Monday, December 30, 2013

ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျစေခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ

GG-30-12FF-30-12

II-30-12HH-30-12
KK-30-12JJ-30-12
LL-30-12
၂၀၁၂ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားနှင့် ထူးချွန်ဆုရရှိသူများကို တွေ့ရစဉ်
ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျစေခဲ့သည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ် ခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ၌ ‘ဥ’ ဇာတ် ကားဖြင့် ဒါရိုက်တာ ဆုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး)၊ ‘ကယန်းအလှ’ ဇာတ်ကားဖြင့် အကောင်း ဆုံးဓာတ်ပုံကို ဓာတ်ပုံ ဒါရိုက်တာ အောင်ကိုလတ်၊ ‘လက်ပံ’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုး သမီး သရုပ်ဆောင်ဆုကို သရုပ်ဆောင်ဖွေးဖွေး၊ ‘ဥ’ ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင်ချောရတနာ၊ ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ဇာတ်ကားဖြင့် အထူးဆုကို ကလေးသ ရုပ်ဆောင် ယွန်းယွန်း၊ ‘ကယန်းအလှ’ ဇာတ်ကားဖြင့် အသံထူးချွန်ဆုကို အသံဖမ်းတိုနီ (လင်း)၊ ‘အမွေခံထိုက်သူ ဖြစ်ပါစေ’ ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို တေးဂီတမှူး ၀င်းကိုတို့က ပထမဆုံး အကယ်ဒမီဆုများအဖြစ် ဆွတ်ခူး ရရှိခဲ့ပြီး ‘လက်ပံ’ ဇာတ်ကားဖြင့် အမျိုး သား ဇာတ်ဆောင်ဆုကို သရုပ်ဆောင်ပြေတီဦး၊ ‘ဥ’ ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင် တည်းဖြတ် ဆု ကို ဦးဇော်မင်း (ဟံသာမြေ) တို့က ထပ်ဆင့်အကယ်ဒမီဆုများအဖြစ် ဆွတ်ခူးရ ရှိခဲ့သည်။ ယခုနှစ်တွင် ပေးအပ်ခဲ့သည့် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများသည် ပရိသတ်ဆန္ဒနှင့် ထပ်တူကျခဲ့သည့် အကယ်ဒမီဆုများဖြစ်ပြီး ဟာသဦးစားပေး ဇာတ်ကားတစ်ကားမှ အကယ်ဒမီ ဆုများ ရှားရှားပါးပါး ဆွတ်ခူးနိုင်ခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် ကလေးသ ရုပ်ဆောင်များကို ရှားရှားပါးပါး ပေးအပ်ခဲသည့် အထူးဆုကိုလည်း ငါးဆုမြောက်ဆု အဖြစ် ပေးအပ် ချီးမြှင့်ခဲ့သည်။
ထူးခြားဆန်းသစ်သည့် အကယ်ဒမီပွဲ ကျင်းပပုံ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ယခင်နှစ်များနှင့်အတူ ထူးခြားဆန်းသစ်သည့် အခမ်းအနား တင်ဆက်မှုများ၊ စင်မြင့်တည်ဆောက်မှုများ၊ မီးအလှဆင်မှုများဖြင့် တင်ဆက်နိုင်ခဲ့သည်။ အခမ်းအနား အ၀င်တစ်လျှောက်တွင် အနုပညာရှင်များ အတွက် ကော်ဇောနီ လျှောက်လှမ်းဖြင့် လျှောက်လှမ်းဝင်ရောက်စေခဲ့ပြီး ပွဲကျင်းပရာ နေရာသီးသန့်တွင် အနုပညာရှင်များကိုသာ ရှိစေကာ သတင်းရယူမှုများကို သီးခြားနေရာဖြင့် ကန့်သတ်ထားခဲ့သည်။ အခမ်း အနားတွင် အစီအစဉ် တင်ဆက်သူများအဖြစ် ဆန်းထွဋ်နှင့် တင်မိုးလွင်တို့က ပါဝင်ခဲ့ကြပြီး အကယ်ဒမီဗန်း ကိုင်ဆောင်သူများအဖြစ် မေမြင့်မိုရ်၊ ဆောင်းဝတ်ရည်မေ၊ ရှင်ဝေနိုင်ဦး၊ နေစူးနိုင်း၊ လမင်းအိနြေ္ဒ၊ အင်ကြင်းထူး၊ ပန်းရောင်၊ နှင်းဆီဝိုင်တို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီလူမင်းက ရုပ်ရှင်လောကသားများထံသို့ ပန်ကြား တင်ပြ ခဲ့သည်။
OO-30-12
