Saturday, December 14, 2013

အာရှအဆင့်ပြိုင်ပွဲများ မြန်မာနိုင်ငံ၌ လက်ခံကျင်းပနိုင်ကြောင်း အာဆီယံ နိုင်ငံများက မှတ်ချက်ပြု

စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များစွာရှိသဖြင့် ဝေဖန်ခံနေရသော ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ အိမ်ရှင်မြန်မာနိုင်ငံမှာ အာရှအဆင့် အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည့် အနေအထားရှိနေပြီဟု အာဆီယံနိုင်ငံများမှ အားကစားဝန်ကြီးများက မှတ်ချက်ပြုခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။ SEA Games ပြိုင်ပွဲကျင်းပရန် တည်ဆောက်ထားသည့် အားကစားကွင်း၊ အားကစားရုံများမှာ နိုင်ငံတကာ အဆင့်ရှိပြီး အာရှအဆင့် ပြိုင်ပွဲများပင် လက်ခံကျင်းပနိုင်ပြီ ဖြစ်ရာ ယင်းပြိုင်ပွဲများ ကျင်းပပြု လုပ်ရန် ကမ်းလှမ်းမှုများရှိကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံဂုဏ်ကို မြင့်တက်စေကြောင်း၊ SEA Games ပြိုင်ပွဲ မကျင်းပမီ အစောပိုင်း ကာလက ပြိုင်ပွဲဝင်နိုင်ငံများ၏ အားကစားဝန်ကြီးများအဆင့် တွေ့ဆုံပွဲတွင် အာဆီယံ နိုင်ငံများက အထင်အမြင် သေးခဲ့ကြသော်လည်း နောက်ဆုံးအကြိမ် တွေ့ဆုံပွဲတွင်မူ ၎င်းတို့၏ သဘော ထား ပြောင်း ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 မြားပစ်အားကစားနည်းတွင် ကမ္ဘာ့အဆင့်ရှိသည့် တောင်ကိုရီးယား နိုင်ငံသည်ပင် မြန်မာနိုင်ငံ၏ မြားပစ်ကွင်းကို အံ့သြခဲ့ရပြီး ကမ္ဘာ့မြားပစ်ပြိုင်ပွဲ ကျင်းပရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲကျင်းပနိုင်ရန် ညှိနှိုင်းမှု များ ပြု လုပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။ ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရန် ဝဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားရုံများကို နေပြည်တော်တွင် အသစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းကွင်းများအတွက် ကုန်ကျစရိတ်နှင့် ပြိုင်ပွဲအတွက် မည်မျှကုန်ကျ ခဲ့ကြောင်းကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

No comments:

Post a Comment