Saturday, December 14, 2013

ဒေါ်စုမို့လို့ မဝေဖန်ရဘူးလို့တော့ မရှိဘူးထင်ပါတယ် (ဦးဝီရသူ-အင်တာဗျူး)


 

>မေး - ဒေါ်အောင်ဆန်းစုကြည် အပေါ်အရှင်ဘုရား
 ဝေဖန်ပြောကြား လိုက်တာနဲ့ ပတ်သက်ပြီး အရှင်
ဘုရား ကိုအစိုးရလူလို့ ပြောဆိုသံတွေကြား ရပါတယ်။
 တပည့်တော်တည့်တည့်ပဲ လျှောက်ပါရစေ။ ဦးအောင်သောင်း၊ ဦးခင်ညွန့်တို့နဲ့ဘယ်လိုပတ်သက်မှု တွေ ရှိခဲ့ပါသလဲ။ ဦးအောင်သောင်း ဆိုရင်အရှင်ဘုရားတို့ကျောင်းကိုယ်လို့လည်း သိရပါ တယ်။ အဲဒီအပေါ်မှာ ရှင်းရှင်းလင်း လင်းမိန့်ပေးပါဘုရား။ 
ဖြေ - နံပါတ်တစ်ကတော့ အောင်သောင်း ကျောင်းကိုလာတယ်ဆိုတာ မှန် ပါတယ်။ ၂၀၁၂ တုန်းကပေါ့။ မန္တလေး ရောက်တိုင်းသူက မစိုးရိမ်တိုက်သစ်ကို ဝင်နေကျ။ တိုက်သစ်က ဆရာတော်တွေကို ကန်တော့နေကျ။ အဲဒီနှစ် ဦးဇင်း ထောင် ကလွတ်တော့ ဦးဇင်းကိုမကန်တော့ရသေးဘူးဆိုပြီး လာကန်တော့တယ်။ ငွေကြေးမပါပါဘူး။ ပထမတော့ အာလာပသလ္လာပ ဆွေးနွေးကြတာ အဆင်ပြေတယ်လို့ ယူဆနိုင်ပေမယ့် နောက်ပိုင်း နိုင်ငံရေးအကျဉ်း သားကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ သဘောထားကွဲလွဲတယ်။ ပြီးတော့ ပြောလက်စ စကားကိုရပ်ပြီး ထပြန်သွားတယ်။ အဲဒီနောက်ပိုင်း ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူတို့ လူတွေကတစ်ဆင့် ဆက်သွယ်တာမျိုး မရှိ တော့ဘူး။ ထောက်ပံ့တာမျိုးလည်း မရှိဘူး။ အောင်သောင်းနဲ့ ပတ်သက်မှုမရှိဘူး ဆိုတာ ဦးဇင်း ရဲရဲအာမခံနိုင်ပါတယ်။ 

နောက်ပြီးတော့ ခင်ညွန့်။ သူ့ကို ၂၀၁၂ ရန်ကုန်မှာ အမှတ်မထင်တွေ့ခဲ့ရ တာပါ။ တွံတေးဆရာတော် အရှင်ဣန္ဒက မွေးနေ့ပွဲမှာ တွေ့ရတာ။ ဆရာတော်က ဦးဇင်းတို့ကိုလည်း ပင့်တယ်။ ခင်ညွန့်ကိုလည်း ဖိတ်တယ်။ သူက တခြားဆရာတော်တွေကို ကန့်တော့ပြီးနောက်မှ ဦးဇင်းကိုမြင်တော့ ပရိသတ်ထဲကနေထလာပြီး ဦးဇင်းကို လာကန်တော့တယ်။ အဲဒီတော့ ဦးဇင်း သူ့ကို အားပေးစကားပြောတယ်။ နိမ့်ကျနေတဲ့အချိန်မှာ သူလည်း အကျဉ်းသားဟောင်း ကိုယ်လည်းအကျဉ်းသားဟောင်းပဲလေ။ သူတို့အဖွဲ့ ဦးဇင်းအပေါ် ကျူးလွန်တာတွေ အများကြီးရှိပေမယ့် မေတ္တာထားလိုက်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ဦးဇင်း သတိပေးပါတယ်။ ဒကာကြီး အပြင်မှာ ငြိမ်ငြိမ်နေလို့။ ဒကာကြီးငြိမ်ငြိမ်နေမှ တပည့်တွေအတွက် ကောင်းမှာလို့။ သူလည်း ပြန်ပြောပါတယ်။ တပည့်တော် ငြိမ်ငြိမ်နေပါတယ်တဲ့။ ဘယ်ပွဲမှလည်း မတက်ပါဘူးတဲ့။ ဒီပဲယင်းကိစ္စ ဒကာကြီး အသံထွက်တယ်။ ဒါလေးပဲ ဦးဇင်း သတိပေးတာ။ သူလည်း ဒါပဲ ပြန်ပြောတာ။ နောက်ပိုင်း ဘာအဆက်အသွယ်မှ မရှိဘူး။ ဘယ်လို ပတ်သက်မှုမှ မရှိဘူး။ အဲဒီ မွေးနေ့ပွဲ အခမ်းအနားမှာ သူကလက်အုပ်ချီတယ်။ ဦးဇင်းက လက်အုပ်ကိုကိုင်ပြီး မေတ္တာပို့တယ်။ ဒါပဲ။ အဲဒါကို ခင်ညွန့် ဘုန်းကြီးဆိုပြီး သမုတ်ကြတယ်။ ခုမှ မဟုတ်ဘူး။ အရင် ၂၀၁၀၊၂၀၁၁၊ ၂၀၁၂ တစ်လျှောက်လုံးပဲ။ ဦးဇင်း ထောင်ကျသွားတော့မှပဲ စွပ်စွဲတာ ရပ်သွားတာ။ မိတ္ထီလာဖြစ်စဉ်မှာ တစ်ခါထပ်ပြီး အစွပ်စွဲခံရတယ်။ တကယ်ပြောရရင် ဦးဇင်းကို အစိုးရလူလို့ သာပြောနေကြတာ အစိုးရက ဦးဇင်းကို စောင့်ကြည့်နေတာ။ အစိုးရက ဦးဇင်းကို လိုလားတာ မလိုလားတာ ဦးဇင်းမသိဘူး။ သို့သော် တစ်ခုပဲ ဒီအလုပ်တွေ အစိုးရလက်အောက်ခံအနေနဲ့ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက် ခံယူချက်အတိုင်း လျှောက်လှမ်းနေတာ။ 

မေး - ဦးအောင်သောင်းနဲ့ အရှင်ဘုရား အဲဒီတစ်ကြိမ်အပြင် နောက်ထပ် တွေ့တာကော ရှိပါသေးလား ဘုရား။ 
ဖြေ - မရှိဘူး ဒကာကြီး၊ အဲဒီတစ်ကြိမ်ပဲ။ နိုင်ငံရေးအကျဉ်းသားကိစ္စ ပြောကြတာတော့ သူထပြန်သွားတယ်။ 

မေး - အဓိက ဘယ်အကြောင်းအရာမှာ သူက တင်းတင်းမာမာ ဖြစ်သွား တာလဲ ဘုရား။ 
ဖြေ - ဦးဇင်းပြောတာက လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ကွက်ပြီးမလုပ်သင့်ဘူးဆိုတော့ ဒါ သမ္မတကြီးသဘောပါတဲ့။ ကောင်းပြီ ဒါဆိုရင်တော့ နိုင်ငံရေးအကျဉ်း သားတွေအားလုံး မလွတ်မချင်း ဦးဇင်းတို့ က ဆက်လုပ်သွားရမှာပဲဆိုတော့ သူက တောင်းရင်းတိုက်ရင် ပိုကြာမယ်တဲ့။ အဲဒီလိုပြောတယ်။ ဦးဇင်းက မဟုတ်သေးဘူး၊ ဒကာကြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခွင့်ပေးလိုက်ပါ။ ဒါဆိုရင် အစိုးရပိုပြီး ဂုဏ်တက်တာပေါ့ဆိုတော့ သူ့အနေနဲ့ လက်မခံဘူးဆိုပြီး စကားရပ်ပြီး ထပြန်သွားတာပဲ။ 

