Saturday, May 4, 2013

လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုကို ယှဉ်တွဲပြီး တွေးကြစေချင်ပါတယ်


မေသင်္ကြန်ဟိန်(မြစ်မခ)



ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မှာ သတင်း စာလွတ်လပ်ခွင့် ကို ကျမတို့ သတင်းသမား တွေ အဓိကထားပြီး ပြောဆိုနေကြတာတွေ ကြား ရ တွေ့ရပါတယ်။
လွတ်လပ်စွာ ရေးသားခွင့်ဆိုရာမှာလည်း တစ်ဦး နဲ့ တစ်ဦး လွတ်လပ်စွာ ဆက်သွယ်ခွင့်နဲ့ သ တင်း အချက်အလက်တွေ အမြင်တွေ ယူဆချက်တွေကို လက်ခံရယူနိုင်ခွင့်လို့ မှတ်သားထား ခဲ့ ပါတယ်။

မည်သူမဆို လွတ်လပ်စွာ ထုတ်ခွင့်ရှိပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ဒီမိုကရေစီ အတွက် လိုအပ်သလို၊ အရေးကြီးပါတယ်။ အဲဒါကြောင့်လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ကျမ တို့သတင်းသမားတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး၊ အားလုံးနဲ့ သက်ဆိုင်တယ်လို့ပဲ နား  လည်ထားပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းစ ကာလမို့လား မသိဘူး၊ ကျမတို့ တိုင်းပြည်မှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာကို နားလည်မှုလွဲနေတာ တွေ့ရသလို၊ တစ်လွဲအသုံးချလာတာမျိုးတွေလည်း တွေ့မြင်လာရပါတယ်။

ဂျာနယ်အချို့တွေမှာ မောင်နဲ့ နှမ၊ သားနဲ့အမိ ဖတ်ဖို့ မသင့်တော်တဲ့ တာတွေကို ဆောင်းပါး အနေနဲ့ ရေးသားကြသလို၊ မကြားဝန့်မနာသာရှိလှတဲ့ မူခင်း သတင်းတွေကို ဓါတ်ပုံနဲ့တကွ ကျင့်ဝတ်မဲ့စွာ ရေးသားဖော်ပြလာကြတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရုံးတော်က တရားခံလို့ မသတ်မှတ်သေးတဲ့ သံသယရှိသူကို တရားခံအနေနဲ့ရေးသား သုံးစွဲလာကြတာ မျိုးကစပြီး ၊လူမှုကွန်ယက်ပေါ်က ပုဂ္ဂိုလ်ရေး ဓါတ်ပုံတွေကိုလည်း ကာယကံ ရှင်ခွင့်ပြုချက်တောင် တောင်းခံခြင်းမရှိဘဲ၊ ကျင့်ဝတ်မဲ့စွာ ဂျာနယ်မှာ ကူးယူ ဖော်ပြလာကြတာ ကိုလည်း တွေ့မြင်ရပါတယ်။

ဒါ့အပြင် ပြည်သူ လူထုအတွက် အကျိုးမရှိတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားချက်တွေကို စာမျက် နှာ များများပေးပြီး အကျယ်တ၀င့်ရေးသားတာတွေအပြင် အချင်းချင်း ဆဲတာ ဆိုတာတွေကို စာ တစ်ပုဒ်ဖြစ်အောင် ရေးသာလာကြတာလည်း မြင်တွေ့လာရပါတယ်။

ဒီလိုတွေ တွေ့လာရတော့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ဆိုတာ ကိုယ်ရေးချင်တာ ရေးလို့ ရတဲ့ ကိစ္စလို့ပဲ ခပ်လွယ်လွယ်တွေးထင်နေကြသလားဆိုတာလည်း စဉ်းစားလာရပါတယ်။

ကိုယ့်မှာ လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုတဲ့ အမြင်သာ စွဲနေပြီး၊ တာဝန်ယူမှုနဲ့ ကျင့်ဝတ်နဲ့ အညီ တည်ကြည်စွာ ရေးသားမယ်ရမယ်ဆိုတဲ့ အမြင် ပျောက်ဆုံးနေတာမျိုးများ ဖြစ်နေသလား ။

ဒီလို တာဝန်မဲ့စွာ၊ ဆင်ခြင်မဲ့စွာ၊ ကျင့်ဝတ်မဲ့စွာ ရေးသားဖော်ပြမှုတွေကြောင့် နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အခြေခံ စံနှုန်းတွေကြားမှာ ပဋိပက္ခဖြစ်စေတာလည်း တွေ့ရပါတယ်။

လိုက်နာရမဲ့ သတင်းစာကျင့်ဝတ်၊စည်းကမ်းကို လေးစားလိုက်နာမှု မရှိဘဲ ရေးသားနေဦးမယ်ဆို ရင်တော့ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေနဲ့ တိုင်းပြည်နဲ့ပြည်သူအတွက် အန္တရာယ်ကြီးမား လာနိုင်တာကို ဆင်ခြင် သတိပြုသင့်ပါတယ်။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ရေးသားမှုမှာ ကျင့်ဝတ်စည်းမျဉ်းမရှိဘူး ဆိုရင် အခြားလူတွေကို ထိခိုက်စေရုံသာမက အခြားသူများရဲ့ အခွင့်အရေးကိုပါ ထိပါးလာတာကို သတင်းမီဒီယာ သမား တိုင်း နားလည်သင့်တာပါပဲ။ တကယ်ပဲ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ရေးသားမှုမျိုးကိုသာ ထုတ် ဝေဖြန့် ချိသင့်တာပါ။
မြန်မာပြည် ဒီမိုကရေစီခရီးမှာ ဒီမိုကရေစီ ပေတံဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် ဆို တာ ရရှိကြဖို့ လိုအပ်သလို၊ လွတ်လပ်စွာ ရေးသားခွင့်လို့ ပြောမယ်ဆိုရင် ရေးသားတဲ့ သူအနေ နဲ့ တာဝန်ယူမှုနဲ့ ကျင့်ဝတ်လိုက်နာမှု ဆိုတာကိုလည်း တွဲလျက် သဘောပေါက် လိုက်နာ ဖို့ လို အပ်နေပါတယ်။

လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုကို ယှဉ်တွဲပြီး တွေးကြစေချင်တော့တာပါပဲ။

No comments:

Post a Comment