပ်ကွက်အတွင်း အိမ်ငှားနေထိုင် ကြသူများဖြစ်ကာ အိမ်ငှားခဈေးနှုန်း မတတ်နိုင်သဖြင့် ယခုကဲ့သို့ ကျူးကျော်တဲ ထိုးရခြင်း ဖြစ်သည်ဟု ကျူးကျော်သူများက ဆိုသည်။
ကျူးကျော်တဲထိုးသူ ဒေါ်ဇာဇာအေးက “ကျွန်မတို့ကတော့ နေစရာမရှိလို့ ကျူးကျော်တဲ လာထိုးရ တာပါ။ တစ်လ ၀င်ငွေက ၃၀၀၀၀ လောက်နဲ့ အိမ်ငှားနေဖို့က ဘယ်လိုမှ အဆင်မပြေဘူး။ လက် လုပ် လက်စားတွေ ပါ။ အရင်ထိုးတုန်းကလည်း လာဖျက်သွားလို့ ခုတစ်ခါ ထပ်ထိုးနေတယ်။ လာ ဖျက်ရင်လည်း ထပ်ထိုးသွားမှာပါပဲ။ ဆောက်လိုက် ဖျက်လိုက်နဲ့ပဲ သုံးလေးခါ မကတော့ဘူး” ဟု ပြောကြားသည်။
ကျူးကျော်တဲထိုးမှု ပြဿနာများမှာ လှိုင်သာယာမြို့နယ်တွင် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လှိုင်သာယာ-တွံတေးလမ်းဘေးရှိ မြေကွက်များနှင့် ပန်းလှိုင်တံတား အဆင်းလမ်းဘေးတွင်လည်း ကျူးကျော်တဲ အလုံးပေါင်း ၁၀၀၀ ခန့် ၀င်ရောက် ဆောက်လုပ်ထားသည်။

No comments:

Post a Comment