၂၀၁၂ ခုနှစ် ရုပ်ရှင်အသံ အကယ်ဒမီဆုရ ဦးတိုနီ (လင်း) ဆုလက်ခံရယူနေစဉ်
ရုပ်ရှင်အသံထူးချွန်ဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်အသံထူးချွန်ဆုကို ‘ကယန်းအလှ’ ဇာတ်ကားမှ အသံဖမ်းပညာရှင်တိုနီ (လင်း) က ရရှိ ခဲ့ သည်။ တိုနီ (လင်း) သည် ပထမဆုံး အကယ်ဒမီအဖြစ် ရရှိခြင်းဖြစ်သည်။
PP-30-12
၂၀၁၂ ခုနှစ် ရုပ်ရှင်တေးဂီတ အကယ်ဒမီဆုရ ဦးဝင်းကို ဆုလက်ခံရယူနေစဉ်
ရုပ်ရှင်တေးဂီတဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်တေးဂီတဆုကို ‘အမွေခံထိုက်သူ ဖြစ်ပါစေ’ ဇာတ်ကားမှ ဂီတမှူးဝင်းကိုက ပထမ ဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။
MM-30-12
၂၀၁၂ ခုနှစ် ရုပ်ရှင်တည်းဖြတ်ဆုရ ဦးဇော်မင်း (ဟံသာမြေ) ဆုလက်ခံရယူနေစဉ်
ရုပ်ရှင်တည်းဖြတ်ဆု
ရုပ်ရှင်တည်းဖြတ်ဆုကို ‘ဥ’ ဇာတ်ကားမှ ဦးဇော်မင်း (ဟံသာမြေ)က ဆွတ်ခူးရရှိပြီး ပဉ္စမမြောက် အကယ်ဒမီ အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။
ရုပ်ရှင်ဓာတ်ပုံဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို ‘ကယန်းအလှ’ ဇာတ်ကားမှ ဓာတ်ပုံပညာရှင် ဒါရိုက်တာ အောင်ကိုလတ် က ရရှိခဲ့သည်။ ဒါရိုက်တာ အောင်ကိုလတ်၏ ပထမဆုံး ရုပ်ရှင်ဖန်တီးမှုဖြစ်ပြီး ပထမဆုံး အကယ်ဒမီဆုလည်း ဖြစ်သည်။
အထူးဆု
အကယ်ဒမီသမိုင်းတွင် ရှားရှားပါးပါး ဆုတစ်ဆုဖြစ်သည့် ကလေးသရုပ်ဆောင်များကို ပေးအပ်သည့် အထူးဆု ကို သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင်က ကြေညာခဲ့ရာ ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ဇာတ်ကား မှ ကလေးသရုပ်ဆောင် ယွန်းယွန်းက ရရှိခဲ့သည်။ ကလေးသရုပ်ဆောင်ယွန်းယွန်း၏ ပထမဆုံး အကယ်ဒမီ ဆုဖြစ်ပြီး နှစ်ကိုယ်ခွဲဇာတ်ရုပ်ဖြင့် သရုပ်ဆောင်မှုဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
NN-30-12
၂၀၁၂ ခုနှစ် အမျိုးသားဇာတ်ဆောင်ဆုရ ပြေတီဦး
အမျိုးသား ဇာတ်ဆောင်ဆု
၂၀၁၂ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုကို ‘လက်ပံ’ ဇာတ်ကားမှ သရုပ်ဆောင် အကယ် ဒမီ ပြေတီဦးက ဒုတိယမြောက် အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ‘ဥ’ ဇာတ်ကားတွင် စိတ်ဝေဒနာရှင် စာဥအဖြစ် အကောင်းဆုံး သရုပ်ဆောင်ထားသူ သရုပ်ဆောင် ချောရတနာက ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူး ရရှိခဲ့သည်။
အမျိုးသမီး ဇာတ်ဆောင်ဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင်ဖွေးဖွေးက ‘လက်ပံ’ ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ‘လက်ပံ’ ဇာတ်ကားတွင် မိခင်၏ ရိုက် သွင်းပေးခဲ့သည့် စိတ်ခံစားချက်များအတိုင်း ဖခင်ကို မုန်းတီးနာကျည်းနေသူ လက်ပံအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။
အကောင်းဆုံး ဒါရိုက်တာဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ‘ဥ’ ဇာတ်ကားအား ပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရရှိခဲ့သည်။ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) သည် ပထမဆုံး အကယ်ဒမီ အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဟာသဇာတ်ကား၏ ဒါရိုက်တာတစ်ဦးအဖြစ် ရှားရှားပါးပါး ရရှိခဲ့ခြင်းလည်းဖြစ်သည်။
၁၂ ဆုအနက် ၉ ဆုသာ ချီးမြှင့်ခဲ့
၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၂ ဆု လျာထားသတ်မှတ် ခဲ့သော်လည်း ဆုအရေအတွက် ၉ ဆုသာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုပ်ရှင်ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ပို့ဆုနှင့် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုများကိုမူ ပေးအပ်ချီးမြှင့်နိုင်ခြင်း မရှိခဲ့ပေ။
ကြားဖြတ်ဖျော်ဖြေရေး အစီအစဉ်၊ လိုတိုရှင်း ကျေးဇူးတင်စကားများနဲ့ ၂၀၁၂ အကယ်ဒမီ
၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆု ချီးမြှင့်ရာ၌ ဆုကြေညာချိန်တွင် ကြားဖြတ်ဖျော်ဖြေရေး အစီအစဉ်များ ကိုလည်း တင်ဆက်ခဲ့ပြီး အကယ်ဒမီဆု ရရှိသူများကလည်း ကျေးဇူးတင်စကားများကို ထိမိ တိုတောင်းစွာ ပြောကြားပေးခဲ့ကာ အချိန်အကန့်အသတ်ဖြင့် အကောင်းဆုံးထုတ်နုတ် တင်ပြမှုများကိုလည်း တင်ဆက်ခဲ့သည့်အတွက် ည ၇ နာရီ ၀န်းကျင်တွင် ဖျော်ဖြေပွဲအား အဆုံးသတ်ခဲ့သည်။
ပရိသတ်ဆန္ဒနှင့် ထပ်တူကျသည့် အကယ်ဒမီ
၂၀၁၂ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအား ပရိသတ်အများစု သဘော ကျ နှစ်ခြိုက်ခဲ့ပြီး ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်းကျသည့် အကယ်ဒမီရွေးချယ် ပေး အပ်မှု ဖြစ်စေ ခဲ့သည့်အပြင် ရုပ်ရှင်လောကသား အများစုကလည်း ရွေးချယ်မှုများအတွက် သဘောကျ လက်ခံစေခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ပေးအပ်မှုကို ပြန်ကြားရေး ၀န်ကြီး ဌာနက နောက်ဆုံး အကြိမ်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန် ယူ ပေးအပ်မည်ဖြစ်သည်။    
အကယ်ဒမီ ဆုရှင်တို့၏ ကျေးဇူးတင်စကားနှင့် ပရိသတ်တို့၏ အသံများ
တိုနီ(လင်း) (ရုပ်ရှင်အသံဆု)
အရမ်းကို ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဒီဆုကိုရတဲ့အတွက် ဖခင်ဦးလင်းကိုလည်း ကန်တော့မိပါတယ်။ ဒီဆုကို ရွေးချယ်ပေးကြတဲ့ အကဲဖြတ် လူကြီးများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာအောင်ကိုလတ်နဲ့ Mr.Hector တို့ကိုလည်း ကျေးဇူးတင်ပါတယ်။
ဂီတမှူးဝင်းကို (ရုပ်ရှင်တေးဂီတဆု)
ဒီဆုကို ရခဲ့တဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ဖခင် ပန်းတနော်လေးမြ၊ ဆရာဂီတမှူး လှဆန်းဦးတို့ကိုလည်း ကန်တော့ပါတယ်။ ဒီဇာတ်ကားမှာ တီးခတ်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာ ရွှေပြည်ကတုံး ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ၀ိုင်းတော်သားတွေ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။
ဦးဇော်မင်း (ဟံသာမြေ) (ရုပ်ရှင်တည်းဖြတ်ဆု)
ဒီဆုက ကျွန်တော့်ရဲ့ ငါးဆုမြောက်ပါ။ ကျွန်တော့်ကို အကယ်ဒမီဆုတွေ ရစေခဲ့တဲ့ ဒါရိုက်တာတွေ အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
ဒါရိုက်တာအောင်ကိုလတ် (ရုပ်ရှင်ဓာတ်ပုံဆု)
ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားပါ။ ရိုက်ကူးချိန် ခုနစ်နှစ်ကြာပါ တယ်။ ကျေးဇူး အများကြီး တင်ပါတယ်။
ကလေးသရုပ်ဆောင် ယွန်းယွန်း (အထူးဆု)
