Thursday, October 3, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး


နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဌေးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်တို့ လိုက်ပါလျက် ရဟတ်ယာဉ် ဖြင့် မြောက်ဦးမြို့သို့ ရောက်ရှိပြီး မြို့တည်ငြိမ် အေးချမ်းမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် မြောက်ဦးမြို့ နဝရတ်ဟိုတယ် ဧည့်ခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဦးတို့က မြောက်ဦးမြို့ သို့ နှစ်အလိုက် နိုင်ငံခြားသား လာရောက်လည်ပတ်မှုနှင့် ခရီးသွားလုပ်ငန်း အခြေအနေ၊ ခရိုင်အတွင်း စိုက်ပျိုးမြေ ဧရိယာနှင့် စိုက်ပျိုးထားမှု၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတ က ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ဖွယ်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း (ခေါ်) ရန်အောင်ဇေယျ ပုထိုးတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်းသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး သမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော် ကြည်ညိုကာ ရွှေသင်္ကန်းကပ်လှူ ပူဇော်သည်။

ယင်းနောက် မြို့နယ်ရှိ နဝရတ်ခန်းမ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှု၊ မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင် များက ဝိုင်းဝန်းစဉ်းစား ဆွေးနွေး၍ လိုအပ်သည်များကို အဆင့်ဆင့် တင်ပြဆောင်ရွက် သွားရန်လိုအပ်မှု၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဒေသခံပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကို တင်ပြကြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မောင်တောခရိုင်၊ မောင်တောမြို့သို့ ရောက်ရှိသည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်မှူးရုံး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒုက္ခသည်များအတွက် လူနေအိမ်များ ပြန်လည် ဆောက်လုပ်ပေးထားမှုကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် စစ်တွေ မြို့သို့ ပြန်လည်ရောက်ရှိသည်။

No comments:

Post a Comment