မေး - ပဋိပက္ခဖြစ်စဉ်တွေမှာ ပြန် ကြည့်ရင် ဘာသာတရားတွေရဲ့ အမြင့် ဆုံး သာသနာပိုင် အဖွဲ့အစည်းတွေကနေ နှစ်ဖက်ညှိနှိုင်းဆွေးနွေးထိန်းသိမ်းတာမျိုး မတွေ့ရဘူး။ ဆိုလိုတာက အာဏာစက်နဲ့ပဲ ထိန်းနေတယ်။ ဓမ္မစက်နဲ့ ထိန်းတာ အားနည်းနေတယ်လို့ ယူဆမိပါတယ် ဘုရား။ အဲဒီအပေါ်မှာ အရှင်ဘုရားရဲ့ အမြင်ကို မိန့်ပါဦးဘုရား။ 
ဖြေ - သာသနာပိုင် အဖွဲ့အစည်းတွေ မဟနပေါ့။ သူတို့လမ်းစဉ်တွေ၊ မူဝါဒတွေ ဘယ်လိုရှိလဲတော့ ဦးဇင်းတို့မသိပါဘူး။ ဒီအရေးကိစ္စမှ မဟုတ်ပါဘူး။ ဘယ်အရေး ကိစ္စမှ ဝင်မပါပါဘူး။ ဒီတော့ ဦးဇင်းက မပြောသာဘူးပေါ့။ ပဋိပက္ခတွေ ရဲ့ အကြောင်းရင်းကို အသေအချာ စုံစမ်း ပြီး ကာကွယ်ဖို့ ထပ်မဖြစ်အောင် တားဆီး ဖို့ အစ္စလာမ်အဖွဲ့ချုပ်မှာလည်း တာဝန်ရှိပါ တယ်။ သူတို့ကိုလည်း ဦးဇင်းက အမြဲတမ်း တိုက်တွန်းတယ်၊ ဖိတ်ခေါ်တယ်၊ မရဘူး။

မေး - ပဋိပက္ခ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့နေရာမှာ ၉၆၉ တံဆိပ်နဲ့ ပတ်သက်ပြီး အခြားသော ဘာသာဝင် တွေရဲ့ စိုးရိမ်နေမှုအပေါ်မှာရော။ 
ဖြေ - အစ္စလာမ်ဘာသာဝင်တွေကို ဦးဇင်းပြောချင်တာက ၇၈၆ ဆိုတဲ့ အမှတ်တံဆိပ် မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တာ ၁၉၃၈ ကလို့ သိရပါတယ်။ ဒါပေမဲ့ ဒါကို ဘယ်သူကမှ အန္တရာယ်လို့ မမြင်ခဲ့ကြပါဘူး။ မြန်မာတွေက အဲဒီလောက် သဘောထားကြီးခဲ့ကြတာပါ။ လက်ခံထား ကြတာပါ။ ဗုဒ္ဓဘာသာရဲ့ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကလည်း လိုအပ်လို့ ပေါ် ပေါက်လာခဲ့တာပါ။ ဒါကို သဘောထားကြီးစွာနဲ့ နားလည်ကြဖို့ လိုပါမယ်။ ၉၆၉ ဟာ အကြမ်းဖက် မဟုတ်ပါဘူး။ အန္တရာယ် တစ်ခု မဟုတ်ပါဘူး။ ဟုတ်ပြီနော်။ ၉၆၉ ကို မလိုလားတဲ့အဖွဲ့တွေက ပုံဖျက်နေကြ တာပါ။ 