သမီးအရမ်း ပျော်နေပါတယ်။ ကလေးသရုပ်ဆောင်ဆုဆိုတာ မျှော်လင့်တိုင်းလည်း မရတတ်ဘူးလို့ သမီးနားလည်ထားပါတယ်။ သမီးနဲ့ လုပ်ဖော်ကိုင်ဖက် ကလေးသရုပ်ဆောင်တွေ အားလုံးကိုယ်စား ဒီဆုကို ရလိုက်တာလို့ပဲ ခံယူထားပါတယ်။ ပထမဆုံး နှစ်ကိုယ်ခွဲဇာတ်ကားနဲ့ ဆုရတာဖြစ်တဲ့အတွက် ပိုပြီးဝမ်းသာ ဂုဏ်ယူမိပါတယ်။ သမီးဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ခွင့်ပေးခဲ့တဲ့ ဘွားဘွား ဒေါ်သဲနုခိုင် ကိုလည်း ကန်တော့ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကြောင့် ဒီဆုကိုရခဲ့တာလို့ ခံယူထား ပါတယ်။ ဒီဆုကို ရခဲ့တဲ့အတွက် အနုပညာ လောကထဲမှာလည်း တာဝန်ကျေတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်၊ ကျောင်းပညာရေးမှာ တာဝန်ကျေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။
ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု)
ကျွန်တော် ဒီနှစ်ကို ပိုပြီးရင်ခုန်နေပါတယ်။ မျှော်လည်း မမျှော်လင့်ရဲပါဘူး။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဖက်တွေဖြစ် တဲ့ လက်ပံဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားကို ပထမဆုံး စတင်သယ်ဆောင်လာပေးတဲ့ မဖြူနှင်းဖွေးကိုလည်း ကျေးဇူးတင်ပါတယ်။ မမျှော်လင့်ပဲ ရလိုက်တဲ့အတွက် ပိုပြီးခံစားရပါတယ်။ ပထမတစ်ဆုတုန်းက အလှုပ်ဇာတ်ရုပ်နဲ့ ရခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ အငြိမ်ဇာတ်ရုပ်နဲ့ ရခဲ့တာပါ။ ကျွန်တော့် အနုပညာလမ်းကြောင်း တစ်လျှောက်မှာ မျှဝေခံစားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ချောရတနာ (အမျိုးသမီးဇာတ်ပို့ဆု)
တန်ဖိုးမဖြတ်နိုင်တဲ့ ဆုပါပဲ။ ဒီနေ့လေးကလည်း တန်ဖိုးမဖြတ်နိုင်တဲ့နေ့လို့ ပြောလို့ရ ပါတယ်။ ဖေဖေ ဒါရိုက်တာပေါသျှံ ဖြစ်စေချင်တဲ့အတိုင်း သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်တဲ့ အတွက် ဖေဖေ ကျေနပ် မယ်လို့ ယုံကြည်ပါတယ်။
ဖွေးဖွေး (အမျိုးသမီးဇာတ်ဆောင်ဆု)
ဖွေးဖွေး အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အရမ်းလည်း ၀မ်းသာမိပါတယ်။ ဖွေးဖွေးလို အနုပညာ ၀ါနုသေးတဲ့သူ တစ်ယောက်ကို ဆုပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ဖွေးဖွေးရဲ့ လက်ဦးဆရာ ကိုဝိုင်း၊ ဦးမျိုးမင်း၊ မမို့တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
ဒါရိုက်တာကိုဇော် (အရုဏ်ဦး)
မိဘနှစ်ပါး၊ တည်းဖြတ်ပညာ သင်ပေးခဲ့တဲ့ ဦးမြင့်ခိုင်၊ ဦးတင်ငြိမ်း (ရှုမ၀)၊ ဒါရိုက်တာ မလုပ်မနေရလို့ပြောပြီး သင်ပေးခဲ့တဲ့ အစ်ကိုဆရာ ကိုအောင်မင်းသိမ်းနဲ့ ဒါရိုက်တာများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရိုက်ကူးခွင့်ပေး ခဲ့တဲ့ ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင် ပါတယ်။
စမ်းချောင်းမြို့နယ်မှ ပရိသတ်တစ်ဦး
ဒီနှစ်ကယ်ဒမီကတော့ တကယ်ထိုက်တန်တဲ့သူတွေ ရတယ်လို့ ထင်ပါတယ်။ ဆုတွေအားလုံးက ပရိသတ်ဆန္ဒနဲ့ ထပ်တူကျပါတယ်။ ဖွေးဖွေးရတဲ့အတွက် အရမ်းကျေနပ်သလို ယွန်းယွန်းရတဲ့ အတွက်လည်း အရမ်းကြိုက်ပါတယ်။
လသာမြို့နယ်မှ ပရိသတ်တစ်ဦး
ဒီနှစ်ဆုတွေအားလုံး ကျေနပ်တယ်။ အားလုံးက တကယ်ထိုက်တန်တဲ့ သူတွေပါပဲ။ အရင်နှစ်တွေကလို စိတ်လှုပ်ရှားပြီးမှ စိတ်ပျက်ပြီး ကျန်ခဲ့ရတာမျိုး မရှိဘဲ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ အတွက် ပျော်ပြီးပြီး သွားတာ ဆိုတော့ ကျေနပ်စရာ ကောင်းတယ်လို့ ဆိုရမှာပါ။

No comments:

Post a Comment