Thursday, December 19, 2013

ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ် တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ယာယီရပ်ဆိုင်း

ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းမှု အဆင်မပြေ၍ ယာယီရပ်ဆိုင်းထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့တွင်းနှင့် ဒလ ဘက်ခြမ်း အား ဆက်သွယ်မည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်း အမှတ်အဖြစ် ကူညီကာ တည်ဆောက်ပေး မည်ဟု နိုင်ငံတော်သမ္မတက ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်စဉ်တွင် ညှိနှိုင်း သဘော တူခဲ့ကြောင်း သိရသည်။
တံတားတည်ဆောက်မည့် နေရာများကိုလည်းရန်ကုန်ဘက်ခြမ်းတွင်ဘုန်းကြီးလမ်း(လမ်းမတော်) နှင့်
ဒ လဘက်ခြမ်းတွင် ကျန်စစ်သားရပ်ကွက် ၀န်းကျင်အထိထိုးရန် ယာယီနေရာ သတ်မှတ် ခဲ့ပြီးနောက်ပိုင်း ဒလဘက်ခြမ်းတွင်လည်း အိမ်ခြံမြေဈေးနှုန်းများ သိသာစွာ မြင့်တက်သွားခဲ့သည်။ ယင်းနောက်ပိုင်းတွင် တံတားအတွက် ညှိနှိုင်းရာ၌ ကိုရီးယားနိုင်ငံမှ တံတားတည်ဆောက် စရိတ် အား ချေးငွေ သဘောမျိုးဖြင့် သာချေး၍ တည်ဆောက်ပေးမည်ဟု ပြောကြားခဲ့ခြင်းကြောင့် ညှိနှိုင်း မှု အဆင်မပြေဘဲ တံတား တည်ဆောက်မည့် အစီအစဉ် ယာယီရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
"အဓိကတော့ ငွေကြေးပိုင်းဆိုင်ရာပါ။ သူတို့က နဂိုအကုန်အကျခံ ဆောက်ပေးမယ်လို့ သဘောတူ ထားပြီးတော့ နောက်ပိုင်းချေးငွေအနေနဲ့ ပေးမယ်လို့ ပြောတဲ့အတွက် ညှိနှိုင်းမှု အဆင်မပြေဘဲ စီမံကိန်းကို ယာယီရပ်ဆိုင်းထားပါတယ်။ တိုင်းဒေသကြီးအစိုးရ အနေနဲ့ကလည်း ဒီတံတားစီမံကိန်း အတွက် ဘတ်ဂျက်လျာထားတာက မရှိသေးဘူး။ ဒီဘက်က လိုချင်တဲ့ပုံစံမျိုးကို ကိုရီးယားမဟုတ်ဘဲ အခြား ကုမ္ပဏီတွေနဲ့ အဆင်ပြေ ရင်လည်း အခြားကုမ္ပဏီတွေနဲ့ ဆောက်သွားမှာဖြစ် ပါတယ်။ လောလော ဆယ်တော့ တံတားစီမံကိန်းက ယာယီရပ်ဆိုင်းထားပါတယ်" ဟု ရန်ကုန်တိုင်းဒေ သကြီး  အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒလဘက်သည် ရန်ကုန်မြို့တွင်းနှင့် အနီးဆုံး မြစ်တစ်ဖက်သာခြားသည့် နေရာဖြစ်ပြီး လက်ရှိ ရန် ကုန်မြို့ တွင်းနှင့် ကူးသန်းရာတွင် လှေ၊ သင်္ဘော စသည့်တို့ကိုသာ အဓိကအားထား သုံးနေရသည်။ ထို့အတွက် ယင်းသို့တံတားမျိုး တည်ဆောက်ပေးလိုက်မည် ဆိုပါက ဒလဘက်ခြမ်းမှာ ယခုထက် ပိုမို ဖွံ့ဖြိုးလာမည့် အလားအလာများ ရှိနေသည်ဟုလည်း သုံးသပ်ကြသည်။

ထို့ပြင် ရန်ကုန်မြို့တော်အား တိုးချဲ့မည့် မြို့သစ်စီမံကိန်းတွင်လည်း ဒလမြို့မှာ အပါအ၀င်ဖြစ်ပြီး လာမည့် ၂၀၁၄-၂၀၁၅ တွင် ပထမကာလတို ငါးနှစ်စီမံကိန်းဖြင့် စတင်အကောင်အ ထည် ဖော် မည်ဖြစ် ပြီး စတုတ္ထ ကာလတို ငါးနှစ်စီမံကိန်းကာလ ၂၀၃၀-၂၀၃၁ တွင် အပြီးဆောင်ရွက်ရန် လျာ ထားကြောင်း ရန်ကုန်မြို့တော် ၀န် ဦးလှမြင့်က ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး၌ ပြောကြားထားခဲ့ပြီးဖြစ်သည်။ သို့သော် ဒလဘက်ရှိ ရပ်ကွက် အချို့တွင် နှစ်စဉ်ရေရှားပါးသည့် အခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။

No comments:

Post a Comment