မေး - ဒါဆိုရင် ၉၆၉ ဟာ အစ္စလာမ်ကို တိုက်ခိုက်တဲ့ အမှတ်တံဆိပ် မဟုတ်ဘူးလို့ ပြောနိုင်ပါသလား။ 
ဖြေ - ပြောနိုင်ပါတယ်။ ၉၆၉ ဆိုတာ မွတ်ဆလင်ဆန့်ကျင်ရေး မဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ/သာသနာကို ဓမ္မဝိနယနဲ့အညီ ဥပဒေဘောင်အတွင်းက ကာကွယ်ဖို့ပါပဲ။ ဒါကို အန္တရာယ်တစ်ခုလို့ မြင်အောင် ပုံဖျက်နေကြတာပါ။ ဒီနေ့ ဦးဇင်းတို့ထုတ်တဲ့ ကြေညာချက်ထဲမှာ ပါပါ တယ်။ မွတ်ဆလင် ၃ မျိုးရှိမယ်။ နံပါတ် တစ်က မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ မဆန့်ကျင်ဘဲ လိုက်လျောညီထွေနေတတ် တဲ့ မြန်မာပြည်ကိုချစ်တဲ့ မွတ်ဆလင်တွေ အများကြီးရှိတယ်။ သူတို့အတွက် ဦးဇင်းတို့ မိတ်ဆွေကောင်းလို့ သတ်မှတ်ပါတယ်။ မေတ္တာထားပြီး အကာအကွယ်ပေးရမှာပေါ့။ နှစ်က တိုင်းတပါးကိုချစ်တဲ့ မွတ်ဆလင် သူတို့ကိုတော့ စောင့်ကြည့်ပြီး မိတ်ဆွေ ဖြစ်အောင် စည်းရုံးသွားရမှာပေါ့။ နံပါတ် သုံးကတော့ မြန်မာပြည်ကို အစ္စလာမ်မစ် နိုင်ငံဖြစ်အောင် လုပ်ချင်နေတဲ့ မွတ်ဆလင် တွေရှိတယ်။ သူတို့ကိုတော့ ဓမ္မဝိနယနဲ့ အညီ ဥပဒေဘောင်ထဲကနေ ကာကွယ် သွားမယ်။ 

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နိုင်ငံခြားအသံလွှင့်တွေ့ဆုံခန်းတစ်ခုမှာ ဝေဖန်ထားတာ တွေ့ရပါတယ်။ အဲဒီဝေဖန်မှုနဲ့ ပတ်သက်ပြီး နည်းနည်းမိန့်ပါဦး ဘုရား။ 
ဖြေ - ဒေါ်စုမို့လို့ မဝေဖန်ရဘူးလို့တော့ မရှိဘူးထင်ပါတယ်။ ဦးဇင်းတို့ ဝေဖန်တယ် ဆိုတာက အမှားသေးသေး လေးကနေ အမှားအကြီးကြီး မဖြစ်အောင် နည်းနည်း လွဲတာကနေ အလွဲကြီး မလွဲသွားအောင် တည့်မတ်သင့်ရင် တည့်မတ်ရမှာပေါ့။ ကိုယ့်ချစ်တဲ့သူရဲ့ အားနည်းချက်ကို ထောက်ပြရဲတဲ့ သတ္တိ၊ ကိုယ်မုန်းတဲ့သူရဲ့ အားသာချက်ကို ထောက်ခံပြောဆိုရဲတဲ့ သတ္တိတော့ ဦးဇင်းတို့မှာ ရှိဖို့လိုပါလိမ့်မယ်။ 

မေး - ဦးဇင်းအနေနဲ့ထပ်ပြီး မိန့်ချင်တာရှိရင် မိန့်ပါဘုရား။ 
ဖြေ - အားလုံးကိုပြောချင်တာကတော့ ဦးဇင်း ဒီလိုပြောရင် မုန်းမယ်ဆိုတာ သိပါတယ်။ ပြည်သူမုန်းလို့ ဦးဇင်း သမိုင်းမှာ တရားခံ မဖြစ်ပါဘူး။ ပြောသင့်တာမပြောလိုက်မိလို့ အမှားကျူး လွန်မိသွားရင်သာ သမိုင်းမှာ တရားခံဖြစ် တာပါ။ ဒါကြောင့် ဦးဇင်းပြောတာပါ။ ဒီလောက်ပါပဲ။


နဒီလှိုင် (IR)

No comments:

Post a Comment