Tuesday, December 3, 2013

နိုဝင်ဘာလ အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်း


မိဘပြည်သူများခင်ဗျား
ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ပတ်သက်တဲ့ သဘောထားနှင့် ရပ်တည်ချက် အချို့ ကို ရှင်းလင်း ပြောကြား သွားမှာဖြစ်ပါတယ်။
လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ဖြစ်စဉ်များဟာ
၂ နှစ် ကျော် ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိလာတာနဲ့အညီ သိသာတဲ့ အဆင့်တစ်ခုသို့ ရောက်နေပြီဆိုတဲ့ အချက်ကတော့ ငြင်းဆိုလို့မရတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်ရှိလာအောင် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ အခက်အခဲပေါင်းများစွာ၊ ပြဿနာပေါင်းများစွာနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ကြားထဲက ကြိုးစား တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကလည်း ငြင်းဆိုလို့မရတဲ့ အချက်ပါပဲ။ အခု ရရှိထားတဲ့ အဆင့်ဟာဆိုရင် မျိုးစေ့အဆင့်ကနေ အစို့အညှောက် ပေါက်တဲ့အဆင့်သို့ ရောက်ရှိလာပြီလို့ ပြောရမှာဖြစ်ပါတယ်။ အစို့အညှောက်ဘဝကနေ အဆင့်ဆင့် ရှင်သန်ကြီးထွားဖို့ ဆိုတာ ကတော့ ကျွန်တော်တို့ အားလုံး မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရမယ့် အမျိုးသားရေး တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ တခြားရွေးချယ်စရာ နည်းလမ်းမရှိဘဲ၊ လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများ ခိုင်မာပြီး အသွင်ကူးပြောင်းရေးကိစ္စအရပ်ရပ် လမ်းမှန် ကမ်းမှန်ဖြစ်စေဖို့ မိမိတို့အားလုံး မဖြစ်မနေ လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ မြန်မာ နိုင်ငံသားအားလုံးမှာ တာဝန်ရှိ ပါတယ်။ နိုင်ငံရေးအပြောင်းအလဲများနဲ့ အသွင်းကူးပြောင်းဖြစ်စဉ်များ ဒီအဆင့်ကို ရောက်လာဖို့ဆိုတာ အစိုးရတစ်ဖွဲ့တည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ရောက်ရှိလာခြင်း မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့များ၊ တပ်မတော်နဲ့ နိုင်ငံသား တစ်ဦးချင်းစီက ကျရာကဏ္ဍကနေပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း ဝိုင်းဝန်း အားထုတ်ကြိုးပမ်း လုပ်ဆောင်ခဲ့ကြလို့ ယခုလိုအခြေအနေကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခု ၂ နှစ်ကျော် ကာလမှာ တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ထွန်းမှု အဆင့်ဆင့်ကို ရေရာသေချာတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာဖို့ဆိုရင် မိမိတို့ထားရှိရမယ့် တူညီတဲ့ ရည်မှန်းချက်တွေဟာလည်း ခိုင်မာတဲ့ ရပ်တည်ချက်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ထားရှိရမယ့် တူညီတဲ့ ရည်းမှန်းချက်တွေဟာ လက်တွေ့ကျဖို့လည်း လိုအပ်ပြီး ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ မျိုးဆက်အတွက် သာမကဘဲ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်ပါ ခိုင်မာတဲ့၊ အာမခံချက်ရှိတဲ့ နိုင်ငံရေးအနာဂတ် ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းများ ပါဝင်တဲ့ အုတ်မြစ်တွေ ချနေခြင်း ဖြစ်တယ်လို့ ရှုမြင်ကြရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ရှင်းလင်းတင်ပြ လိုပါတယ်။ နိုဝင်ဘာလမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ EU-Myanmar Task Force ဆွေးနွေးပွဲ များ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ပြည်သူအများကို အကျိုးပြုတဲ့ အမျိုးသား စီးပွားရေး စနစ်တစ်ရပ် ပိုင်ဆိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကနေတဆင့် အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ရေး ကိစ္စတွေကို ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလ အတွင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေအတွက် အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီ စနစ် ရှင်သန်ရေးနဲ့ အမြစ်တွယ်ခိုင်မာရေး၊ မတူညီကွဲပြားမှုတွေ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းမှာ တန်းတူရည်တူရှိမှုနဲ့ အပြန်အလှန် လေးစားမှုရှိရေး၊ လူများစုက လူနည်းစုရဲ့ လိုလားချက်များကို အလေးထားရေး၊ ပွင့်လင်းလွတ်လပ်ပြီး တည်ငြိမ်မှုရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေး မှာ နိုင်ငံသား အားလုံးပါဝင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်မြင့်မားလာရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု အပါအဝင် ကမ္ဘာ့စီးပွားရေး စနစ်နဲ့ ပြန်လည်ချိတ်ဆက်မိရေးဆိုတဲ့ ကိစ္စရပ်များဟာ အထူးအရေးကြီးပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂနိုင်ငံများအကြား ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် EU-Myanmar Task Force ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ရာမှာ အစိုးရ၊ လွှတ်တော်များ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ လုံခြုံရေးအဖွဲ့အစည်းများ အချင်းချင်း အဆင့်ဆင့် အလွှာပေါင်းစုံ ချိတ်ဆက် လုပ်ဆောင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့လည်း သိရှိရပါတယ်။ EU- Myanmar Task Force ကို ဖွဲ့စည်းနိုင်ခြင်းဟာ ဥရောပသမဂ္ဂနိုင်ငံများနဲ့ မြန်မာနိုင်ငံအကြား ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် အစပြု ထူထောင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီကနေ့ အချိန်ကာလလို မြန်မာနိုင်ငံအနေနဲ့၊ သိက္ခာရှိတဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံ အနေနဲ့ ကမ္ဘာ့မိသားစုနိုင်ငံများအကြား ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်း နေချိန်မှာ အခုလို ဘက်စုံဆက်ဆံရေး ပုံစံတစ်ခု အစပြုနိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများနဲ့ မိမိအစိုးရ တာဝန်ရှိဝန်ကြီးများ၊ ဝန်ထမ်းများကိုလည်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုလို ကိစ္စရပ်များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြမယ်ဆိုရင်တော့ များမကြာမီ ကာလမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ မိသားစု အလယ်မှာ သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်လို့ လိုင်ဇာဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လိုင်ဇာဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုများဟာလည်း အောင်မြင်မှု ရရှိပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် အဆင့်ဆင့် ဖြစ်ထွန်းမှုများ ဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားဆွေးနွေးပွဲများကို အခြေခံပြီး ဒီဇင်ဘာလမှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကြားကာလမှာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ မြန်ဆန်သွက်လက်စေဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံက တာဝန်ပေးအပ်ထားတဲ့ အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံ  အခြေပြုရာဒေသ အားလုံးကို သွားရောက်ညှိနှိုင်းလျက်ရှိကြောင်း ကိုလည်း သိရှိထားပါတယ်။ အခုလို ဆောင်ရွက်မှုများဟာ မိမိတို့အားလုံး လက်တွဲပူးပေါင်း လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးရဲ့ ထက်သန်သော စိတ်ရင်းစေတနာမှန်ကို ပြသနေခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ရှုမြင်ပါကြောင်း ပြောကြားလိုပါတယ်။ အလျဉ်းသင့်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ စပ်လျဉ်းတဲ့ အချက်တစ်ချက်ကို ဒီနေရာမှာ ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ၂ဝ၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို စတင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်ခေါ်ခဲ့တဲ့ အစဦး ကာလတွေမှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ မယုံကြည်မှု၊ သံသယဖြစ်မှုတွေ များစွာရရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလို တက်လှမ်းနိုင်ခြင်းဟာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ စိတ်ရင်းစေတနာမှန်ကို အခြေခံတဲ့ အောင်မြင်မှုများလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဋ္ဌာန် ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့  ယခု တစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေး ညှိနှိုင်းရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်တဲ့ တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် သဘောတူညီမှု ရယူခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အခြားဖြစ်ထွန်းမှု တစ်ရပ်အနေနဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ စတင်ထိတွေ့ ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါတယ်။ ယခုလို ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ကျွန်တော့်အနေနဲ့ ကြိုဆို အားပေးလျက် ရှိကြောင်း ပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီဇင်ဘာလ ထဲမှာ ကျင်းပမယ့် ဘားအံ ညီလာခံများကနေ အစွန်းတရားများကို ရှောင်နိုင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုများကတစ်ဆင့် ရလဒ်ကောင်းများ ရရှိပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများ အဆင့်လိုက် တိုးမြှင့်လုပ်ဆောင်သွားနိုင် မယ်လို့ မျှော်လင့်လျက် ရှိကြောင်း ပြောကြားလို ပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ ချမှတ်ထားတဲ့ ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ရဲ့ အဓိက အစိတ်အပိုင်းများဖြစ်တဲ့ ကျေးလက် ဒေသ လျှပ်စစ်မီး ရရှိရေးနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိပါတယ်။ ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောကြားလိုတာကတော့ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို အမျိုးသားအဆင့် စီမံချက်များချမှတ်ပြီး ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ အမျိုးသား ကျန်းမာရေး တည်ဆောက်မှုရဲ့ အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်တဲ့ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် မိမိတို့နိုင်ငံမှာ ရှိနေပြီးဖြစ်တဲ့ ရေအရင်းအမြစ် များစွာကို ပေါင်းစည်း ထားသည့် ရေစီမံခန့်ခွဲမှု စနစ်နဲ့ ထိရောက်စွာ အသုံးချနိုင်ဖို့ အမျိုးသားရေး လိုအပ်ချက် အဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြတဲ့ အခါမှာ ကျွန်တော့်အနေနဲ့ အရေးကြီးဆုံး အချက်လို့ ရှုမြင်တဲ့ ကိစ္စရပ်ကတော့ လက်တွေ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ နိုင်ငံရေး ဦးဆောင်မှု ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရေး ခေါင်းဆောင်များ အားလုံးအနေနဲ့ ဒီမိုကရေစီအရေးကို နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ် အလယ်လပ်တဲ့ အစွန်းနှစ်ပါးကို ရှောင်ရှားပြီး မိမိတို့နိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း၊ ယခု ပစ္စုပ္ပန်အခြေအနေနဲ့ အနာဂတ်အတွက် အကျိုးအပြစ်တို့ကို ရှုမြင်သုံးသပ်ကာ နိုင်ငံရေး ရင့်ကျက်မှုရှိရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ယခု ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားဖြည့်ရာ ရောက်စေမယ့် ချဉ်းကပ်မှုများနဲ့ ကိုင်တွယ် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်း ပြောကြားအပ်ပါတယ်။

တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ဟာ ဆိုရင် ၉၃ နှစ်မြောက် အမျိုးသားနေ့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားနေ့ အခါသမယမှာဆိုရင် ကျွန်တော်တို့ဟာ အတိတ်ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နိုးကြားလာမှု တွေဟာ ပြည်သူများအကြားမှာ နိုင်ငံရေး အသိစိတ်နိုးကြားမှုနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လိုမှုတွေကို မြင့်မားလာစေခဲ့တယ်ဆိုတာကို ပြန်လည် အမှတ်ရ ကြမှာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး စတင်ခဲ့တဲ့ နိုင်ငံရေးနိုးကြားမှု၊ ဒီနိုင်ငံရေး နိုးကြားမှုကို အခြေခံတဲ့ နိုင်ငံရေးဖြစ်စဉ်၊ အမျိုးသားစည်းလုံး ညီညွှတ်မှုအားနဲ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလိုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ယခုအချိန်မှာလည်း လွတ်လပ်ရေး ရယူစဉ်ကာလကလို အမျိုးသားစည်းလုံးညီညွှတ်မှု အားတစ်ခု တည်ဆောက်ပြီး မိမိတို့ မြင်တွေ့လိုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာအောင်ဆိုရင် လက်ရှိရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ဖြစ်စဉ်တွေ ဆက်လက်ရှင်သန်ဖို့ လိုပါတယ်။ ဒီလိုဆက်လက် ရှင်သန်မှလဲ ခိုင်မာတဲ့ အသွင်ကူးပြောင်းရေးအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ ပြည်သူလူထု အများစု လိုလားတဲ့ ဒီမိုကရေစီစနစ် ပီပြင်စွာ ပေါ်ပေါက် လာစေရေးနဲ့ အမြစ်တွယ် ခိုင်မာစေရေးအတွက် လက်ရှိဖြစ်စဉ်တွေ ဆက်လက် ရှင်သန်အောင်၊ ခိုင်မာတဲ့ အသွင်ကူးပြောင်းရေး အဆင့်ဆင့်ကို တက်လှမ်း နိုင်အောင်၊ အမျိုးသားစည်းလုံး ညီညွှတ်မှုအားနဲ့ တည်ဆောက် သွားကြပါလို့ တိုက်တွန်း ပြောကြားလို ပါတယ်။

နိဂုံးချုပ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၄၄) နှစ်ကြာပြီးမှ ကျင်းပပြုလုပ်ခွင့် ရခဲ့တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံး ငါတို့ လုပ်နိုင်တယ်လို့ ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။ အဝေးကနေ လာရောက်ကြတဲ့ မိမိတို့ရဲ့ အာဆီယံမိသားစုဝင် အားကစား သမားတွေကို ကူညီကြဖို့၊ ကာကွယ်စောင့်ရှောက်ကြဖို့ မိမိတို့မှာ တာဝန်ရှိပါတယ်။ ကူညီစောင့်ရှောက်ပေးကြဖို့နဲ့ အားကစား ပြိင်ပွဲများမှာ နိုင်ငံကြီးသားပီသစွာ မျှမျှတတ အားပေးကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

From:သမ္မတရုံး

No comments:

Post a Comment