Monday, December 30, 2013

ဂျပန်- အာဆီယံ ယူ၁၄ ဘောလုံးပြိုင်ပွဲ မြန်မာအသင်း သွားရောက် ယှဉ်ပြိုင်မည်

ဂျပန် ဘောလုံး အဖွဲ့ချုပ် (JFA)မှ ဖိတ်ခေါ်သည့် အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲ ( Japan- Asean U14 Football Exchange Programme)ကို မြန်မာ့ လက်ရွေးစင် ယူ၁၄ အသင်း သွားရောက် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ၂၀၁၄ ဧပြီ (၁)ရက်နေ့ မှ (၉)ရက်နေ့ အထိ ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင်ကျင်းပ သွားမည်ဖြစ်ပြီး အိမ်ရှင် ဂျပန်အသင်း နှင့်အတူ အာဆီယံ ဒေသမှ အသင်း(၁၁)သင်း စုစုပေါင်း အသင်း (၁၂) သင်း ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ဂျပန် ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ယခုပြိုင်ပွဲအား ၂၀၂၀ အိုလံပစ် ပြိုင်ပွဲအတွက် ကစားသမား ကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပြီး အာဆီယံ
အသင်းများမှ ကစားသမား များနှင့်လည်း ယင်းအိုလံပစ်တွင် ပြန်လည် ဆုံတွေ့ရန် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ ပေးပို့သည့် ဖိတ်ကြားစာတွင် ပါရှိသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ဖီဖာ ယူ၁၇ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အကယ်ဒမီ များ၊ လူငယ်စီမံကိန်းများ ဖြင့် စနစ်တကျ ဆောင်ရွက်လျက် ရှိရာ အာရှ ယူ၁၄ ပြိုင်ပွဲကိုလည်း ယခု နှစ်အတွင်း နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာ ယူ၁၄ အသင်းကိုပင် အခြေခံကာ ဂျပန်-အာဆီယံ ယူ၁၄ ပြိုင်ပွဲအား သွားရောက် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ ယူ၁၄ အသင်းအား ဂျပန်နည်းပြ တာရှီမား ကပင် တာဝန်ယူကိုင်တွယ် သွားမည်ဖြစ်ပြီး ပဏာမ လက်ရွေးစင် ကစားသမား စာရင်း အား ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၁ နှင့် ယူ-၁၂ အသင်းများ သည်လည်း ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းက တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပ ခဲ့သည့် အာရှ လူငယ် ဘောလုံးပွဲတော် သို့သွားရောက် ယှဉ်ပြိုင် ခဲ့ဖူးပြီး နိုင်ငံတကာ အတွေ့အကြုံ စတင်ရရှိ စေခဲ့သည်။ လူငယ် ကစားသမား ပေါ်ထွက်ရေး အစီအစဉ်အရ ၂၀၁၂ ခုနှစ်အတွင်းကလည်း ယူ-၁၂ ဘောလုံးပြိုင်ပွဲ တစ်ရပ်ကို အထက် မြန်မာပြည်၊ အောက် မြန်မာပြည် ဇုန်များခွဲ၍ ကျင်းပခဲ့သည်။

No comments:

Post a Comment